နေပြည်တော် အောက်တိုဘာ ၂၅
ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်းရှိ စာသင်တိုက်များ၊ ဘုန်းတော်ကြီးကျောင်းများ၊ သီလရှင်ကျောင်းများတွင် သီတင်းသုံးလျက်ရှိသည့် သံဃာတော်များနှင့် သီလရှင်များအား အစာအိမ် အူလမ်းကြောင်းနှင့် အသည်းရောဂါဖောင်ဒေးရှင်း(မြန်မာ)မှ ကမ္ဘာ့အသည်းရောင်ရောဂါနေ့ အထိမ်းအမှတ် အသည်းရောင်/အသားဝါဘီပိုး ရောဂါကာကွယ်ဆေးထိုးနှံခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ပျဉ်းမနားမြို့နယ် မဟာဓမ္မိကာရာမ အုန်းတောပရိယတ္တိစာသင်တိုက်၌ ကျင်းပသည်။
အခမ်းအနားသို့ ပျဉ်းမနားမြို့ မင်္ဂလာဇေယျုံ ပါဠိတက္ကသိုလ်ကျောင်းတိုက် ပဓာနနာယကဆရာတော် အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဝိမလဗုဒ္ဓိမထေရ်မြတ် အမှူးပြုသော ဆရာတော်၊ သံဃာတော်အရှင်သူမြတ်များ ကြွရောက်ချီးမြှင့်တော်မူကြပြီး သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်နှင့် ဇနီး၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းနှင့် ဦးမြင့်စိုး၊ အစာအိမ်၊ အူလမ်းကြောင်းနှင့် အသည်းဖောင်ဒေးရှင်း(မြန်မာ)မှ နာယကကြီး ဒုတိယဗိုလ်ချုပ်ကြီး(အငြိမ်းစား) အောင်သန်းထွဋ်နှင့် အလှူရှင် Ever Meter Co.,Ltd မှ ဦးမျိုးအောင်၊ အသည်းအထူးကုပါရဂူ ဒုတိယဗိုလ်မှူးကြီး (အငြိမ်းစား) ပါမောက္ခဒေါက်တာ ကျော်စိုးထွန်း နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးနှင့် နေပြည်တော်ကောင်စီဥက္ကဋ္ဌ အမှူးပြုသော ဧည့်ပရိသတ်များက ပျဉ်းမနားမြို့ မင်္ဂလာဇေယျုံ ပါဠိတက္ကသိုလ်ကျောင်းတိုက် ပဓာနနာယက ဆရာတော် အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဝိမလဗုဒ္ဓိ မထေရ်မြတ်ထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး ဆရာတော်၊ သံဃာတော်များအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။
ယင်းနောက် အစာအိမ်အူလမ်းကြောင်းနှင့် အသည်းရောဂါဖောင်ဒေးရှင်း(မြန်မာ)၏ နာယက က ဖောင်ဒေးရှင်းနှင့်ပတ်သက်၍ လည်းကောင်း၊ အသည်းအထူးကုပါရဂူ ပါမောက္ခဒေါက်တာ ကျော်စိုးထွန်းက အသည်းရောင်/အသားဝါရောဂါ ဘီပိုး ကာကွယ်ဆေးထိုးနှံမှုနှင့်စပ်လျဉ်း၍ လည်းကောင်း ရှင်းလင်းလျှောက်ထားကြပြီး ပြည်ထောင်စုဝန်ကြီးနှင့် နေပြည်တော်ကောင်စီဥက္ကဋ္ဌတို့က ကျေးဇူးတင်စကား လျှောက်တင်ကြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် နေပြည်တော်ကောင်စီဥက္ကဋ္ဌတို့က ဆရာတော်၊ သံဃာတော်များအား အသည်းရောင်/အသားဝါရောဂါဘီပိုး ကာကွယ်ဆေးထိုးနှံနေမှု၊ ပျဉ်းမနား မြို့နယ် (ခုတင်-၂၀၀)ဆံ့ ဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများအဖွဲ့က ကြွရောက်လာကြသော ဆရာတော်၊ သံဃာတော်များနှင့် သီလရှင်များအား မျက်စိ၊ ခွဲစိတ်၊ အထွေထွေရောဂါများကို ကျန်းမာရေးစောင့်ရှောက်မှုပေးနေခြင်း၊ တပ်မတော်ဆေးတပ်ဖွဲ့ ဝန်ထမ်းများက ကျန်းမာရေးစောင့်ရှောက်မှု ပေးနေမှုများကို လှည့်လည်ကြည့်ရှုအားပေးသည်။
ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်းရှိ စာသင်တိုက်များ၊ ဘုန်းတော်ကြီးကျောင်း ၁၇၅ ကျောင်း၊ သီလရှင်ကျောင်း ငါးကျောင်းတို့တွင် သီတင်းသုံးလျက်ရှိသည့် သံဃာတော်အပါး ၁၁၀၀ နှင့် သီလရှင် ၁၉ ပါး စုစုပေါင်း ၁၁၂၄ ပါးတို့အား အစာအိမ်အူလမ်းကြောင်းနှင့် အသည်းရောဂါ ဖောင်ဒေးရှင်း(မြန်မာ)မှ ကမ္ဘာ့အသည်းရောင် ရောဂါနေ့ အထိမ်းအမှတ် အသည်းရောင်/အသားဝါ ဘီပိုး ရောဂါကာကွယ်ဆေးထိုးနှံခြင်းကို အောက်တိုဘာ ၂၅ ရက်တွင် ပထမအကြိမ်အဖြစ် လည်းကောင်း၊ နိုဝင်ဘာ ၂၅ ရက်တွင် ဒုတိယအကြိမ်အဖြစ်လည်းကောင်း၊ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၂၅ ရက်တွင် တတိယအကြိမ်အဖြစ်လည်းကောင်း သုံးကြိမ်အပြည့် အခမဲ့ ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်