Skip to main content

ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင် မန္တလေးတိုင်းဒေသကြီး ဟိုတယ်နှင့်ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းဆောင်ရွက်

နေပြည်တော် အောက်တိုဘာ ၂၅

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်သည် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ မြန်မာ-ရုရှား ခရီးသွားမြှင့်တင်ရေး ရင်းနှီးကျွမ်းဝင်မှုဆိုင်ရာခရီးစဉ် (Familiarization Trip-FAM Trip) အစီအစဉ်ဖြင့် မြန်မာနိုင်ငံသို့ ဖိတ်ခေါ်သည့်ခရီးစဉ်တွင် လိုက်ပါလာသည့် ရုရှားခရီးသွားကိုယ်စားလှယ်များအား ယနေ့ နံနက်ပိုင်းတွင် မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကြိုဆိုနှုတ်ဆက်၍ အမှတ်တရပန်းစည်း ပေးအပ်သည်။

တက်ရောက်

ကြိုဆိုပွဲအခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် စီးပွားရေးရာဝန်ကြီး၊ ရုရှား-မြန်မာချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးအသင်းမှ ဒုတိယဥက္ကဋ္ဌ Mr. Alexander OSTROVSKIY နှင့် မြန်မာနိုင်ငံဆိုင်ရာ ရုရှားသံရုံးမှ စီးပွားရေးကိုယ်စားလှယ် Mr. Vladimir Kazadaev၊ ဟိုတယ်နှင့်ခရီးသွားဆိုင်ရာအသင်းအဖွဲ့များမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနအနေဖြင့် မြန်မာ-ရုရှားချစ်ကြည်ရေးအသင်းနှင့် ပူးပေါင်း၍ “Welcome Russia Program in Myanmar” အစီအစဉ်ကို မြန်မာနိုင်ငံ၏ ခရီးစဉ်ဒေသများသို့ ရုရှားခရီးသွားဧည့်သည်များ ပိုမိုသိရှိလာရောက်လည်ပတ်စေရန်နှင့် မြန်မာနိုင်ငံ၏ ခရီးသွားဆွဲဆောင်မှုများကို ရုရှားခရီးသွားဈေးကွက်တွင် မြှင့်တင်နိုင်ရန် ရည်ရွယ်ချက်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ ယခု FAM Trip ခရီးစဉ်တွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ လိုင်စင်ရပြည်ပခရီးစဉ်ဆောင်ရွက်သူများ၊ သတင်းနှင့်ရုပ်သံဌာနတို့မှ ကိုယ်စားလှယ် ၄၃ ဦးတို့ပါဝင်ပြီး ရုရှားဖက်ဒရေးရှင်းနိုင်ငံ မော်စကို၊ ဗလာဒီဗော့စတော့၊ နိုဗိုစီဗစ်နှင့် ဆိုက်ဘေးရီးယား၊ အီတာရင်ဘတ် အစရှိသော ဒေသများမှ ခရီးသွားကုမ္ပဏီများနှင့် မီဒီယာများမှ ကိုယ်စားလှယ်များပါဝင်ကြောင်း၊ မြန်မာနိုင်ငံ၏ အထင်ကရခရီးစဉ်ဒေသများဖြစ်သော ရန်ကုန်၊ မန္တလေး၊ ပုဂံ၊ အင်းလေး၊ ကော့သောင်း၊ ငပလီ၊ ငွေဆောင်အစရှိသည့် ခရီးစဉ်ဒေသများကို သွားရောက်လည်ပတ်ကြမည်ဖြစ်ရာ ဒေသအလိုက် ခရီးသွားဆွဲဆောင်မှုများနှင့် အတွေ့အကြုံများ၊ ရိုးရာအစား အစာများကို မြည်းစမ်းကြရမည်ဖြစ်ကြောင်း။

ရုရှားခရီးသွားများ မြန်မာနိုင်ငံသို့ ပိုမိုလည်ပတ်နိုင်ရန် ရန်ကုန်-မန္တလေး-နိုဗိုစီဗစ်-မန္တလေး- ရန်ကုန် တိုက်ရိုက်လေကြောင်းခရီးစဉ်ကို မြန်မာအပြည်ပြည် ဆိုင်ရာလေကြောင်းလိုင်း (Myanmar Airways International -MAI)က စက်တင်ဘာ ၅ ရက်က စတင်ပြီး ပျံသန်းပြေးဆွဲလျက်ရှိသောကြောင့် FAM Trip ကို လိုက်ပါသည့် ကိုယ်စားလှယ်များအနေဖြင့် မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်နိုင်ရန် ခရီးစဉ်များရေးဆွဲရာတွင် ကူညီဆောင်ရွက်ပေးစေလိုကြောင်း၊ မိမိတို့နိုင်ငံသို့ ပြန်လည်ရောက်ရှိသည့်အခါ မြန်မာနိုင်ငံ၏ သာယာအေးချမ်းမှု၊ လုံခြုံစိတ်ချစွာ သွားလာလည်ပတ်နိုင်မှု၊ စိတ်ဝင်စားဖွယ်ကောင်းသော ခရီးစဉ်ဒေသများအကြောင်းကို ရုရှားခရီးသွား ဧည့်သည်များထံ သတင်းစကား ပြန်လည်မျှဝေပေးစေလိုကြောင်းပြောကြားသည်။

ထို့နောက် ရုရှား-မြန်မာ ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးအသင်းမှ ဒုတိယဥက္ကဋ္ဌက ကျေးဇူးတင်စကားပြောကြားပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က နှုတ်ခွန်းဆက်စကားပြောကြားကာ ရင်းနှီးကျွမ်းဝင်မှုဆိုင်ရာခရီးစဉ်အစီအစဉ်ဖြင့် မြန်မာနိုင်ငံသို့ ဖိတ်ခေါ်သည့် ခရီးစဉ်တွင် လိုက်ပါလာသည့် ရုရှားခရီးသွားကိုယ်စားလှယ်များအား မြန်မာ့ရိုးရာအကများဖြင့် ကြိုဆိုကြသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့သည် မန္တလေးမြို့ရှိ ဌာနဆိုင်ရာများ၊ ဟိုတယ်နှင့်ခရီးသွားဆိုင်ရာအသင်းအဖွဲ့များမှ တာဝန်ရှိသူများနှင့် မင်္ဂလာမန္တလေးဟိုတယ်၌ တွေ့ဆုံပြီး ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်း ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များ၊ သက်ဆိုင်ရာအသင်းအဖွဲ့များက အားလုံးပူးပေါင်းပါဝင် ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။

 ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က အမှာစကားပြောကြားပြီး တက်ရောက်လာသူများက လုပ်ငန်းဆောင်ရွက်နေမှု၊ တွေ့ကြုံနေရသည့် စိန်ခေါ်မှုများနှင့် အကြံပြုချက်များကို ဆွေးနွေးတင်ပြ ကြသည်။

ပေးအပ်ချီးမြှင့်

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့သည် ၂၀၂၃-၂၀၂၄ ခုနှစ်အတွက် အာဆီယံခရီးသွားစံနှုန်းဆု (ASEAN Public Toilet Award) ရရှိသော မန္တလေး မြို့တော်စည်ပင်သာယာရေးကော်မတီနှင့် မဟာမုနိဘုရားကြီးဂေါပကအဖွဲ့တို့အား ဆုများပေးအပ်ချီးမြှင့်ကြပြီး ပြည်ထောင်စုဝန်ကြီးက တက်ရောက်လာသူများ၏ တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကာ နိဂုံးချုပ်အမှာစကားပြောကြားသည်။

ယမန်နေ့မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် လေကြောင်းမှရောက်ရှိလာသော ပြည်တွင်း ပြည်ပခရီးသွားများ မြန်မာနိုင်ငံ၏ ခရီးစဉ်ဒေသဆိုင်ရာ သတင်းအချက်အလက်များကို အလွယ်တကူသိရှိနိုင်ရန် မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်နှင့် မန္တလေးမြို့ ၆၈ လမ်းနှင့် ၂၇ လမ်းထောင့်တွင် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ ဖွင့်လှစ်ထားသည့် သတင်းပြန်ကြားရေးကောင်တာများကို ကြည့်ရှုစစ်ဆေးခဲ့သည်။ 

သတင်းစဉ်