Skip to main content

၁၉၉၃ ခုနှစ်ကတည်းက စပြိုင်ခဲ့တာပါ၊ ပြိုင်ပွဲတွေကနေ ရွှေ၊ ငွေ၊ ကြေး ဆုတံဆိပ်စုစုပေါင်း ၁၇ ခု ရခဲ့ပါတယ်၊ ဆိုင်းပညာနဲ့ပတ်သက်ပြီး လက်ဆင့်ကမ်းအမွေအနေနဲ့ ဧရာဝတီတိုင်းဒေသကြီးမှာဆိုရင် အယောက် ၁၀၀ လောက်ရှိပါတယ်

(၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဒုတိယနေ့ပြိုင်ပွဲအစီအစဉ်များကို ပြည်ထောင်စုနယ်မြေအတွင်းရှိ သတ်မှတ်နေရာအသီးသီးတွင် ကျင်းပလျက်ရှိရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့်တို့တွင် အကောင်းဆုံးစွမ်းဆောင်ခဲ့ပြီး ဗဟိုအဆင့်သို့ တက်လှမ်းခဲ့ပြီဖြစ်သော ပြိုင်ပွဲဝင်များအား တွေ့ဆုံမေးမြန်းထားသည်များကို ဖော်ပြလိုက်ပါသည်။

မောင်ငြိမ်းနေထက်

အမျိုးသားအကပြိုင်ပွဲ

မွန်ပြည်နယ်

ပြိုင်ပွဲဝင်အတွေ့အကြုံကတော့ စတုတ္ထတန်းကတည်းက ယှဉ်ပြိုင်ခဲ့တာပါ။ မနှစ်ကတော့ မပြိုင်ဖြစ်ဘူး။ ဒီနှစ်မှ ပါဝင်ယှဉ်ပြိုင်ဖြစ်တာပါ။ ပြိုင်တဲ့နှစ်တိုင်းနီးပါးလောက် ဆုတံဆိပ်တွေရပါတယ်။ အကုန်လုံးကတော့ ပထမဆုပဲ လိုချင်ကြမှာပါ။ ဒါပေမယ့် ဆုရဖို့ကတော့ အကောင်းဆုံးတွေချည်း လာရောက်ယှဉ်ပြိုင်ကြတာဆိုတော့ ကံတရားပေါ့။ နည်းပြဆရာကတော့ နေပြည်တော်မှာရှိတဲ့သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးခင်မောင်ဝင်း ဖြစ်ပါတယ်။ ပြိုင်ပွဲတွေကျင်းပပေးတာ အများကြီးကောင်းပါတယ်။ မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်တွေကို ထိန်းသိမ်းရာရောက်ပြီး မပျောက်ကွယ်သွားဖို့ ယဉ်ကျေးမှုအမွေအနှစ်တွေ ဆက်လက်တိုးပွားလာမယ်လို့လည်း ယုံကြည်ပါတယ်။ ပါဝင်ယှဉ်ပြိုင်ရတာလည်း ပျော်ပါတယ်။ အခုလို ဆို၊ က၊ ရေး၊ တီး ပြိုင်ပွဲတွေ ကျင်းပပေးတဲ့အတွက် တာဝန်ရှိသူတွေကိုလည်း ကျေးဇူးတင်ပါတယ်။

မောင်ပြည့်ဖုန်းခန့်

စန္ဒရားအတီးပြိုင်ပွဲ

ရန်ကုန်တိုင်းဒေသကြီး

စန္ဒရားအတီးစသင်တာ သုံးနှစ်ခွဲလောက်ရှိပါပြီ။ အခုလို ဆို၊ က၊ ရေး၊ တီးပြိုင်ပွဲတွေကိုတော့ အခုနှစ်မှ စပြိုင်တာပါ။ ပြိုင်ပွဲဝင်ပြိုင်ရမှာကတော့ အသက် ၁၀ နှစ်၊ ၁၅ နှစ် မဟာဂီတပြိုင်ပွဲဖြစ်ပါတယ်။ မဟာဂီတနှစ်ပုဒ်နဲ့ ကာလပေါ်တစ်ပုဒ် ပါဝင်ယှဉ်ပြိုင်ရမှာဖြစ်ပြီး မဲနှိုက်လို့ကျတာကို ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ ပြိုင်ပွဲကတော့ သီချင်းသုံးပုဒ်ပေးထားတယ်။ အဲဒီသုံးပုဒ်ထဲကနေ မဟာဂီတပဲဖြစ်ဖြစ်၊ ကာလပေါ်ပဲဖြစ်ဖြစ် မဲကျတာကို ယှဉ်ပြိုင်ရမှာပါ။ ဆုတံဆိပ်တော့ မှန်းထားပါတယ်။ ရမယ်မရဘူးဆိုတာတော့ ပြောလို့မရသေးပါဘူး။

မောင်အာရုဏ်ဦး ဝါသနာရှင်အဆင့်

အိုးစည်ပြိုင်ပွဲ

စစ်ကိုင်းတိုင်းဒေသကြီး

အခုလို ဆို၊ က၊ ရေး၊ တီး ပြိုင်ပွဲတွေကို ငယ်ငယ်တုန်းကတော့ တစ်ခါပြိုင်ဖူးပါတယ်။ ကြားကာလမှာ မပြိုင်ဖြစ်ခဲ့ဘဲ အခုတစ်ကြိမ်ရောက်မှ ပါဝင် ယှဉ်ပြိုင်ဖြစ်တာပါ။ အရင်တုန်းက ပါဝင်ယှဉ်ပြိုင် ဖြစ်တာကတော့ ဝါသနာရှင် အကပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာပါ။ ဗဟိုအဆင့် ပြိုင်ပွဲကို ရောက်ဖို့ အချိန်အကြာကြီးပေးပြီး လေ့ကျင့်ခဲ့တာပါ။ အိုးစည်ပြိုင်ပွဲမှာ အဖွဲ့သားငါးယောက် ပါဝင် ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။ အိုးစည်တီးက တစ်ယောက်၊ နှဲတစ်ယောက်၊ ဝါးတီးတစ်ယောက်၊ လင်းကွင်းတီး တစ်ယောက်၊ အကတစ်ယောက် ဖြစ်ပါတယ်။ တိုင်းဒေသကြီးနဲ့ ပြည်နယ်အသီးသီးက လက်ရွေးစင် တွေ တက်လာတာဆိုတော့ ဆုရဖို့၊ မရဖို့ကတော့ ကံတရားပါပဲ။

မထက်နဒီအောင်

ဝါသနာရှင်အဆင့် စောင်းအတီးပြိုင်ပွဲ

ရှမ်းပြည်နယ်

ကျွန်မက စောင်းအတီးအတတ်ပညာကို ဝါသနာပါလို့ သင်ယူခဲ့တာပါ။ လက်ဦးဆရာကတော့အင်းလေးဒေသက ဦးထွန်းမြင့်ဖြစ်ပါတယ်။ အရင်က ဆို၊ က၊ ရေး၊ တီးပြိုင်ပွဲကို တစ်ကြိမ်ဝင်ရောက်ယှဉ်ပြိုင်ခဲ့ဖူးပါတယ်။ ဒါပေမယ့် အခုလိုဗဟိုအဆင့်ကို မရောက်ခဲ့ပါဘူး။လက်စွမ်းပြတီးကွက်သုံးမျိုးလောက်ကို အထူးကြိုးစားပြီး လေ့ကျင့်ထားပါတယ်။ အားလုံးကတော့ ဆုရချင်ကြမှာပါပဲ။ ဗဟိုအဆင့်ကို ရောက်လာချိန်မှာ အားလုံးက တော်တဲ့လူတွေချည်းဖြစ်တာကြောင့် ဆုရဖို့ကတော့ ကြိုတင်မပြောနိုင်သေးပါဘူး။

ပတ္တမြားလှိုင်မင်း

ဆိုင်းအတီးပြိုင်ပွဲ

ဧရာဝတီတိုင်းဒေသကြီး

ကျွန်တော်တို့ ဆိုင်းအတီးပြိုင်ပွဲဝင် ရှစ်ယောက်ပါပါတယ်။ ၁၉၉၃ ခုနှစ်ကတည်းက စပြိုင်ခဲ့တာပါ။ ပြိုင်ပွဲတွေကနေ ရွှေ၊ ငွေ၊ ကြေး ဆုတံဆိပ်စုစုပေါင်း ၁၇ ခု ရခဲ့ပါတယ်။ လက်ဦးဆရာကတော့ ဟင်္သာတမြို့က ဆရာကြီး ဦးစိန်မောင်ခင်ပါ။ နောက်ထပ်ဆရာတွေကတော့ ဆရာစိန်ဗိုလ်တင့်၊ ဆရာစိန်စတင်းတို့ ဖြစ်ပါတယ်။ ဆိုင်းပညာနဲ့ပတ်သက်ပြီး လက်ဆင့်ကမ်းအမွေအနေနဲ့ ဧရာဝတီတိုင်းဒေသကြီးမှာဆိုရင် အယောက် ၁၀၀ လောက်ရှိပါတယ်။ ဒီနှစ်ပြိုင်ပွဲမှာလည်း ကျွန်တော်နဲ့အတူ အယောက် ၂၀ လောက်ပါပါတယ်။ ကျွန်တော်တို့ကတော့ အနုပညာကိုလေးစား မြတ်နိုးတန်ဖိုးထားတဲ့အတွက် ဒီဆိုင်းအတီးပညာနဲ့ပဲ အသက်မွေးဝမ်းကျောင်းကို ရပ်တည်ပါတယ်။ ဆိုင်းဝိုင်းကြီးအဖွဲ့လိုက်ကို သံစုံတီးမှာပါ။ သတ်မှတ်ထားတဲ့တီးလုံးကတော့ ဆရာကြီးတွေရဲ့ သီချင်းတစ်ပုဒ်ပါရမယ်။ မဟာဂီတထဲက သီချင်းကြီးတစ်ပုဒ်ပါရမယ်။ တိုင်းပြုပြည်ပြုသီချင်းပါရမယ်လို့ သတ်မှတ်ထားပါတယ်။ ပြိုင်ပွဲဝင်အချိန်ကတော့ မိနစ် ၃၀ ဖြစ်ပါတယ်။

မသဇင်ထက်

အမျိုးသမီးအကပြိုင်ပွဲ

မွန်ပြည်နယ်

ပါဝင်ယှဉ်ပြိုင်ရတဲ့အချိန်မှာ တီးလုံးတစ်ခွင်စာပဲ ကခွင့်ရမှာဖြစ်လို့ အားသွန်ခွန်စိုက် သက်လုံကောင်းကောင်းနဲ့ ဖျော်ဖြေတင်ဆက်သွားမှာ ဖြစ်ပါတယ်။ ပြိုင်ပွဲဖြစ်တဲ့အတွက် ပရိသတ်တွေကိုလည်း ဖမ်းစားနိုင်ပြီး ဒိုင်တွေရဲ့အကြိုက်ကိုလည်း ဖမ်းစားနိုင်မယ့် ကကွက်မျိုးတွေ ကြိုးစားကပြသွားမှာ ဖြစ်ပါတယ်။ နည်းပြကတော့ တစ်ချိန်တုန်းက နာမည်ကြီးခဲ့တဲ့ အငြိမ့်မင်းသမီးကြီး ဒေါ်ခိုင်သဇင်သင်းဖြစ်ပါတယ်။ ဆရာမကြီးဆီက ပညာတွေသင်တယ်။ ပညာတွေ လည်း ပြည့်ပြည့်ဝဝပေးပါတယ်။ ယဉ်ကျေးမှု တက္ကသိုလ်ကနေ သဘင်ပညာရပ်နဲ့ ကျောင်းပြီးတာပါ။ ဆရာ ဆရာမတွေရဲ့ သင်ကြားပေးမှုကိုဆက်ခံပြီး မြန်မာ့ယဉ်ကျေးမှု သုခုမပညာရပ်တွေ ရေရှည်တည်တံ့ဖို့ ဒီလိုဆို၊ က၊ ရေး၊ တီး ပြိုင်ပွဲတွေ နှစ်စဉ်ကျင်းပပေးစေချင်ပါတယ်။      ။