Skip to main content

နိုင်ငံတော်အစိုးရအနေနဲ့ အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးကို အမြော်အမြင်ကြီးစွာနဲ့ ဆောင်ရွက်ပေးတဲ့အတွက် မျိုးဆက်သစ်အနုပညာရှင်တွေအားလုံးက ဝမ်းမြောက်ဝမ်းသာနဲ့ ပူးပေါင်းပါဝင် ဝင်ရောက်ယှဉ်ပြိုင်နေကြပါပြီ

တွေ့ဆုံမေးမြန်း - အောင်ရဲသွင်၊ အေးအေးသန့်၊ ဓာတ်ပုံ - ကိုအေးသန်း

အမျိုးသားယဉ်ကျေးမှုအမွေအနှစ်များ၊ မြန်မာ့ရိုးရာအနုသုခုမပညာရပ်များကို ဖော်ထုတ်နိုင်ရန်နှင့် လူငယ်မျိုးဆက်သစ်များကို နိုင်ငံနှင့်လူမျိုး၊ အမျိုးသားယဉ်ကျေးမှုတို့၏ ဂုဏ်သိက္ခာကို တန်ဖိုးထားထိန်းသိမ်းတတ်စေရန် (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးကို နေပြည်တော်တွင် ကြီးကျယ်ခမ်းနားစွာ ကျင်းပလျက်ရှိသည်။

အဆိုပါပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိကြသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ ပြိုင်ပွဲဝင်များ၊ အကဲဖြတ်ပညာရှင်များ၊ တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ ၎င်းတို့၏ ရင်တွင်းခံစား ချက်များကို ဖော်ထုတ်ရေးသား တင်ပြ လိုက်ပါသည်-

ဦးခင်မောင်တင့် (ဥပဒေချုပ်-ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့)

ကျွန်တော်က ပဲခူးတိုင်းဒေသကြီး အဆို၊ အက၊ အရေး၊ အတီး ဦးစီးကော်မတီဥက္ကဋ္ဌဖြစ်ပါတယ်။ ဒီပြိုင်ပွဲကြီးအတွက် ကြိုတင်ပြင်ဆင်မှုအနေနဲ့ အောက်တိုဘာ ၁ ရက်ကနေ ၂၁ ရက်အထိ ပြိုင်ပွဲဝင်တွေကို စခန်းသွင်းလေ့ကျင့်ပါတယ်။ စခန်းသွင်းပြိုင်ပွဲဝင်တွေရရှိဖို့အတွက် ဩဂုတ်လကုန်မှာ ခရိုင်အဆင့်ပြိုင်ပွဲတွေကျင်းပခဲ့ပါတယ်။ စက်တင်ဘာလမှာ တိုင်းဒေသကြီးအဆင့် ပြိုင်ပွဲတွေကျင်းပပြီးတဲ့အခါမှာ ပြိုင်ပွဲဝင် ၂၁၇ ဦး ရရှိပါတယ်။ ပြိုင်ပွဲဝင်တွေကို ပဲခူးမြို့မှာ စခန်းသွင်းလေ့ကျင့် ပြီး ၂၂ ရက်မှာ နေပြည်တော်ကို ရောက်ရှိပါတယ်။ (၂၃)ကြိမ်မြောက် ပြိုင်ပွဲမှာ ပဲခူးတိုင်းဒေသကြီးက အဆင့်(၄)နေရာရရှိခဲ့ပါတယ်။ ဒီနှစ်မှာ ပြိုင်ပွဲဝင်အင်အားလည်းများတယ်။ ပြိုင်ပွဲဝင်ဘာသာရပ်တွေလည်းများတဲ့အတွက် ဘာသာစုံဝင်ပြိုင်နိုင်ဖို့ အကောင်းဆုံးကြိုးစားထား ကြပါတယ်။

အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီး ကျင်းပပေးတဲ့အတွက် အလွန်ဝမ်းသာရပါတယ်။ မြန်မာ့ရိုးရာယဉ်ကျေးမှု အနုပညာတွေက ဒီလိုနည်းနဲ့မှ ပြန်လည်ဖော်ထုတ်ခွင့်ရမှာဖြစ်ပါတယ်။ ဒီလိုပွဲကြီးမျိုးမကျင်းပဘူးဆိုရင် မြန်မာ့ယဉ်ကျေးမှု အနုပညာတွေက တိမ်ကောသွားနိုင်ပါတယ်။ နိုင်ငံတော်အစိုးရအနေနဲ့ အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးကို အမြော်အမြင်ကြီးစွာနဲ့ ဆောင်ရွက်ပေးတဲ့အတွက် မျိုးဆက်သစ်အနုပညာရှင်တွေအားလုံးက ဝမ်းမြောက်ဝမ်းသာနဲ့ပူးပေါင်းပါဝင် ဝင်ရောက်ယှဉ်ပြိုင်နေကြပါပြီ။ ဒီပြိုင်ပွဲကြီးဟာတန်ဖိုးရှိတဲ့ ပွဲကြီးဖြစ်ပါတယ်။ ကျွန်တော်တို့ တိုင်းဒေသကြီးမှာ လူငယ်ဝါသနာရှင်တွေရှိပါတယ်။ အဲဒီလူငယ်တွေလည်း ပြိုင်ပွဲဝင်နိုင်အောင် ဆောင်ရွက်နေပါတယ်။ ပညာရှင်လူကြီးတွေက သေသေချာချာ လေ့ကျင့်သင်ကြားပေးကြပါတယ်။ ပညာရှင်တွေက မြေတောင်မြှောက်ပေးတဲ့အတွက် အခုလိုပြိုင်ပွဲဝင်အင်အားများများနဲ့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ခြင်း ဖြစ်ပါတယ်။

ဒေါ်ခိုင်ဝါ(အကဲဖြတ်ပညာရှင်)

ကျွန်မက ကာလပေါ် အဆိုပြိုင်ပွဲမှာ အကဲဖြတ်ပညာရှင်အဖြစ် တာဝန်ယူဆောင်ရွက်ပါတယ်။ ကာလပေါ်အဆိုပြိုင်ပွဲမှာ အသံကောင်းတဲ့ကလေးတွေပါပါတယ်။ ဆရာတွေရဲ့စနစ်တကျ သင်ကြားပေးမှုအပေါ်မှာ ကြိုးစားပြီးတက်လာတဲ့ ကလေးတွေဖြစ်ပါတယ်။ အနယ်နယ်အရပ်ရပ်ကနေ ဒီပြိုင်ပွဲလာတဲ့အခါမှာ အခက်အခဲတွေကြားထဲကနေ ကြိုးစားပြီး လာရောက်ယှဉ်ပြိုင်ကြရတယ်လို့ သိရပါတယ်။ သီဆိုတဲ့အခါမှာလည်း ကြိုးစားကြလို့ ဗဟိုအဆင့်ကို ရောက်လာကြတာဖြစ်တဲ့အတွက် သူတို့ရဲ့ယှဉ်ပြိုင်မှုတွေဟာ တစ်ဦးနဲ့တစ်ဦး မတိမ်းမယိမ်းတွေပဲ ဖြစ်ပါတယ်။ အလွန်တော်ကြပါတယ်။ ကျွန်မတို့က အသံအနေအထား၊ စာသားအနေအထား၊ စည်းဝါးမှန်ကန်မှုတွေကို ကြည့်ပြီး အမှတ်ပေးပါတယ်။

ဒီပြိုင်ပွဲကြီးကနေတစ်ဆင့် ရွက်ပုန်းသီးအနုပညာရှင်လေးတွေ ပေါ်လာတဲ့အတွက် ကျွန်မတို့အနေနဲ့ဝမ်းသာရပါတယ်။ မြန်မာတို့ရဲ့ အမျိုးသားရေးယဉ်ကျေးမှုတစ်ရပ်ဖြစ်တဲ့ အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးကို ကျင်းပတဲ့အခါ တိုင်းရင်းသားပေါင်းစုံက ပြိုင်ပွဲဝင်တွေ ပါဝင်လာပါတယ်။ ဒီပြိုင်ပွဲဝင်တွေက အသံကောင်းကြတယ်။ စည်းဝါးမှန်မှန်လည်း ဆိုတတ်ကြတယ်။ တတ်ကျွမ်းတဲ့ ဆရာ၊ ဆရာမတွေက ထိထိမိမိနဲ့ပိုပြီး သင်ကြားပေးမယ်ဆိုရင် နောက်ထပ်လည်း ရွက်ပုန်းသီးတွေအများကြီး ပေါ်ထွန်းလာနိုင်ပါတယ်။ ဒီပြိုင်ပွဲကြီးကို လာရောက်ယှဉ်ပြိုင်ကြတဲ့အတွက် အလွန်ဝမ်းသာပါတယ်။ နောက်နှစ်တွေမှာလည်း တိုင်းဒေသကြီးနဲ့ ပြည်နယ်အသီးသီးက ပြိုင်ပွဲဝင်တွေ ကြိုးစားပြီး ပျော်ပျော်ရွှင်ရွှင်နဲ့ လာရောက်ယှဉ်ပြိုင်ကြဖို့ ဖိတ်ခေါ်ပါတယ်။

မောင်တိုးပွားအောင် (မန္တလေးတိုင်းဒေသကြီးကိုယ်စားပြု ပြိုင်ပွဲဝင်)

ကျွန်တော်က အကပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။ အကပြိုင်ပွဲမှာ သီချင်းသုံးပုဒ် လေ့ကျင့်ရပါတယ်။ ဒီထဲကမှ တစ်ပုဒ်ကိုမဲနှိုက်ပြီး ကျရာတစ်ပုဒ်ကိုပိုင်နိုင်စွာ ကပြယှဉ်ပြိုင် ရပါတယ်။ အရင်နှစ်တွေတုန်းကလည်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ဒုတိယဆုငွေတံဆိပ်ကို ရရှိခဲ့ပါတယ်။ ဒီနှစ်ကတော့ ရွှေတံဆိပ်ရဖို့ မျှော်မှန်းထားပါတယ်။ အကပညာရပ်ကို စတုတ္ထတန်းကတည်းက စတင်သင်ယူခဲ့ပါတယ်။ နောက်အနုပညာကျောင်းတက်ပြီး အကပညာကို တစိုက်မတ်မတ် လေ့လာသင်ယူကပြယှဉ်ပြိုင်နေတာဖြစ်ပါတယ်။ ဒီလိုပြိုင်ပွဲတွေ ကျင်းပပေးတဲ့အတွက် လာမယ့်မျိုးဆက်သစ်တွေ အနုပညာရပ်ကို ပိုမိုလုပ်ဆောင်နိုင်စွမ်းရှိလာပါမယ်။ ယဉ်ကျေးမှုအနုပညာရပ်တွေလည်း မပျောက်ပျက်နိုင်တော့ပါဘူး။ ဒါကြောင့် ပြိုင်ပွဲကျင်းပပေးတာကို ကျေးဇူးတင်ရှိပါတယ်။

မနန်းနန္ဒာချမ်းမြေ့ (ကရင်ပြည်နယ်ကိုယ်စားပြု ပြိုင်ပွဲဝင်)

ကျွန်မက အခြေခံပညာအဆင့် (အသက် ၁၅ နှစ်မှ ၂၀ နှစ်အတွင်း) အမျိုးသမီးအကပြိုင်ပွဲမှာ ကရင်ပြည်နယ် ကိုယ်စားပြုအနေနဲ့ ဝင်ရောက်ယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်။ အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲမှာ ပထမဆုံးအနေနဲ့ ဝင်ရောက်ယှဉ်ပြိုင်တာဖြစ်လို့ စိတ်လှုပ်ရှားမှုတွေရှိပေမယ့် အကောင်းဆုံးယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်။ ဒီပြိုင်ပွဲကြီး ကျင်းပပေးတဲ့အတွက် အကျိုးကျေးဇူးတွေ အများကြီးရရှိစေပါတယ်။ နောင်လာမယ့် အနာဂတ်မျိုးဆက်သစ် လူငယ်တွေကိုလည်း ဝင်ပြိုင်စေချင်ပါတယ်။ ကျွန်မတို့လို ဝါသနာပါတဲ့ လူငယ်တွေအတွက် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲက အရေးပါတဲ့ပွဲကြီး တစ်ပွဲပဲဖြစ်ပါတယ်။

မောင်ဇော်ရဝေထွန်း (ရှမ်းပြည်နယ်ကိုယ်စားပြု ပြိုင်ပွဲဝင်)

ကျွန်တော်က အခြေခံပညာအဆင့် (အသက် ၁၀ နှစ်မှ ၁၅ နှစ်အတွင်း) အမျိုးသားစန္ဒရားအတီးပြိုင်ပွဲမှာ ရှမ်းပြည်နယ် ကိုယ်စားပြုအနေနဲ့ ဝင်ရောက်ယှဉ်ပြိုင်တာ ဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ ဒီစန္ဒရားပြိုင်ပွဲကို ပထမဆုံးဝင်ပြိုင်တာ ဖြစ်ပါတယ်။ ကျွန်တော်က စန္ဒရားပညာရပ်ကို အသက်၇ နှစ်အရွယ်ကတည်းက လေ့လာခဲ့တာပါ။ ရွှေတံဆိပ်ဆုကိုရအောင်ယူဖို့ မျှော်မှန်းထားပါတယ်။ ကျွန်တော်ဒီပြိုင်ပွဲကြီးကို ဝင်ရောက်ယှဉ်ပြိုင်ဖို့အတွက် အများကြီးကြိုးစားခဲ့ရပါတယ်။ ကျွန်တော်က မြို့နယ်နဲ့ခရိုင်တွေမှာ ကြိုးစားခဲ့လို့ ရွှေတံဆိပ်ဆုတွေရခဲ့ပါတယ်။ ဗဟိုအဆင့်မှာလည်း ရွှေတံဆိပ်ဆုပဲ မျှော်မှန်းထားပါတယ်။ ဗဟိုအထိ တက်ခွင့်ရလို့လည်း အလွန်ဝမ်းသာမိပါတယ်။

မောင်လင်းညီညီခန့် (မွန်ပြည်နယ်ကိုယ်စားပြု ပြိုင်ပွဲဝင်)

ကျွန်တော်က ဝါသနာရှင်အဆင့် (ဒုတိယတန်း) အမျိုးသားအကပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။ အကောင်းဆုံးယှဉ်ပြိုင်နိုင်ဖို့အတွက် ကြိုးစားလေ့ကျင့်ထားပါတယ်။ အရင်ကလည်း အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲတွေမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။ ဆုတွေလည်း အများကြီးရထားပါတယ်။ ဒီနှစ်လည်းရွှေတံဆိပ်ရရှိအောင် ကြိုးစားယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်။ အခုလိုပြိုင်ပွဲတွေ ကျင်းပပေးတာ အများကြီးအကျိုးရှိစေပါတယ်။ မျိုးဆက်သစ်တွေကိုလည်း လက်တွဲခေါ်လို့ရသလို တိုင်းဒေသကြီးနဲ့ ပြည်နယ်အသီးသီးက အကပညာရှင်တွေ အများကြီးထွက်ပေါ်လာနိုင်ပါတယ်။ ဒါကြောင့် ပြိုင်ပွဲပြုလုပ်ပေးတာကို အများကြီးကျေးဇူးတင်ရှိပါတယ်။

မနန်းထက်ထက်အောင် (တနင်္သာရီတိုင်းဒေသကြီးကိုယ်စားပြု ပြိုင်ပွဲဝင်)

ကျွန်မက အခြေခံပညာအဆင့် (အသက် ၁၅ နှစ်မှ ၂၀ နှစ်အတွင်း) အမျိုးသမီးအကပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင် သွားမှာဖြစ်ပါတယ်။ ဒီပြိုင်ပွဲကြီးကို ဝင်ရောက်ယှဉ်ပြိုင်နိုင်ဖို့အတွက် အများကြီးကြိုးစားခဲ့ရပါတယ်။ ဗဟိုအဆင့်ရောက်ဖို့အတွက် ဆရာရော ကျွန်မပါ ပင်ပင်ပန်းပန်း ကြိုးစားအားထုတ်ခဲ့ရပါတယ်။ ဒီပြိုင်ပွဲမှာ ရွှေတံဆိပ်ဆုရရှိအောင် အကောင်းဆုံးကြိုးစားသွားမှာပါ။ ပြိုင်ပွဲယှဉ်ပြိုင်စဉ်ကာလအတွင်း တိုင်းရင်းသားပေါင်းစုံနဲ့ တွေ့ခွင့်ရတဲ့အတွက် ဝမ်းသာရသလို တနင်္သာရီတိုင်းဒေသကြီးအတွက် ကိုယ်စားပြုခွင့်ရတဲ့အတွက်လည်း ဂုဏ်ယူရပါတယ်။

မောင်အေးချမ်းအောင် (ရခိုင်ပြည်နယ်ကိုယ်စားပြု ပြိုင်ပွဲဝင်)

ကျွန်တော်က အခြေခံပညာအဆင့် (အသက် ၁၀ နှစ်မှ ၁၅ နှစ်အတွင်း) အမျိုးသားစန္ဒရားအတီးပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်။ စန္ဒရားပြိုင်ပွဲကို ပထမဆုံးဝင်ရောက်ယှဉ်ပြိုင်တာ ဖြစ်ပါတယ်။ ဒီပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ဖို့အတွက် ပြိုင်ပွဲစတင်တော့မယ်ဆိုကတည်းက ကြိုးစားလေ့ကျင့်ခဲ့ပါတယ်။ ရွှေတံဆိပ်ဆုရရှိဖို့အထိ မျှော်မှန်းပြီး ကြိုးစားသွားမှာဖြစ်ပါတယ်။ စန္ဒရားအတီးကို Grade-2 ကတည်းက လေ့လာခဲ့တာဖြစ်ပါတယ်။ ဒီပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခွင့်ရလို့ အလွန်ပျော်ပါတယ်။ ပြိုင်ပွဲဝင်ခါနီးရင်တော့ စိတ်လှုပ်ရှားမှုတွေ ဖြစ်ပါတယ်။ ဒီပြိုင်ပွဲကြီးမှာ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးက တိုင်းရင်းသား အများကြီးနဲ့တွေ့ရလို့ အလွန်ဝမ်းသာမိပါတယ်။