နေပြည်တော် အောက်တိုဘာ ၂၅
စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းမြို့နယ်ရှိ ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်(စစ်ကိုင်း)တွင် ဝိဇ္ဇာဘွဲ့၊ သိပ္ပံဘွဲ့သင်တန်းအမှတ်စဉ် (၁၆) သင်တန်းဆင်းပွဲနှင့် အလုပ်ခန့်အပ်လွှာပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါဒီဂရီကောလိပ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဖြိုးသန့်၊ စစ်ကိုင်းတိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုး၊ နယ်စပ်ရေးရာဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်နှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ အထူးဖိတ်ကြားထားသော ဧည့်သည်တော်များ၊ အလုပ်ခန့်အပ်လွှာပေးအပ်မည့် ဝန်ကြီးဌာနများမှ ကိုယ်စားလှယ်များ၊ ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် (စစ်ကိုင်း)ကျောင်းအုပ်ကြီး၊ ဒုတိယကျောင်းအုပ်ကြီး၊ ညွှန်ကြားရေးမှူးများ၊ ပါမောက္ခ/ဌာနမှူးများ၊ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ၎င်းတို့၏ မိဘဆွေမျိုးများ တက်ရောက်ခဲ့ကြသည်။
တာဝန်ပေးခန့်အပ်သွားမည်
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက သင်တန်းဆင်းဂုဏ်ပြုအမှာ စကားပြောကြားရာ၌ ယခုအချိန်ကာလတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဦးဆောင်မှုဖြင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် အလေးထားဆောင်ရွက်လျက်ရှိရာ နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် မဟာဗျူဟာ၊ မူဝါဒ၊ ရည်မှန်းချက်များချမှတ်၍ ထိရောက်အောင်မြင်စွာ ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှုအကောင်အထည်ဖော်ရေးဗဟိုကော်မတီ၊ လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ် (၁/၂၀၂၃)တွင် ဗဟိုကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၏ “ဒီဂရီကျောင်းဆင်း ကျောင်းသား၊ ကျောင်းသူများအား မိမိဒေသအုပ်ချုပ်ရေးနှင့် ဒေသဖွံ့ဖြိုးရေးအတွက် MSME လုပ်ငန်းများတွင် ဦးဆောင်ပါဝင် ဆောင်ရွက်စေရန်” ဟူသော လမ်းညွှန်မှာကြားချက်အရ သင်တန်းဆင်းမောင်တို့ မယ်တို့ကို အဆိုပါလမ်းညွှန်ချက်နှင့်အညီ သက်ဆိုင်ရာဝန်ကြီးဌာနလေးခုဖြစ်သည့် ပြည်ထဲရေးဝန်ကြီးဌာန၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာနတို့တွင် တာဝန်ပေးခန့်အပ်သွားမည်ဖြစ်ပါကြောင်း၊ နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်လာနိုင်သည်နှင့်အမျှ တိုင်းရင်းသားလူမျိုးများအကြား အပြန်အလှန်နားလည်မှု၊ ယုံကြည်မှုများ ပိုမိုရရှိလာပြီး တည်ငြိမ်အေးချမ်းမှု၊ တရားဥပဒေစိုးမိုးမှုများ တိုးတက်လာမည်ဖြစ်ပါကြောင်း၊ တစ်နိုင်ငံလုံးအကြားအလပ်မရှိ ဖွံ့ဖြိုးတိုးတက်ရေးသည် နိုင်ငံတော်အတွင်း မှီတင်းနေထိုင်ကြသည့် နိုင်ငံသားအားလုံးနှင့်သက်ဆိုင်ပြီး အရေးကြီးသည့် အခန်းကဏ္ဍတစ်ခုဖြစ်ပါကြောင်း။
ထို့ကြောင့် နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းစဉ်များ၌ တိုင်းရင်းသားလူငယ်များ ထဲထဲဝင်ဝင် ပါဝင်ဆောင်ရွက်နိုင်စေရန်နှင့် ထူးချွန်ထက်မြက်သော လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်ပေးနိုင်ရေးအတွက် ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ် (စစ်ကိုင်း)နှင့် ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်(ရန်ကုန်၊ စစ်ကိုင်း)တို့ကို တည်ထောင်ဖွင့်လှစ်သင်ကြားပေးလျက်ရှိပါကြောင်း၊ ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် (စစ်ကိုင်း)ကို စတင်ဖွင့်လှစ်သည့်အချိန်မှ ယနေ့ထိ ဝိဇ္ဇာဘွဲ့ ၄၂၁ ဦး၊ သိပ္ပံဘွဲ့ ၇၇၄ ဦး၊ B-Tech ၁၃၉ ဦး၊ အင်ဂျင် နီယာဒီပလိုမာ ၇၁၈ ဦး စုစုပေါင်းတိုင်းရင်းသားလူငယ် ၂၀၅၂ ဦးတို့ကို ပြုစုပျိုးထောင်မွေးထုတ်ပေးနိုင်ခဲ့ပြီး ၎င်းတို့အနက်မှ မဟာဝိဇ္ဇာဘွဲ့ ၇၈ ဦး၊ မဟာသိပ္ပံဘွဲ့ ၁၈၁ ဦး၊ BE ၅၁၁ ဦး၊ ME ၂၂ ဦး၊ B-Teah ၂၀၇ ဦး ရရှိခဲ့ပြီးဖြစ်ပါကြောင်း၊ သင်တန်းဆင်းမောင်တို့ မယ်တို့အနေဖြင့် အဆိုပါအောင်မြင်မှုများကို အတုယူကြိုးစားအားထုတ်သွားကြရန် တိုက်တွန်းမှာကြားလိုကြောင်း။
သင်တန်းဆင်းမောင်တို့ မယ်တို့အနေဖြင့် နိုင်ငံ့ဝန်ထမ်းများအဖြစ် တာဝန်ထမ်းဆောင်ကြရမည်ဖြစ်သည့်အတွက် နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်း၊ အမိန့်ညွှန်ကြားချက်များကို တိတိကျကျ လိုက်နာကျင့်ကြံနေထိုင်ကာ နိုင်ငံ့ဝန်ထမ်းများ၏ ကျင့်ဝတ်စည်းကမ်းများနှင့်အညီ အဂတိတရားလေးပါးကင်းရှင်းပြီး လုပ်ငန်းစွမ်းဆောင်ရည် မြင့်မားစွာဖြင့် ကျရာတာဝန်များကို ကျေပွန်စွာ ထမ်းဆောင်သွားကြရမည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် မိမိတို့ကျရာအခန်းကဏ္ဍအသီးသီးတွင် ပေးအပ်သောတာဝန်ဝတ္တရားများကို စေတနာထားပြီး တာဝန်သိမှု၊ တာဝန်ခံမှု၊ တာဝန်ယူမှု၊ ဇွဲ၊ လုံ့လဝီရီယ၊ ကျွမ်းကျင်မှု၊ လေ့လာဆည်းပူးမှုများဖြင့် ကြိုးစားကျင့်ကြံ၍ နိုင်ငံတော်မှ အားကိုးအားထားပြုရသည့် နိုင်ငံ့ဝန်ထမ်းကောင်းများဖြစ်လာအောင် နေထိုင်လုပ်ကိုင်ဆောင်ရွက်သွားကြရန် တိုက်တွန်းမှာကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက ဝိဇ္ဇာဘာသာရပ်ထူးချွန်ဆုရ ကျောင်းသားတစ်ဦးနှင့် သိပ္ပံဘာသာရပ်ထူးချွန်ဆုရ ကျောင်းသားတစ်ဦးတို့ကို ထူးချွန်ဆုများ ပေးအပ်ချီးမြှင့်ခဲ့ပြီး ဝန်ကြီးဌာနလေးခုမှ ကိုယ်စားလှယ်များက သင်တန်းဆင်း ကျောင်းသား၊ ကျောင်းသူ ၁၇၂ ဦးတို့ကို အလုပ်ခန့်အပ်လွှာများ ပေးအပ်သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် သင်တန်းဆင်း ကျောင်းသား၊ ကျောင်းသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြပြီး အခမ်းအနားသို့ တက်ရောက်လာကြသည့် ဧည့်သည်တော်များ၊ ဆရာ ဆရာမများ၊ သင်တန်းဆင်း ကျောင်းသား၊ ကျောင်းသူများနှင့် ၎င်းတို့၏ မိဘဆွေမျိုးများကို ခင်မင်ရင်းနှီးစွာ နှုတ်ဆက်၍ ထူးချွန်ကျောင်းသားများနှင့် ၎င်းတို့၏မိဘများအား တွေ့ဆုံကာ ဂုဏ်ပြုအားပေးစကားပြောကြားသည်။
ကြည့်ရှုစစ်ဆေး
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဒီဂရီကောလိပ်အတွင်း သာယာလှပရေးနှင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် တည်ဆောက်ရေးလုပ်ငန်းများ၊ စိုက်ပျိုးမွေးမြူရေးဆောင်ရွက်ထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ မှာကြားဖြည့်ဆည်းဆောင်ရွက်ပေးသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်(စစ်ကိုင်း)သို့ ရောက်ရှိပြီး တက္ကသိုလ်အစည်းအဝေးခန်းမ၌ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ပါမောက္ခ၊ ဌာနမှူးများနှင့် တွေ့ဆုံ၍ ပါမောက္ခချုပ်နှင့် တာဝန်ရှိသူများက တင်ပြသည့်အုပ်ချုပ်ရေး၊ စီမံခန့်ခွဲရေး၊ သင်ကြားရေးနှင့် စိုက်ပျိုးမွေးမြူရေးဆိုင်ရာ တင်ပြချက်များအပေါ် လိုအပ်သည်များ မှာကြားဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ထို့နောက် ကျောင်းပိတ်ရက်ကာလအတွင်း ဖွင့်လှစ်သင်ကြားလျက်ရှိသည့် ကွန်ပျူတာ၊ အင်္ဂလိပ်စာ၊ စိုက်ပျိုး/မွေးမြူရေး၊ စက်မှုလက်မှု၊ ဂီတ၊ အိမ်တွင်းမှု၊ ဘာသာရပ်ဆိုင်ရာသင်ပြနည်း သင်တန်းများအား လိုက်လံကြည့်ရှုစစ်ဆေး၍ ကျောင်းသား၊ ကျောင်းသူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်အားပေးသည်။ ယင်းနောက် ကျောင်းဝင်းအတွင်း ဆောင်ရွက်လျက်ရှိသည့် သာယာလှပရေး၊ အားကစားကွင်းနှင့်အားကစားရုံများ အဆင့်မြှင့်တင်ရေး၊ တည်ဆောက်ရေးလုပ်ငန်းများနှင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ မှာကြားဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်(စစ်ကိုင်း) အမှတ်စဉ်(၁၆)သင်တန်းဆင်းကျောင်းသား ကျောင်းသူများကို ဘွဲ့နှင်းသဘင်ခန်းမ၌ ဂုဏ်ပြုညစာစားပွဲဖြင့် တည်ခင်းဧည့်ခံခဲ့ပြီး ကျောင်းသား ကျောင်းသူများ၏ ဖျော်ဖြေရေးအစီအစဉ်များကို ကြည့်ရှုအားပေး၍ ဂုဏ်ပြုဆုငွေနှင့် ဂုဏ်ပြုပန်းခြင်းပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်
