Skip to main content

ဆိုင်ကလုန်းမုန်တိုင်း “ဟမွန်း” ၏ အရှိန်ကြောင့် လေပြင်းတိုက်ခတ်ခြင်းနှင့် မိုးကြီးခြင်း ဖြစ်ပေါ်နိုင်

နေပြည်တော် အောက်တိုဘာ ၂၅

ယနေ့ နံနက် ၃ နာရီခွဲ တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အရှေ့မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသော အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း “ဟမွန်း” သည် အရှေ့မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး ဆိုင်ကလုန်းမုန်တိုင်း “ဟမွန်း” အဖြစ်သို့ အားလျော့သွားခဲ့ကာ ဘင်္ဂလားဒေ့ရှ် နိုင်ငံကမ်းခြေကို စစ်တကောင်းမြို့ တောင်ဘက်အနီးမှ ဖြတ်ကျော်လျက်ရှိသည်။

ဆိုင်ကလုန်းမုန်တိုင်း “ဟမွန်း”၏ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့် အခြေအနေမရှိပါသဖြင့် အဝါရောင်အဆင့်ဟု သတ်မှတ်သော်လည်း မြန်မာနိုင်ငံ၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ် မြောက်ပိုင်းတို့သည် ဆိုင်ကလုန်း မုန်တိုင်း “ဟမွန်း” ၏ အဝန်းအဝိုင်းအတွင်းသို့ ကျရောက်နေပါသဖြင့် ဆိုင်ကလုန်းမုန်တိုင်း “ဟမွန်း” ၏ သက်ရောက်မှုကို ခံစားရနိုင်သည်။

အဆိုပါ ဆိုင်ကလုန်းမုန်တိုင်း “ဟမွန်း” သည် မြန်မာစံတော်ချိန် ၃ နာရီခွဲတွင် မြောက်လတ္တီကျု ၂၁ ဒသမ ၉ ဒီဂရီနှင့် အရှေ့လောင်ဂျီကျု ၉၁ ဒသမ ၉ ဒီဂရီတွင်ရှိပြီး ဗဟိုချက်လေဖိအား ၉၉၆ ဟက်တို ပါစကယ်နှင့် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီ လျှင် ၄၅ မိုင်မှ မိုင် ၅၀ နှုန်းခန့် ဖြစ်သည်။

အဆိုပါ ဆိုင်ကလုန်းမုန်တိုင်း “ဟမွန်း” သည် အရှေ့မြောက်ဘက်သို့ ဆက်လက်ရွေ့လျားပြီး ကုန်းတွင်းမုန်တိုင်းအဖြစ် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်တို့ကို ဖြတ်ကျော်နိုင်သည်ဟု ခန့်မှန်းရပါသည်။ ထို့နောက် အရှေ့မြောက်ဘက်သို့ ဆက်လက်ရွေ့လျားနိုင်ပြီး အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်တွင် ကုန်းတွင်းမုန်တိုင်းငယ် အနေဖြင့်လည်းကောင်း၊ အိန္ဒိယနိုင်ငံနှင့် မြန်မာနိုင်ငံ ချင်းပြည်နယ် နယ်စပ်ဒေသများတွင် အားကောင်းသော လေဖိအားနည်းရပ်ဝန်းအနေဖြင့်လည်းကောင်း အားလျော့သွားနိုင်သည်ဟု ခန့်မှန်းရသည်။

ဆိုင်ကလုန်းမုန်တိုင်း “ဟမွန်း”၏ အရှိန်ကြောင့် ယနေ့နံနက်မှ ၂၆.၁၀.၂၀၂၃ ရက်အတွင်း စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း နှင့် တောင်ပိုင်း)၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ် တို့တွင် နေရာအနှံ့အပြားနှင့် နေပြည်တော်နှင့် ရှမ်းပြည်နယ် (အရှေ့ပိုင်း)တို့တွင် နေရာကျဲကျဲမှ နေရာစိပ်စိပ် မိုးထစ်ချုန်းရွာပြီး စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် ဒေသအလိုက်နှင့် နေရာကွက်၍ မိုးကြီးနိုင်သည်။ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးမည်။ မိုးသက်လေပြင်း ကျစဉ် ရေပြင်/ မြေပြင် လေသည် တစ်နာရီလျှင် မိုင် ၄၀ အထိ တိုက်ခတ်နိုင်သည်။ လှိုင်းအမြင့်မှာ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင်တို့တွင် ကိုးပေမှ ၁၂ ပေခန့် ရှိနိုင်သည်။

သို့ဖြစ်ပါ၍ ဆိုင်ကလုန်းမုန်တိုင်း “ဟမွန်း” ၏ အရှိန်ကြောင့် လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြီးခြင်း၊ ရုတ်တရက် ရေကြီးခြင်းနှင့်အတူ မြေပြိုခြင်းများ ဖြစ်ပေါ်နိုင်ပါသဖြင့် ကုန်းမြင့်ဒေသအနီးတွင် နေထိုင်ကြသူများအနေဖြင့် မြေပြိုမှုအန္တရာယ်ကိုလည်းကောင်း၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံမှုများ ဖြစ်ပေါ်နိုင်သောကြောင့် ကြိုတင်သတိပြုနေထိုင်ကြပါရန်နှင့် ပြည်တွင်း လေကြောင်းပျံသန်းရေးနှင့် ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းရေယာဉ်များ၊ သင်္ဘောများအနေဖြင့်လည်း ကြိုတင်သတိပြုရှောင်ရှားနိုင်ပါရန် အသိပေး နှိုးဆော်အပ်ပါသည်။  

 မိုး/ဇလ