Skip to main content

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကော်မတီအစည်းအဝေး (၂/ ၂၀၂၃)သို့ တက်ရောက် အမှာစကားပြောကြား

နေပြည်တော် အောက်တိုဘာ ၂၅

အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီ အစည်းအဝေး (၂/၂၀၂၃) ကို ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ စက်မှုဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက် အမှာစကားပြောကြားသည်။

အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်၊ ဒေါက်တာ ကံဇော်၊ ဒေါက်တာ ချာလီသန်း၊ ဦးထွန်းအုံနှင့် ဒေါက်တာမျိုးသိန်းကျော်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးများ၊ လုပ်ငန်းကော်မတီဝင်များနှင့် အသင်းအဖွဲ့များမှ တာဝန်ရှိသူများ တက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များက ဗီဒီယိုကွန်ဖရင့်ဖြင့် တက်ရောက်ကြသည်။

ချိတ်ဆက်ညှိနှိုင်းဆောင်ရွက်လျက်ရှိ

ဦးစွာ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး (MSME) လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က အမှာစကားပြောကြားရာတွင် MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီ၏ ပထမအကြိမ် (၁/၂၀၂၂) အစည်းအဝေးကို ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၁၅ ရက်နေ့နှင့် ဒုတိယအကြိမ် (၁/၂၀၂၃) အစည်းအဝေးကို ၂၀၂၃ခုနှစ်၊ ဇွန် ၈ ရက် ရက်နေ့တို့တွင် ကျင်းပပြုလုပ်ခဲ့ပြီးMSME ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အရေးပါသည့် ဆုံးဖြတ်ချက်များ ချမှတ်ခဲ့ကာ သက်ဆိုင်ရာ ဝန်ကြီးဌာန၊ အဖွဲ့အစည်းများ၊ ဒေသဆိုင်ရာအေဂျင်စီများ ချိတ်ဆက်ညှိနှိုင်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း။

ယခုအစည်းအဝေးသည် လုပ်ငန်းကော်မတီ၏ တတိယအကြိမ်ကျင်းပသည့် အစည်းအဝေးဖြစ်ပြီး ရည်ရွယ်ချက်များအနေဖြင့် နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်မှာကြားချက်ဖြစ်သည့် သေချာသော ပြည်တွင်းကုန်ကြမ်းများကို အသုံးပြုသည့် စိုက်ပျိုးရေးဆိုင်ရာ ထုတ်လုပ်မှုလုပ်ငန်းများဖြစ်သော စားသုံးဆီ၊ ဆန်နှင့် ဆန်ကွဲ၊ ပီလောပီနံ၊ ရော်ဘာ၊ ဝါ၊ ကော်ဖီ၊ လက်ဖက်လုပ်ငန်းများ၊ သစ်၊ ကြိမ်၊ ဝါး များကို အခြေခံသည့် ထုတ်လုပ်မှုလုပ်ငန်းများ၊ မွေးမြူရေး အသား၊ ငါးကို အခြေခံသည့် ထုတ်လုပ်မှုလုပ်ငန်းများကို အားပေးမြှင့်တင်ဆောင်ရွက်ရာတွင် ကြုံတွေ့နေရသည့် အခက်အခဲများကို ကူညီဖြေရှင်းပေးနိုင်ရေးအတွက် ဝိုင်းဝန်းအကြံပြု ဆွေးနွေးပေးနိုင်ရန်၊ လုပ်ငန်းကော်မတီ၏ အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် သက်ဆိုင်ရာဝန်ကြီးဌာန၊ အဖွဲ့အစည်းများ၊ ဒေသဆိုင်ရာအေဂျင်စီများက ပြီးပြတ်အောင် ဆောင်ရွက်နိုင်ရေး တွန်းအားပေးလုပ်ဆောင်နိုင်ရန်နှင့် ရှေ့ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ ချမှတ်ဆောင်ရွက်နိုင်ရန်အတွက် ကျင်းပရခြင်းဖြစ်ကြောင်း။

အဓိကကျသည့်သော့ချက်ဖြစ်

နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုသည် နိုင်ငံ၏ ရေခံမြေခံ ပထဝီအနေအထားနှင့် အပြန်အလှန်ဆက်စပ်လျက်ရှိပြီး နိုင်ငံတစ်ခုလုံး အေးချမ်းသာယာ စည်ပင်ဝပြောရေး၊ ခေတ်မီဖွံ့ဖြိုးသည့် နိုင်ငံတော်တည်ဆောက်ရေး လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှုအတွက် အဓိကကျသည့် သော့ချက်ဖြစ်ကြောင်း။

နိုင်ငံတစ်ခုအတွက် စီးပွားရေးဦးမော့လာစေရန်အတွက် ဦးစားပေးလုပ်ဆောင်ရမည့် လုပ်ငန်းကဏ္ဍပေါင်း များစွာရှိသည့်အနက် MSME များကို အားပေးမြှင့်တင်ခြင်းသည် အဓိကအခန်းကဏ္ဍတစ်ခုအဖြစ် ပါဝင်နေကြောင်း၊ MSME များသည် စီးပွားရေးလုပ်ငန်းများတွင် အဓိကအရေးပါသော အခြေခံလုပ်ငန်းများဖြစ်သည့်အတွက် MSME များကို အားပေးမြှင့်တင်ခြင်းဖြင့် နိုင်ငံ့စီးပွားကို ဖွံ့ဖြိုးတိုးတက်လာစေပြီး နိုင်ငံသားများအတွက် အလုပ်အကိုင်အခွင့်အလမ်းကို မြှင့်တင်ပေးနိုင်မည်ဖြစ်ကြောင်း၊ ၂၀၁၅ ခုနှစ်တွင် ချမှတ်ခဲ့သည့် မြန်မာနိုင်ငံ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးမူဝါဒမှာ MSME ကဏ္ဍ၏ အရေးပါပုံကို အထူးအလေးထားဖော်ပြထားကြောင်း၊ MSME ကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာပါက စီးပွားရေးမတည်ငြိမ် သည့် ကြားကာလများမှာပင် နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုအား ထိန်းကျောင်း ပေးနိုင်စွမ်းရှိကြောင်းကို လေ့လာသိရှိရကြောင်း။

 မျှော်မှန်းချက်များ ချမှတ်ဆောင်ရွက်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံရေးရည်မှန်းချက် (၂) ရပ် ဖြစ်သည့် “စစ်မှန်စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီစနစ် ခိုင်မာစေရေး”နှင့် “ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေး” ၊ အမျိုးသားရေး ရည်မှန်းချက် (၂) ရပ် ဖြစ်သည့် “တိုင်းပြည်သာယာဝပြောရေး” နှင့် “စား၊ ရေ၊ ရိက္ခာ ဖူလုံရေး”တို့ကို နိုင်ငံတော်၏ မျှော်မှန်းချက်များအဖြစ် ချမှတ်ဆောင်ရွက်လျက်ရှိကြောင်း။

အဆိုပါမျှော်မှန်းချက်များကို ဖြည့်ဆည်းနိုင်ရေးအတွက် ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် လက်တွေ့ အကောင်အထည်ဖော်နိုင်ရေး ဦးတည်ချက်(၉)ရပ်တို့ကို ချမှတ်ခဲ့ကာ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ စီးပွားရေးဦးတည်ချက် (၃)ရပ်ထဲတွင် “တိုင်းပြည်သာယာဝပြောရေးနှင့် စား၊ ရေ၊ ရိက္ခာ ဖူလုံရေးတို့အတွက် တိုင်းရင်းသားပြည်သူ တစ်ရပ်လုံးနှင့် အကျုံးဝင်သော စိုက်ပျိုးရေးနှင့် မွေးမြူရေးကို ခေတ်မီနည်းစနစ်များဖြင့် တိုးတက်အောင်ဆောင်ရွက်ပြီး အခြားစီးပွားရေးကဏ္ဍများကိုလည်း ဘက်စုံဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်ရေး” နှင့် “တိုးတက်ကောင်းမွန်လာသည့် စီးပွားရေးမောင်းနှင်အားကို မဏ္ဍိုင်ပြု၍ MSME စက်မှုလုပ်ငန်းများကို အားပေးဆောင်ရွက်ကာ ပို့ကုန်ကဏ္ဍမြှင့်တင်ရေး” ဆိုသည့် အချက်များလည်း ပါဝင်ပါကြောင်း။

အဆိုပါ စီးပွားရေးဦးတည်ချက်များနှင့်အညီ နိုင်ငံ့စီးပွားကို မြှင့်တင်ရေးအတွက် MSME လုပ်ငန်းများကို ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် ရေရှည်အာမခံချက်ရှိအောင် အားပေးကူညီပြီး ပြည်သူလူထုအတွက် ထုတ်ကုန်များစွာကို ဒေသအသီးသီးတွင်ရှိသည့် MSME များကို ထုတ်လုပ်ပေးခြင်းအားဖြင့် နိုင်ငံ၏ GDP တိုးတက်လာအောင် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် MSME လုပ်ငန်းများအနေဖြင့် စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အခြေခံထုတ်လုပ်သည့် ထုတ်ကုန်ပစ္စည်းများကို နိုင်ငံအတွင်း စား၊ ရေ၊ ရိက္ခာဖူလုံမှုအတွက် အဓိကထား ထုတ်လုပ်စေခြင်းမှ အဆိုပါလုပ်ငန်းများကို အခြေခံပြီး အခြားသောကဏ္ဍများဖြစ်သည့် ပြည်တွင်းပြည်ပ ရောင်းဝယ်မှု နှင့် ဝန်ဆောင်မှုကဏ္ဍများကိုလည်း ဘက်စုံတိုးတက်လာစေရန် ဆောင်ရွက်သွားကြရန် တိုက်တွန်း ပြောကြားလိုကြောင်း။

အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်က အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ အားပေးမြှင့်တင်နိုင်ရေးအတွက် တိုင်းဒေသကြီး/ပြည်နယ် အသီးသီးတွင်ရှိသည့် MSME လုပ်ငန်းရှင်များနှင့် တွေ့ဆုံပွဲ (၂၃)ကြိမ်၊ မိမိအနေဖြင့်လည်း MSME လုပ်ငန်းရှင်များနှင့် တွေ့ဆုံပွဲ (၄)ကြိမ် ပြုလုပ်ခဲ့ပါကြောင်း၊ တွေ့ဆုံပွဲများတွင် လုပ်ငန်းရှင်များက ကဏ္ဍအလိုက် လိုအပ်ချက်များ တင်ပြကြပြီး အဆိုပါတင်ပြချက်များကို ခြုံငုံကြည့်ပါက အများအားဖြင့် နည်းပညာ၊ ငွေကြေးအရင်းအနှီး၊ဈေးကွက်၊ ကုန်ကြမ်း၊ စက်ပစ္စည်းနှင့် မြေနေရာ လိုအပ်ချက်များကို အများဆုံးတင်ပြခဲ့ကြကြောင်း၊ နိုင်ငံတကာတွင်လည်း MSME များသည် ငွေကြေးအရင်းအနှီး၊ နည်းပညာ၊ ဈေးကွက်ရရှိမှု၊ ကျွမ်းကျင်လုပ်သားရှားပါးခြင်း စသည့် အခက်အခဲများနှင့် ရင်ဆိုင်နေကြရကြောင်း။

စုပေါင်းအားဖြင့် ရင်ဆိုင်ကျော်လွှား

မိမိတို့မြန်မာ့ MSME များအနေဖြင့် တွေ့ကြုံရင်ဆိုင်နေရသည့် အခက်အခဲများနှင့် အခြားသောအခက်အခဲများကို စုပေါင်းအားဖြင့် ရင်ဆိုင်ကျော်လွှားသွားရမည်ဖြစ်ပြီး ရှိနေသည့်အခွင့်အရေးများကိုလည်း အရယူပြီး ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ ပြည်တွင်းလိုအပ်ချက်ဖြစ်သည့် အခြေခံလူသုံးကုန်ပစ္စည်းများကို ပြည်ပမှ တင်သွင်းနေရမှုအစား ပြည်တွင်း MSME များမှ လိုအပ်ချက်ပြည့်မီအောင် ထုတ်လုပ်ပြီး ပြည်ပသို့ ပြန်လည်တင်ပို့နိုင် သည်အထိ ကြိုးပမ်းဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ အခြေခံလူသုံးကုန်ပစ္စည်းများ ပြည်တွင်းလိုအပ်ချက် ပြည့်မီအောင် ထုတ်လုပ်နိုင်ရန် လိုအပ်သည့် ကုန်ကြမ်းပစ္စည်းများ ဈေးကွက်အတွင်း အချိန်မီရောက်ရှိမှသာ ကုန်ထုတ်လုပ်မှုကို အမြန်ဆုံး ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် ကုန်ထုတ်လုပ်မှုတွင် သေချာသည့် ပြည်တွင်းကုန်ကြမ်းကို အသုံးပြုပြီး ထုတ်လုပ်နိုင်ရေးကို အလေးထားဆောင်ရွက်ရန် ထပ်မံတိုက်တွန်းလိုကြောင်း။

ယနေ့ခေတ် ကမ္ဘာ့စီးပွားရေးပုံစံများ အဆင့်ဆင့်ပြောင်းလဲလာခဲ့ပြီး နည်းပညာများ၊ ဆန်းသစ်တီထွင်မှုများ၊ ဒစ်ဂျစ်တယ် အသွင်ကူးပြောင်းမှုဆိုင်ရာ နည်းပညာများသည်လည်း စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အထူးသဖြင့် MSME များ ဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးပါသည့် အခန်းကဏ္ဍမှ ပါဝင်လာသည်ကို တွေ့ရှိရကြောင်း၊ MSME များ ဖွံ့ဖြိုးတိုးတက်လာစေရန် Incubation Center များ တည်ထောင်ပြီး အစပျိုးစီးပွားရေးလုပ်ငန်းများကို အားပေးမြှင့်တင်ပေးခြင်း၊ စွန့်ဦးတီထွင်လုပ်ငန်းရှင်များ ပိုမိုကောင်းမွန်လာစေရန်၊ ဆန်းသစ်တီထွင်မှုနှင့် ယှဉ်ပြိုင်နိုင်မှုများ ပိုမိုအားကောင်းလာစေရန် လိုအပ်သည်များ ကူညီပံ့ပိုးပေးနိုင်ရန် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ဈေးကွက်စီးပွားရေးစနစ်တွင် MSME များ ရှင်သန်ရပ်တည်နိုင်ရေးအတွက် ဈေးကွက်ချိတ်ဆက်နိုင်မှုနှင့် ဈေးကွက်ဖွံ့ဖြိုးမှုတို့ကလည်း အသက်သွေးကြောကဲ့သို့ အလွန်အရေးပါသည့်အတွက် ဒေသအသီးသီးတွင် ဈေးကွက်များ၊ ကုန်စည်အဝယ်ဒိုင်များ ဖွံ့ဖြိုးလာစေရေး ဆောင်ရွက်ပေးရမည်ဖြစ်ပြီး ဒေသတွင်း ထုတ်ကုန်များကိုလည်း နိုင်ငံတကာဈေးကွက်သို့ ထိုးဖောက်နိုင်ရေးအစီအမံများ ရေးဆွဲဆောင်ရွက်သွားရမည်ဖြစ်ကြောင်း။

 အောင်မြင်မှုခြေလှမ်း တစ်ရပ်

လက်တွေ့ချိတ်ဆက်ဆောင်ရွက်မှုအနေဖြင့် ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးတိုင်ဒေသကြီး ဝန်ကြီးချုပ်များ ဦးဆောင်သည့် MSME အေဂျင်စီများမှ သီလဝါအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီတို့နှင့် ပူးပေါင်းဆောင်ရွက်မှုအရ ဒေသအလိုက် MSME လုပ်ငန်းများမှ ပြည်တွင်းထုတ်ကုန်ပစ္စည်းများကို သီလဝါအထူးစီးပွားရေးဇုန်ရှိ Free ဇုန်နှင့် Promotion ဇုန်တို့မှ ကုမ္ပဏီလုပ်ငန်း ၂၈ ခုမှ လိုအပ်သည့်အမှာစာများအတိုင်း တင်ပို့ရာ ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ ဩဂုတ်လအထိ MSME လုပ်ငန်း (၃၆)ခုမှ အမှာစာကုန်ကြမ်းပစ္စည်းအမျိုးပေါင်း (၃၃)ခုကို ကာလတန်ဖိုးကျပ်သန်း ၆ ဒသမ ၅၆၂ ဘီလီယံနှင့် အမေရိကန်ဒေါ်လာ ၂၈ ဒသမ ၄ သန်းကျော် ထုတ်ကုန်ပစ္စည်း ဈေးကွက်ချိတ်ဆက်ပေးနိုင်ခဲ့သည်ကို တွေ့ရသည့်အတွက် MSME လုပ်ငန်းများ၏ အောင်မြင်မှုခြေလှမ်းတစ်ရပ်ဖြစ်သည်ဟု ပြောကြားလိုကြောင်း၊ အလားတူ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ် MSME အေဂျင်စီများကလည်း ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးတိုင်ဒေသကြီး MSME အေဂျင်စီများ၏ ဆောင်ရွက်မှုများကို နမူနာယူပြီး မိမိတို့ MSME ထုတ်ကုန်ပစ္စည်းများ၊ OROP ထုတ်ကုန်များကို နိုင်ငံတကာဈေးကွက်ရရှိရေး၊ ဈေးကွက်ယှဉ်ပြိုင်နိုင်ရေးအထိ ရည်မှန်းချက်ထားပြီး ဆက်လက်ကြိုးပမ်းဆောင် ရွက်သွားကြရန်လိုကြောင်း။

ပံ့ပိုးပေးနိုင်ရေး ဆောင်ရွက်ပေးသွားမည်

နိုင်ငံတကာဈေးကွက်ရရှိပြီး ပြည်ပပို့ကုန်အဖြစ် တင်ပို့နေသည့် ပစ္စည်းအမယ်များအပြင် အမယ်သစ်များ တိုးချဲ့တင်ပို့နိုင်ရေးနှင့် ပြည်တွင်းသွင်းကုန် အစားထိုးနိုင်ရေးအတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်များအချင်းချင်း ဒေသလိုအပ်ချက်များ၊ ဒေသတွင်းစားသုံးသူများ၏လိုအပ်ချက်များ အစရှိသည်တို့ကို အချင်းချင်း အပြန်ပြန်အလှန်လှန် ဖြည့်ဆည်းနိုင်ရေး ဒေသဆိုင်ရာ အေဂျင်စီများအချင်းချင်း အားပေးထောက်ပံ့သွားကြရန်လည်း တိုက်တွန်းပြောကြားလိုကြောင်း၊ ယင်းမှာ တိုင်းပြည်အတွင်း ကုန်သွယ်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် ပြည်ပဈေးကွက်များတွင်လည်း ယှဉ်ပြိုင်ရောင်းဝယ်မှုများ၊ ကုန်သွယ်မှုများ တိုးတက်လာစေရန် စီးပွားရေးဝန်းကျင်ကောင်းများကိုလည်း ဖန်တီးဖော်ဆောင်ပေးခြင်းဖြစ်ကြောင်း၊ ထို့ပြင် MSME များလုပ်ငန်း စတင်ထူထောင်နိုင်ရန်နှင့် လုပ်ငန်းတိုးချဲ့ဆောင်ရွက်နိုင်ရန် မရှိမဖြစ်လိုအပ်သည့် ငွေကြေးအရင်းအနှီးများကို အတတ်နိုင်ဆုံး နိုင်ငံတော်မှ ပံ့ပိုးပေးနိုင်ရေး ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း။

သို့ဖြစ်၍ ယခုအစည်းအဝေးတွင် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ရန်ပုံငွေ စီမံခန့်ခွဲမှုအဖွဲ့မှ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၈ ရက်နေ့မှစ၍ နိုင်ငံတော်မှ ရန်ပုံငွေထောက်ပံ့မှု ၁၇၀ ဘီလီယံအတွက် တန်ဖိုးမြှင့်ထုတ်ကုန် ထုတ်လုပ်သည့်လုပ်ငန်း၊ နိုင်ငံ၏ ပို့ကုန်ဝင်ငွေ တိုးတက်စေသည့်လုပ်ငန်း၊ လုပ်ငန်းအတွင်း စွန့်ပစ်ရေဆိုးများ ထိန်းသိမ်းခြင်းနှင့် ပတ်ဝန်းကျင် အန္တရာယ်ကျရောက်မှုမှ ကင်းဝေးစေရန် ဆောင်ရွက်မည့်လုပ်ငန်း၊ စွမ်းအင်ချွေတာရေးလုပ်ငန်း၊ ပြည်သူအများစု အလုပ်အကိုင်ရရှိရေး ဖန်တီးပေးနိုင်သည့်လုပ်ငန်း၊ သွင်းကုန်အစားထိုးလုပ်ငန်း၊ ဒေသထွက်ကုန်ကြမ်းကို အခြေခံသော ထုတ်လုပ်မှုလုပ်ငန်းနှင့် ပြည်သူများ၏ ကျန်းမာရေးကို ကာကွယ်စောင့်ရှောက်ရေး မြှင့်တင်သည့်လုပ်ငန်း စသည့် လုပ်ငန်းနယ်ပယ်(၈)ရပ်အပေါ် အခြေခံပြီး ချေးငွေထုတ်ချေးနိုင်ရေးကိုလည်း လိုအပ်သည့် စံသတ်မှတ်ချက်များ၊ SOP များနှင့် ပတ်သက်ပြီး မူကြမ်းရေးဆွဲထားမှုအပေါ် ယခုအစည်းအဝေးတွင် ဝိုင်းဝန်းဆွေးနွေးကာ MSME ဗဟိုကော်မတီဥက္ကဋ္ဌထံ မူအားဖြင့် အတည်ပြုနိုင်ရေးကိုလည်း ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ လက်ရှိအခြေအနေတွင် လိုအပ်သည့် အရင်းအနှီးများအတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်များအတွက် နိုင်ငံတော် ဝန်ကြီးချုပ်က နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေအဖြစ် တိုင်းဒေသကြီးနှင့် ပြည်နယ် (၁၄) ခု၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ (၅) ခုနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း (၁) ခုတို့ အတွက် ငွေကျပ် (၁၅၂) ဘီလီယံ ပေးအပ်ထားမှုအပေါ် သက်ဆိုင်ရာဝန်ကြီးချုပ်များ၊ ဒေသဥက္ကဋ္ဌများက MSME လုပ်ငန်းများအတွက် ချေးငွေများကို လိုအပ်သလိုစိစစ်ပြီး ထုတ်ချေးပေးလျက်ရှိသည်ကို သိရှိရပါကြောင်း။

အကျိုးရလဒ်များ ရရှိနိုင်

ယခင်လုပ်ငန်းကော်မတီ အစည်းအဝေးများတွင် တိုင်းဒေသကြီး/ ပြည်နယ်အလိုက် အလားအလာရှိသည့် ထုတ်ကုန်ပစ္စည်းများကို ဒေသတစ်ခု ထုတ်ကုန်တစ်ခု (OROP)အဖြစ် သတ်မှတ်ပြီး အားပေးမြှင့်တင်နိုင်ရန် လုပ်ငန်းအစီအမံများ ရေးဆွဲတင်ပြပေးကြရန် မှာကြားထားပြီးဖြစ်ကြောင်း၊ ဒေသဆိုင်ရာ အစိုးရအဖွဲ့များကလည်း မိမိတို့၏ OROPဆိုင်ရာ အစီအစဉ်များနှင့် အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ကြုံတွေ့ရသည့် အခက်အခဲများ၊ အားသာချက်/ အားနည်းချက်များကိုလည်း ယခုအစည်းအဝေးတွင် ဆွေးနွေးကြရန်နှင့် အဆိုပါ OROP အစီအစဉ်များနှင့် စက်မှုချိတ်ဆက်ဆောင်ရွက်မှု မြှင့်တင်ရေး (Industrial Linkage Promotion Plan) များကို “ပြည်တွင်း ထုတ်ကုန်အားပေးရန်၊ သွင်းကုန်အစားထိုးရန်၊ ပို့ကုန်ရရှိစေရန်” ဆိုသည့် အချက် (၃)ချက်ကို ရည်ရွယ်၍ MSME အားပေးမြှင့်တင်ရေးအစီအစဉ်များနှင့် ချိတ်ဆက်ပြီး အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဆိုပါက မိမိတို့မြန်မာ့ MSME များ ပိုမိုဖွံ့ဖြိုးတိုးတက်လာခြင်း၊ နိုင်ငံခြားသုံးငွေ လျှော့ချနိုင်ခြင်းနှင့် ပို့ကုန်များ တိုးမြှင့်ထုတ်လုပ်လာနိုင်ပြီး နိုင်ငံခြားဝင်ငွေများ ပိုမိုရရှိလာခြင်းစသည့် အကျိုးရလဒ်များ ရရှိနိုင်မည်ဖြစ်ကြောင်း၊အဆိုပါ အချက် (၃)ချက်ကို ရည်ရွယ်ပြီး MSME များကို အားပေးမြှင့်တင်ပေးရေး ဆောင်ရွက်ရာတွင် သေချာသည့် ကုန်ကြမ်း၊ လိုအပ်သည့် သွင်းအားစု၊ နည်းပညာ၊ ငွေကြေးအရင်းအနှီး ထောက်ပံ့ပေးမှုနှင့် လူ့စွမ်းအား အရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်စေရေးတို့ကို အခြေခံအုတ်မြစ်သဖွယ် အလေးထား စီမံပံ့ပိုးပေးသွားရမည်ဖြစ်ကြောင်း၊ တင်ပြရန် ကျန်ရှိနေသေးသည့် တိုင်းဒေသကြီး (၃) ခုနှင့် ပြည်နယ် (၂)ခုတို့မှ အေဂျင်စီများကလည်း အမြန်ဆုံး မိမိတို့၏ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် ဆောင်ရွက်မည့် အစီအမံများကိုတင်ပြရန် လိုအပ်ပါကြောင်း၊ MSME အဓိကကဏ္ဍဖြစ်သည့် ကုန်ကြမ်း၊ နည်းပညာ၊ အရင်းအနှီးများ မည်မျှပင် ပြည့်စုံအောင် ဖြည့်ဆည်းပေးနိုင်စေကာမူ လူ့စွမ်းအားအရင်းအမြစ် အားနည်းနေပါက MSME လုပ်ငန်းများ လျင်မြန်စွာ အရှိန်အဟုန်ဖြင့် အောင်မြင်နိုင်ရန် ခက်ခဲနေမည်ဖြစ်ကြောင်း၊ ထို့ကြောင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်လာစေရန် အဓိကမောင်းနှင်အားဖြစ်သည့် အေဂျင်စီများက ဂရုပြုပံ့ပိုး စီမံဆောင်ရွက်ပေးကြရမည်ဖြစ်ကြောင်း။

လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်လာစေရန် ဆောင်ရွက်ပေးရာတွင်လည်း MSME များ အမှန်တကယ် လိုအပ်သည့် ကျွမ်းကျင်လုပ်သားများကို TVET အစီအစဉ်များဖြင့် မွေးထုတ်ပေး ခြင်းနှင့် ခေတ်နှင့်အညီ လိုအပ်လာသည့် ကျွမ်းကျင်မှုများ တတ်မြောက်လာစေရန် ဆောင်ရွက်ပေးသွားရမည်ဖြစ်ကြောင်း၊ ဆက်စပ်သက်ဆိုင်ရာဝန်ကြီးဌာနများကလည်း ကျွမ်းကျင်လုပ်သားများ စဉ်ဆက်မပြတ် မွေးထုတ်ပေးရေးအစီအစဉ်များ ဆောင်ရွက်ပေးနေရမည်ဖြစ်ကြောင်း။

သို့ဖြစ်၍ MSME လုပ်ငန်းရှင်များ အဓိကလိုအပ်ချက်ဖြစ်သည့် မဖြစ်မနေ ဆောင်ရွက်သင့်သည့် ဒစ်ဂျစ်တယ် နည်းပညာများကို ပိုမိုဆောင်ရွက်နိုင်ရေးအတွက် မဲခေါင်- လန်ချန်း ပူးပေါင်းဆောင် ရွက်မှုအစီအစဉ်ဖြင့် ဆောင်ရွက်နေသည့် MSMEs Upskilling and Reskilling Digital Capacity Development Forum နှင့် 5 Days Hybrid Training Program of Digital Upskilling and Reskilling for Mekong-Lancang MSME လုပ်ငန်းများ၊ MSMEနှင့် ဆက်စပ်ဝန်ကြီးဌာန (၁၀) ခုဖြစ်သည့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ စက်မှုဝန်ကြီးဌာန၊ အလုပ်သမားဝန်ကြီးဌာန၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန စသည့် ဝန်ကြီးဌာနများက သင်တန်းအမျိုးပေါင်း (၂၆၀) ကို သင်တန်းအကြိမ် (၃၆၇၅)ကြိမ်၊ သင်တန်းသားပေါင်း (၁၉၈၄၆၀) ဦးတို့ကို လေ့ကျင့် သင်ကြားပေးနိုင်ခဲ့ပြီး တက်ရောက်ဆဲ သင်တန်းသား၊ သင်တန်းသူ (၉၄၁)ဦး ရှိပါကြောင်း၊ ယင်းမှာ MSME လုပ်ငန်းကော်မတီမှ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ပေးသည့် အချက်တစ်ခုဖြစ်ပါကြောင်း၊ ထို့ပြင် လုပ်ငန်းခွင်လေ့ကျင့်ပေးမှု၊ ကျွမ်းကျင်မှုအစီအစဉ်အရ လုပ်ငန်းကော်မတီ၏ အေဂျင်စီက ဦးဆောင်ပြီး စားသုံးဆီများ သန့်စင်ရေး Refinery နည်းပညာ ပံ့ပိုးရေးသင်တန်း၊ ပိတ်သားမှ နူးညံ့အောင် ပေါင်းခံခြင်း အလုပ်ရုံဆွေးနွေးပွဲ သင်တန်းများကို (၇)ကြိမ်၊ သင်တန်းသား သင်တန်းသူ (၇၃၀)ဦးတို့ကို လက်တွေ့လေ့ကျင့်သင်ကြားပေးနိုင်ခဲ့ကြောင်း၊ အလားတူ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် စက်မှုလုပ်ငန်းများမှာ အဆင့်မြင့်ပညာရပ် ဆက်လက်မသင်ကြားနိုင်ခြင်း၊ သင်ယူလိုမှုအခြေအနေ မရှိတော့သည့် လူငယ်များကို လုပ်ငန်းခွင်ကျွမ်းကျင်မှု ရရှိရေးအတွက် အနိမ့်ဆုံး KG+ 9 အောင်မြင်ပြီးသူများကို ခရိုင် (၅၁)ခရိုင် တွင် ကျောင်းပေါင်း (၅၁) ကျောင်းဖွင့်လှစ်ပြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် စက်မှုအတတ်ပညာသင်တန်းများကို ယခုနှစ်မှ စတင်ပြီး သင်ကြားပေးခဲ့ရာ သင်တန်းသား သင်တန်းသူ ၄၈၈၄ ဦး တက်ရောက် သင်ကြားလျက်ရှိကြောင်း၊ စက်မှုဘာသာရပ်တွင် သင်တန်းသား သင်တန်းသူ ၃၀၅၅ ဦး၊ စိုက်ပျိုးရေးဘာသာရပ်တွင် ၁၀၇၄ ဦး၊ မွေးမြူရေးဘာသာရပ်တွင် ၇၅၅ ဦး တက်ရောက်သင်ကြားလျက်ရှိပြီး ယခုထက် ပိုမိုသင်တန်းများ တိုးမြှင့်ဖွင့်လှစ်နိုင်ရေးကိုလည်း ကြိုးပမ်းဆောင်ရွက်သွားရန် တိုက်တွန်းပြောကြားလိုကြောင်း။

အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်

မိမိတို့နိုင်ငံသည် ဈေးကွက်စီးပွားရေးစနစ်ဖြင့် ဆောင်ရွက်နေသည့်နိုင်ငံဖြစ်ပြီး နိုင်ငံအတွက် လိုအပ်သည့် ထုတ်ကုန်များကို အပြည့်အဝထုတ်လုပ်နိုင်ရေး ပုဂ္ဂလိကလုပ်ငန်းများ၏ လိုအပ်ချက်များကို တစ်ဖက်တစ်လမ်းမှ ကူညီဆောင်ရွက်ပေးရန်လိုအပ်ကြောင်း၊ ပုဂ္ဂလိကလုပ်ငန်းများ တိုးတက်စေရေးအတွက် နိုင်ငံတော်အနေဖြင့် MSME လုပ်ငန်းများကို အားပေးဆောင်ရွက်လျက်ရှိပြီး ဗဟိုကော်မတီ၊ လုပ်ငန်းကော်မတီများမှ မူဝါဒဆိုင်ရာ လမ်းညွှန်မှာကြားချက်များအပေါ် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ ဒေသဆိုင်ရာအစိုးရနှင့် အေဂျင်စီများ၊ ပုဂ္ဂလိကအသင်းအဖွဲ့များက တာဝန်ခံခြင်း၊တာဝန်ယူခြင်းတို့ဖြင့် ထိထိရောက်ရောက် အကောင်အထည်ဖော်ဆောင်ရွက်ကာ MSME ကဏ္ဍ လျင်မြန်စွာ အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်အောင် အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်သွားကြရန် တိုက်တွန်းလိုကြောင်း ပြောကြားသည်။

ထို့နောက် လုပ်ငန်းကော်မတီအတွင်းရေးမှူး စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်က လုပ်ငန်းကော်မတီအစည်းအဝေး(၁/၂၀၂၃) အစည်းအဝေး ဆုံးဖြတ်ချက်အပေါ် ဆောင်ရွက်ထားရှိမှု အခြေအနေနှင့် လုပ်ငန်းကော်မတီ၏ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကော်မတီသို့ တင်ပြမည့်အမှာစာများကို လုပ်ငန်းကော်မတီ အတွင်းရေးမှူး၊ အေဂျင်စီဥက္ကဋ္ဌ စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်၊ လုပ်ငန်းသုံးသပ်မှုအစီရင်ခံရေးအဖွဲ့ ဥက္ကဋ္ဌ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်း၊ ရန်ပုံငွေစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းတို့က ဖတ်ကြား တင်ပြကြသည်။

ဆွေးနွေးတင်ပြ

ထို့နောက် လုပ်ငန်းကော်မတီဒုတိယ ဥက္ကဋ္ဌ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများသို့ ထုတ်ချေးထားသည့် ငွေကြေးဆိုင်ရာ အချက်အလက်များနှင့် ချေးငွေဆိုင်ရာ စည်းမျဉ်းစည်းကမ်းများအား ရှင်းလင်းဆွေးနွေးတင်ပြသည်။

ယင်းနောက် လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ပိုမိုထိရောက်ကျယ်ပြန့်စွာ ဆောင်ရွက်နိုင်ရန်တွက် ကော်မတီများဖွဲ့စည်းကာ မူဝါဒဆိုင်ရာ လမ်းညွှန်ချက်များ၊ ဆုံးဖြတ်ချက်များကို သက်ဆိုင်ရာဝန်ကြီးဌာနများ၊ သက်ဆိုင်ရာအစိုးရအဖွဲ့များ၊ အထောက်အကူပြုအဖွဲ့များ၊ အေဂျင်စီများနှင့် ပုဂ္ဂလိကအဖွဲ့အစည်းများက အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ MSME လုပ်ငန်းများအပါအဝင် ပုဂ္ဂလိကကဏ္ဍတစ်ခုလုံး ဖွံ့ဖြိုးတိုးတက်စေရန်အတွက် အဓိကလိုအပ်ချက်များဖြစ်သည့် ကုန်ကြမ်း၊ သွင်းအားစု၊ အရင်းအနှီး၊ လူ့စွမ်းအားအရင်းအမြစ် စသည့်အချက်များကို ဖြည့်ဆည်းပေးနိုင်ရေး ဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ အဆင့်မြင့်ဒစ်ဂျစ်တယ်နည်းပညာများ အသုံးပြုပြီး အရည်အသွေးမီ ထုတ်ကုန်များ ထုတ်လုပ်နိုင်ရန်အတွက် ပံ့ပိုးကူညီဆောင်ရွက်ပေးသွားမည့် အခြေအနေများ၊ MSME ထုတ်ကုန်များအွန်လိုင်းစနစ်ဖြင့် ရောင်းချနိုင်ရေးအတွက် E- Market Place for Myanmar Pro-ducts Platformကို တည်ထောင်ပေးထားပြီး ဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ ဒေသဆိုင်ရာအေဂျင်စီများအနေဖြင့် Digital Transformation တွင် လိုက်ပါဆောင်ရွက်နိုင်ရေးအတွက် လိုအပ်သည်များကို ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရန် လိုအပ်သည့်အခြေအနေများနှင့် MSME လုပ်ငန်းနှင့်သက်ဆိုင်သည့် သတင်းအချက်အလက်များ၊ လတ်တလော ဆောင်ရွက်ချက်များကို MSME Web-portal တွင် လွှင့်တင်ထားရှိမှုများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

ထို့နောက် လုပ်ငန်းကော်မတီဝင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်၊ ဦးထွန်းအုံနှင့် ဒေါက်တာ မျိုးသိန်းကျော်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ ဝန်ကြီးချုပ်များ၊ ဒုတိယဝန်ကြီးများနှင့် အသင်းအဖွဲ့များမှ ပညာရှင်များက အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ငန်းဆောင်ရွက်ချက်များနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာကဏ္ဍများအလိုက် ရှင်းလင်းဆွေးနွေးတင်ပြကြသည်။

ထို့နောက် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ရှင်းလင်းဆွေးနွေးတင်ပြချက်များကို ပေါင်းစပ်ညှိနှိုင်းပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်