နေပြည်တော် အောက်တိုဘာ ၂၅
ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးဆိုင်ရာ ဆုံးရှုံးနိုင်ခြေ အန္တရာယ်အခြေပြုကြီးကြပ်စစ်ဆေးခြင်း (AML/CFT Risk Based Supervision) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၌ ကျင်းပသည်။
အခမ်းအနားတွင် လုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေက ကြီးကြပ်ရေးအာဏာပိုင်များအနေဖြင့် မိမိတို့ကဏ္ဍအလိုက် AML/CFT ဆိုင်ရာ ကြီးကြပ်စစ်ဆေးခြင်းများ ပြုလုပ်ရာတွင် နိုင်ငံတကာစံသတ်မှတ်ချက်ဖြစ်သည့် ဆုံးရှုံးနိုင်ခြေအန္တရာယ်အခြေပြု အကဲဖြတ်ချက်နည်းလမ်း (Risk Based Approach) ဖြင့် ဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ သင်တန်းဖွင့်လှစ်ခြင်းဖြစ်ကြောင်း၊ Risk များအား အကဲဖြတ်ရာတွင် Prudential Risk Assessment နှင့် AML/CFT Risk Assessment ဟူ၍ နှစ်မျိုးရှိကြောင်း၊ ယခုသင်တန်းတွင် AML/CFT ဆိုင်ရာ Risk Assessment ပိုင်းကို ပို့ချသွားမည်ဖြစ်ကြောင်း၊ သတင်းပို့အဖွဲ့အစည်းများထံမှ သတင်းအချက်အလက်များ တောင်းခံစိစစ်သည့် ရုံးထိုင်စစ်ဆေးခြင်း (Off-site)နှင့် အဆိုပါစစ်ဆေးချက်များအရ Rating သတ်မှတ်၍ ဦးစားပေးစိစစ်ရန် လိုအပ်သည့် သတင်းပို့အဖွဲ့အစည်းစာရင်းကို ပြုစုပြီး ကွင်းဆင်းစစ်ဆေးခြင်း (On-site) ဟူ၍ ဆောင်ရွက်ရကြောင်း၊ ကြီးကြပ်ရေးအာဏာပိုင်များက ယခုသင်တန်းတွင် ဆွေးနွေးမည့် ဆုံးရှုံးနိုင်ခြေအကဲဖြတ်ချက် (Risk Assessment) နည်းလမ်းများအပေါ်အခြေခံပြီး မိမိတို့ကဏ္ဍအလိုက် ကြီးကြပ်စစ်ဆေးမှုများ ပြုလုပ်ရမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။
ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးဆိုင်ရာ ဆုံးရှုံးနိုင်ခြေ အန္တရာယ်အခြေပြုကြီးကြပ်စစ်ဆေးခြင်း (AML/CFT Risk Based Supervision) သင်တန်းတွင် ကြီးကြပ်ရေးအာဏာပိုင် ခုနစ်ဖွဲ့အတွက် မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ AML/CFT ဆိုင်ရာ Offsite နှင့် Onsite ကြီးကြပ်စစ်ဆေးမှုများကို မိမိတို့လက်တွေ့ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းအတွေ့အကြုံများဖြင့် ရှင်းလင်းဆွေးနွေးခဲ့ကြသည်။
သင်တန်းဖွင့်ပွဲအခမ်းအနားသို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ ဒေါက်တာ လင်းအောင်၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ် အရာရှိကြီးများ၊ ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးဆိုင်ရာ လုပ်ငန်းအဖွဲ့ဝင်များဖြစ်သည့် ဥပဒေရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ ငွေရေးကြေးရေး ကြီးကြပ်စစ်ဆေးရေးဦးစီးဌာန၊ အကောက်ခွန်ဦးစီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်း၊ သစ်တောဦးစီးဌာန၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ် (နိုင်ငံဖြတ်ကျော်မှုခင်းဌာနကြီး)၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ် (မှုခင်းနှင့် ဥပဒေရေးရာဌာနကြီး)နှင့် ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းရေးအဖွဲ့တို့မှ တာဝန်ရှိသူများနှင့် မြန်မာနိုင်ငံစာရင်းကောင်စီတို့မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
သင်တန်းတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ သင်တန်းသား ရှစ်ဦး၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ သင်တန်းသား ၃၄ ဦး၊ ငွေရေးကြေးရေးကြီးကြပ်စစ်ဆေးရေးဦးစီးဌာနမှ သင်တန်းသားသုံးဦး၊ ငွေချေးသက်သေခံလက်မှတ်လုပ်ငန်း ကော်မရှင်ရုံးမှ သင်တန်းသားတစ်ဦး၊ ရှေ့နေရှေ့ရပ်နှင့် စစ်ဆေးရေးဌာနမှ သင်တန်းသားနှစ်ဦး၊ မြန်မာ နိုင်ငံ စာရင်းကောင်စီမှ သင်တန်းသားနှစ်ဦး၊ မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်းမှ သင်တန်းသားနှစ်ဦး စုစုပေါင်းသင်တန်းသား ၅၂ ဦး တက်ရောက်ကြကြောင်း သိရသည်။
သတင်းစဉ်
