နေပြည်တော် အောက်တိုဘာ ၂၄
ယနေ့ ညနေ ၅ နာရီခွဲအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော်အရှေ့မြောက်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်အနောက် မြောက်ပိုင်းတို့တွင် ဖြစ်ပေါ်နေသော အားအလွန်ကောင်းသော ဆိုင်ကလုန်းမုန်တိုင်းဟမွန်းသည် အရှေ့ - အရှေ့ မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး မြန်မာနိုင်ငံ သံတွဲမြို့၏ အနောက်- အနောက်မြောက်ဘက် ရေမိုင် ၂၅၅ မိုင်ခန့်၊ စစ်တွေမြို့၏ အနောက်- အနောက်မြောက်ဘက် ရေမိုင် ၁၄၀ ခန့်၊ မောင်တောမြို့၏ အနောက်ဘက် ရေမိုင် ၁၀၅ မိုင်ခန့်၊ အိန္ဒိယနိုင်ငံ ဒီဂါမြို့၏ အရှေ့-အရှေ့တောင်ဘက် ရေမိုင် ၁၇၅ မိုင်ခန့်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ခီပူပါရာမြို့၏ တောင်- အရှေ့တောင်ဘက် ရေမိုင် ၈၀ ခန့်နှင့် စစ်တကောင်းမြို့၏ အနောက်တောင်ဘက် ရေမိုင် ၁၂၅ မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။
အားအလွန်ကောင်းသောဆိုင်ကလုန်းမုန်တိုင်း “ဟမွန်း” ၏ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့် အခြေအနေမရှိပါသဖြင့် အဝါရောင်အဆင့်ဟု သတ်မှတ်သော်လည်း မြန်မာနိုင်ငံ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်မြောက်ပိုင်းတို့သည် အားအလွန်ကောင်းသော ဆိုင်ကလုန်းမုန်တိုင်း “ဟမွန်း” ၏ အဝန်းအဝိုင်းအတွင်းသို့ ကျရောက်နေပါသဖြင့် အားအလွန်ကောင်းသော ဆိုင်ကလုန်းမုန်တိုင်း “ဟမွန်း” ၏ သက်ရောက်မှုကို ခံစားရနိုင်သည်။
တည်နေရာ၊ ဗဟိုချက်လေဖိအားနှင့် လေတိုက်နှုန်း
အဆိုပါ အားအလွန်ကောင်းသော ဆိုင်ကလုန်းမုန်တိုင်း“ဟမွန်း” သည် ညနေ ၅ နာရီခွဲတွင် မြောက်လတ္တီကျု ၂၀ ဒသမ ၇ ဒီဂရီနှင့် အရှေ့လောင်ဂျီကျု ၉၀ ဒသမ ၅ ဒီဂရီတွင်ရှိပြီး ဗဟိုချက်လေဖိအား ၉၈၅ ဟက်တိုပါစကယ်နှင့် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် ၇၅ မိုင်မှ မိုင် ၈၀ နှုန်းခန့် ဖြစ်သည်။
နောက် ၂၄ နာရီအတွင်းခန့်မှန်းချက်
အဆိုပါ အားအလွန်ကောင်းသော ဆိုင်ကလုန်းမုန်တိုင်း “ဟမွန်း” သည် အရှေ့မြောက်ဘက်သို့ ရွေ့လျားနိုင်ပြီး နောက်သုံးနာရီအတွင်း အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း “ဟမွန်း” အဖြစ်သို့ အားလျော့သွားနိုင်ကာ နောက် ၁၂ နာရီအတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကမ်းခြေကို စစ်တကောင်းမြို့တောင်ဘက်အနီးမှ ဆိုင်ကလုန်းမုန်တိုင်းအဆင့်ဖြင့် ဖြတ်ကျော်နိုင်ပြီး ကုန်းတွင်းမုန်တိုင်းငယ်အဖြစ် အရှေ့မြောက်ဘက်သို့ ဆက်လက်ရွေ့လျားနိုင်သည်ဟု ခန့်မှန်းရသည်။
သတိပေးနှိုးဆော်ချက်
အားအလွန်ကောင်းသော ဆိုင်ကလုန်းမုန်တိုင်း “ဟမွန်း” ၏ အရှိန်ကြောင့် ယနေ့ညမှ အောက်တိုဘာ ၂၆ ရက်အတွင်း စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် (မြောက်ပိုင်းနှင့် တောင်ပိုင်း)၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာအနှံ့အပြားနှင့် နေပြည်တော်နှင့် ရှမ်းပြည်နယ် (အရှေ့ပိုင်း)တို့တွင် နေရာကျဲကျဲမှ နေရာစိပ်စိပ်မိုးထစ်ချုန်းရွာပြီး စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် ဒေသအလိုက်နှင့် နေရာကွက်၍မိုးကြီးနိုင်သည်။ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီးမည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/ မြေပြင် လေသည် တစ်နာရီလျှင် ၄၅ မိုင်မှ မိုင် ၅၀ အထိ တိုက်ခတ်နိုင်သည်။ လှိုင်းအမြင့်မှာ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ၁၀ ပေမှ ၁၃ ပေခန့် ရှိနိုင်သည်။
အကြံပြုချက်
သို့ဖြစ်ပါ၍ အားအလွန်ကောင်းသော ဆိုင်ကလုန်းမုန်တိုင်း “ဟမွန်း” ၏ အရှိန်ကြောင့် လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြီးခြင်း၊ ရုတ်တရက် ရေကြီးခြင်းနှင့်အတူ မြေပြိုခြင်းများ ဖြစ်ပေါ်နိုင်သဖြင့် ကုန်းမြင့်ဒေသအနီးတွင် နေထိုင်ကြသူများအနေဖြင့် မြေပြိုမှုအန္တရာယ်ကိုလည်းကောင်း၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် မြစ်ငယ်၊ ချောင်းငယ်များ အနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံမှုများ ဖြစ်ပေါ်နိုင်သောကြောင့် ကြိုတင်သတိပြုနေထိုင်ကြပါရန်နှင့် ပြည်တွင်း လေကြောင်းပျံသန်းရေးနှင့် ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေးငါးဖမ်းရေယာဉ်များ၊ သင်္ဘောများအနေဖြင့်လည်း ကြိုတင်သတိပြု ရှောင်ရှားနိုင်ပါရန် အသိပေးနှိုးဆော်အပ်ပါသည်။
မိုး/ဇလ
