Skip to main content

မိတ်ဖက်အဖွဲ့အစည်းများနှင့် နားလည်မှုစာချွန်လွှာများ လက်မှတ်ရေးထိုး

ရန်ကုန် အောက်တိုဘာ ၂၄

မြန်မာနိုင်ငံ ဗမာတိုင်းရင်းသားလုပ်ငန်းရှင်များအသင်း (The Union of Myanmar Bamar Ethnic Entrepreneurs Association- UMBEEA) နှင့် မိတ်ဖက်အဖွဲ့အစည်းများအကြား နားလည်မှု စာချွန်လွှာလက်မှတ်ရေးထိုးပွဲအခမ်းအနားကို အောက်တိုဘာ ၂၁ ရက်က ကျင်းပရာ UMBEEA ၏ ဥက္ကဋ္ဌ ဦးကျော်ဒေဝက ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားသည်။

လက်မှတ်ရေးထိုး

ထို့နောက် မိတ်ဖက်အဖွဲ့အစည်းများ၏ ဥက္ကဋ္ဌများက လက်မှတ်ရေးထိုးရန် ကမ်းလှမ်းသည်ကို လက်ခံရသည့် အကြောင်းရင်းများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး UMBEEA ဘက်မှ ဥက္ကဋ္ဌ ဦးကျော်ဒေဝနှင့် ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်အောင် တို့က မိတ်ဖက်အဖွဲ့အစည်းများအဖြစ် Myanmar AOTS Alumni Association (MAAA)၊ Myanmar Arts and Crafts Association (MACA)၊ Myanmar Business Executives Association (MBE)၊ Myanmar Computer Industry Association (MCIA)၊ Young Entrepreneur Network Development Association (YEN-D) တို့နှင့် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာများကို လက်မှတ်ရေးထိုးကာ အထွေထွေအတွင်းရေးမှူး ဒေါ်ခင်ချောစုဝင်းက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ ဗမာတိုင်းရင်းသားလုပ်ငန်းရှင်များအသင်းသည် မြန်မာနိုင်ငံကုမ္ပဏီများ မှတ်ပုံတင် ဥပဒေအရ ဖွဲ့စည်းတည်ထောင်ထားသော အသင်းတစ်သင်းဖြစ်ပြီး အသင်းမဖြစ်မီကာလကပင် အဖွဲ့အနေဖြင့် “သွေးချင်းတို့ရဲ့ပွဲတော်ဆီပွဲတော်ကြီး ပထမအကြိမ် ကျင်းပစဉ်မှအစပြု၍ တစ်တပ်တစ်အား ပါဝင်ဆင်နွှဲခဲ့ကြောင်း သိရသည်။

UMBEEA ၏ ရည်ရွယ်ချက်များတွင်အခြားသော တိုင်းရင်းသားလူမျိုး လုပ်ငန်းရှင်များနှင့် သာမက ပြည်တွင်း ပြည်ပလုပ်ငန်းရှင်များနှင့်ပါ ချိတ်ဆက်ပြီး စီးပွားရေးလုပ်ငန်းများ တိုးချဲ့လုပ်ကိုင် နိုင်စေရန်၊ ဒေသထွက်ကုန်ပစ္စည်းများကို Value- added ပြုလုပ်၍ နိုင်ငံတကာ ဈေးကွက်များသို့ ထိုးဖောက်နိုင်စေရန် စသောရည်ရွယ်ချက်ကောင်းများ ပါရှိသည်။

အသင်းနှင့် အသင်းဝင်လုပ်ငန်းရှင်များ၏ လုပ်ငန်းဆောင်တာများကို အောင်မြင်စွာ စုစည်း ဆောင်ရွက်နိုင်စေရန် ကော်မတီ ခုနစ်ရပ်ဖွဲ့စည်းပြီး တာဝန်များ ခွဲဝေဆောင်ရွက်လျက်ရှိရာ ၎င်းတို့မှာ စီမံခန့်ခွဲရေးကော်မတီ၊ နိုင်ငံတကာဆက်ဆံရေး ကော်မတီ၊ အသင်းသားရေးရာကော်မတီ၊ သတင်းနှင့် ပြန်ကြားရေးကော်မတီ၊ ဘဏ္ဍာရေးနှင့် ရန်ပုံ‌ငွေရှာဖွေရေးကော်မတီ၊ သင်တန်းရေးရာကော်မတီနှင့် ပြပွဲကျင်းပရေးနှင့် ဈေးကွက်ဖော်ဆောင်ရေး ကော်မတီတို့ဖြစ်သည်။

CSR လုပ်ဆောင်ချက်အနေဖြင့် ကိုဗစ်-၁၉ ကူးစက်ခံရသော ရခိုင်ပြည်သူများအတွက် လှူဒါန်း ငွေနှင့် ပစ္စည်းများ လှူဒါန်းခြင်း၊ ရေဘေးသင့် ပဲခူးပြည်သူများအတွက် စားသောက်ကုန်ခြောက်များ လှူဒါန်းခြင်းတို့ကို တပ်အားသရွေ့ ပြုလုပ်ဆောင်ရွက်ခဲ့သည်။

ယခုနှစ်အတွင်း UMBEEA သည် မြန်မာအမျိုးသမီး စီးပွားရေး စွမ်းဆောင်ရှင်များ အသင်းနှင့်လည်းကောင်း၊ ကိုးကန့်တိုင်းရင်းသားလုပ်ငန်းရှင်များအသင်းနှင့် လည်းကောင်း မိတ်ဖက်အဖွဲ့အစည်းများအဖြစ် နားလည်မှုစာချွန်လွှာများ လက်မှတ်ရေးထိုးခြင်းသာမက “မြန်မာ့ရိုးရာ နှစ်သစ်ကူးသင်္ကြန်အကြိုနှင့် စျေးရောင်းပွဲတော် ၂၀၂၃ ကို မြန်မာ့လက်မှုအနုပညာ စင်တာတွင်လည်းကောင်း၊ “ဗမာ-ထိုင်း ကုန်စည်ပြပွဲ ၂၀၂၃ ကို Junction City တွင်လည်းကောင်း အောင်မြင်စွာ ကျင်းပနိုင်ခဲ့သည်။ နိုဝင်ဘာ ၁ ရက်မှ ၃ ရက်အထိ “ဗမာ-ဗီယက်နမ် ကုန်စည်ပြပွဲ ၂၀၂၃ ကိုလည်း UMBEEA က ဦးစီး၍ Junction City တွင် စည်ကားစွာ ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်