နေပြည်တော် အောက်တိုဘာ ၂၄
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က မဲဆန္ဒရှင်ပြည်သူ များနှင့်တွေ့ဆုံ၍ မြန်မာအီလက် ထရောနစ်မဲပေးစက် (MEVM)နှင့် စပ်လျဉ်းပြီး ရှင်းလင်းပြသခြင်းနှင့် လက်တွေ့သရုပ်ပြ စမ်းသပ်မဲပေးခြင်းများကို ဆောင်ရွက်လျက်ရှိရာ ဇေယျာသီရိမြို့နယ်၌ ဒုတိယနေ့အဖြစ် ယနေ့နံနက်ပိုင်းနှင့် မွန်းလွဲပိုင်းတို့တွင် ဇေယျာသီရိမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဆက်လက်ဆောင်ရွက်သည်။
ရှင်းလင်းဆွေးနွေး
ဦးစွာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးညီညီလွင်နှင့် တာဝန်ရှိသူများက ရှင်းလင်းဆွေးနွေးကြပြီး မဲဆန္ဒရှင်ပြည်သူများက လက်တွေ့စမ်းသပ် မဲပေး ကြသည်။ စမ်းသပ်မဲပေးရာတွင် မဲဆန္ဒရှင်များအနေဖြင့် မဲပေးစက်၏ ထိန်းချုပ်စက် (Control Unit) ကို ကိုင်တွယ်ဆောင်ရွက်ခြင်း၊ မဲပေးစက်မှ ထုတ်ပေးသည့် မဲရလဒ်စာရွက်နှင့် မဲပုံးအတွင်းရှိ မဲလက်မှတ်များကို တိုက်ဆိုင်စစ်ဆေး၍ မဲရလဒ်မှန်၊ မမှန် စိစစ်ခြင်းတို့ကို လက်တွေ့ကျကျ ပွင့်လင်းမြင်သာမှုရှိစွာ ဆောင်ရွက်ခဲ့ကြသည်။
မဲပေးစက်အသုံးပြု၍ စမ်းသပ်မဲပေးခဲ့ကြသည့် မဲဆန္ဒရှင်များအနေဖြင့် အသက်အရွယ် ကြီးငယ် မရွေး ရိုးရှင်းလွယ်ကူစွာ ကိုယ်တိုင်မဲပေးနိုင်ခြင်း၊ မိမိမဲပေးခဲ့သည့် မဲရလဒ်စာရွက်အား မဲပုံးအတွင်း မျက်ဝါးထင်ထင် တွေ့မြင်နိုင်ခြင်း၊ ပယ်မဲများ မရှိတော့သည့်အတွက် ယုံကြည်စိတ်ချမှု အပြည့်ဖြင့် မဲပေးနိုင်ခြင်း၊ မဲရလဒ်များကို အချိန်တိုအတွင်း ပွင့်လင်းမြင်သာမှုရှိရှိ သိရှိနိုင်ခြင်း၊ မဲမသမာမှုများကို ထိန်းချုပ်နိုင်ခြင်း စသည့်အကျိုးကျေးဇူးများ ရရှိနိုင်သည့်အတွက် မြန်မာအီလက်ထရောနစ် မဲပေးစက်ဖြင့် ဆန္ဒမဲပေးခြင်းအပေါ် များစွာသဘောကျနှစ်သက်မှုရှိကြောင်း သိရသည်။
အခမ်းအနားသို့ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနှင့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီတို့မှ ကိုယ်စားလှယ်များ၊ ကျောက်ချက်ကျေးရွာအုပ်စု၊ မအူတောကျေးရွာအုပ်စု၊ ကျွန်းရောင်းကျေးရွာအုပ်စုနှင့် သစ်တပ်ကျေးရွာအုပ်စုတို့မှ အုပ်ချုပ်ရေးမှူးများ၊ အတွင်းရေးမှူးများနှင့် မဲဆန္ဒရှင်ပြည်သူများ စုစုပေါင်း ၄၅၀ တက်ရောက်ကြ ကြောင်း သိရသည်။
သတင်းစဉ်
