Skip to main content

တရားမဝင် သစ်မျိုးစုံ၊ စားသောက်ကုန်ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ၊ လုပ်ငန်းသုံးပစ္စည်းများနှင့် မော်တော်ယာဉ်များ သိမ်းဆည်းရမိ

နေပြည်တော် အောက်တိုဘာ ၂၄

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာတားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ အောက်တိုဘာ ၁၉ ရက်က ကံပိုင်တည်ကုန်သွယ်ရေးစခန်း၊ မြန်မာ-တရုတ်နယ်စပ်ချစ်ကြည်ရေး လိုဏ်ဂူအနီး(မြန်မာဘက်ခြမ်း)၌ ပိုင်ရှင်မဲ့ရပ်တန့်ထားသည့် ယာဉ်တစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထားတစ်စုံတစ်ရာ တင်ပြနိုင်ခြင်း မရှိသည့် MIKAILO Beer ဘူး၇၂၀၀၀ (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၀၀၀၀၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် AUMAN Tractor Head တစ်စီးနှင့် နောက်တွဲယာဉ်တစ်တွဲ (ခန့်မှန်းတန်ဖိုးငွေ ကျပ် ၄၅၀၀၀၀၀၀) ကိုလည်းကောင်း၊ အောက်တိုဘာ ၂၂ ရက်တွင် ရေပူအမြဲတမ်းစစ်ဆေးရေးစခန်း ပန်စုံကျေးရွာအနီး ရှောင်ကွင်းလမ်း၌ စုပုံထားသော အကောက်ခွန်မဲ့ပစ္စည်းများဖြစ်သည့် တရုတ်နိုင်ငံထုတ် Relx E-Cigarette Device ၈၅ ခု အပါအဝင် ကုန်ပစ္စည်းနှစ်မျိုး (ခန့်မှန်း တန်ဖိုးငွေကျပ် ၄၅၄၀၀၀၀၀)ကို လည်းကောင်း၊ ကော့ကရိတ် (တံတားကျိုး) စုပေါင်းစစ်ဆေးရေး စခန်း၌ မြဝတီမြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသောယာဉ်တစ်စီးပေါ်မှ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားခြင်းမရှိသည့် Camel Motorcycle Tube ၂၂၅၀ (ခန့်မှန်း တန်ဖိုးငွေကျပ် ၁၁၂၅၀၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Chenglong Tractor Head တစ်စီးနှင့် နောက်တွဲယာဉ်တစ်တွဲ (ခန့်မှန်း တန်ဖိုးငွေကျပ် ၇၀၀၀၀၀၀၀)ကို လည်းကောင်း၊ မြဝတီကုန်သွယ်ရေးဇုန်၌ ယာဉ်တစ်စီးပေါ်မှ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားသည်ထက် ပိုမိုပါရှိလာသည့် ကြောင်စာကီလိုဂရမ် ၄၀၀၀ (ခန့်မှန်း တန်ဖိုးငွေကျပ် ၃၁၀၀၀၀၀)ကို လည်းကောင်း စုစုပေါင်း ခန့်မှန်းတန်ဖိုး ငွေကျပ် ၂၃၄၇၅၀၀၀၀ ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့အပြင် ဧရာဝတီတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ရာတွင် အောက်တိုဘာ ၂၁ ရက်က ပုသိမ်ခရိုင်အတွင်း၌ တရားမဝင်ကျွန်းသစ် ၂ ဒသမ ၇၆၀ တန်၊ အခြား သစ် ၁ ဒသမ ၈၅၂ တန် (ခန့်မှန်းတန်ဖိုး ငွေ ၂၂၄၁၈၆၄ ကျပ်)နှင့် ဖျာပုံခရိုင်အတွင်း၌ အခြားသစ် ၁ ဒသမ ၇၆၂ တန် (ခန့်မှန်းတန်ဖိုးငွေ ၁၂၃၃၅၄ ကျပ်)ကို သစ်တောဥပဒေအရလည်းကောင်း၊ အောက်တိုဘာ ၂၃ ရက်တွင် ပုသိမ်မြို့ ဝါးယားချောင်းလမ်းဆုံအနီး၌ လိုင်စင်မဲ့ Honda Civic ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၀၀၀၀၀၀)ကို ပို့ကုန်သွင်းကုန်ဥပဒေအရလည်းကောင်း စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေ ၆၃၆၅၂၁၈ ကျပ်ကို သိမ်းဆည်းအရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့အတူ အောက်တိုဘာ ၂၂ ရက်တွင် ရှမ်းပြည်နယ် တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ မူဆယ်မြို့ အေးရှားဝေါလ်တိုးဂိတ်အကျော် နမ့်ခွန်ရွာအနီး လမ်းမကြီးဘေး၌ စုပုံထားသောအကောက်ခွန်မဲ့ ပစ္စည်းများဖြစ်သည့် တရုတ်နိုင်ငံထုတ် အပင်အားတိုးဆေးဘူး ၄၀၀ (စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၃၂၀၀၀၀၀၀)ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့် အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့အပြင် အောက်တိုဘာ ၂၃ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ မုံရွာမြို့နယ်အတွင်း၌ တရားမဝင်အခြားသစ် ၃၂ ဒသမ ၆၀၁ တန် (ခန့်မှန်း တန်ဖိုးငွေ ၂၁၄၁၇၇၁၆ ကျပ်)ကို သစ်တောဥပဒေအရလည်းကောင်း၊ မုံရွာမြို့ စက်မှုဇုန်ရပ်ကွက်၌ လိုင်စင်မဲ့ Yinxing 125 ဆိုင်ကယ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅၀၀၀၀) ကို ပို့ကုန်သွင်းကုန်ဥပဒေအရလည်းကောင်း စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေ ၂၁၅၆၇၇၁၆ ကျပ်ကို သိမ်းဆည်းအရေးယူဆောင်ရွက်လျက်ရှိသည်။

သို့ဖြစ်ပါ၍ အောက်တိုဘာ ၁၉ ရက်၊ ၂၁ ရက်၊ ၂၂ ရက်နှင့် ၂၃ ရက် တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ ၂၀ မှု (ခန့်မှန်းတန်ဖိုးငွေ ၂၉၄၆၈၂၉၃၄ ကျပ်) ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးဦးဆောင်ကော်မတီမှ သိရသည်။

သတင်းစဉ်