Skip to main content

ဒုတိယဝန်ကြီး ဦးရဲတင့်နှင့်အဖွဲ့ အာဆီယံ - တရုတ် မီဒီယာဖိုရမ်သို့တက်ရောက်ပြီး ပြန်လည်ရောက်ရှိ

နေပြည်တော် အောက်တိုဘာ ၂၄

ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်နှင့် အဖွဲ့သည် ယမန်နေ့မွန်းလွဲပိုင်းက ကွမ်ရှီး ရေဒီယိုနှင့်ရုပ်မြင်သံကြားဌာန သို့လည်းကောင်း၊ ကွမ်ရှီးရေဒီယိုနှင့် ရုပ်မြင်သံကြားဆိုင်ရာ သတင်းအချက်အလက် ပူးပေါင်းဆောင်ရွက်မှုဌာနသို့ လည်းကောင်း သွားရောက်လေ့လာကြသည်။

ကွမ်ရှီးရေဒီယိုနှင့်ရုပ်မြင်သံကြားဌာနသည် ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့အသံနှင့်ရုပ်မြင် သံကြားနှင့် သတင်းနှင့်ဖျော်ဖြေရေးအစီအစဉ်များ၊ ဇာတ်လမ်းတွဲများ ပူးပေါင်းဆောင်ရွက်ရေး အတွက် လက်မှတ်ရေးထိုးဆောင်ရွက်လျက်ရှိပြီး ဒုတိယဝန်ကြီးသည် ကွမ်ရှီးရေဒီယိုနှင့်ရုပ်မြင် သံကြားဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်တို့နှင့် တွေ့ဆုံရာတွင် ပူးပေါင်း ဆောင်ရွက်မှုများ တိုးမြှင့်နိုင်ရေး၊ အပြန်အလှန်ခရီးစဉ်များ စေလွှတ်၍ လေ့လာရေးနှင့် အစီအစဉ် များ တိုးချဲ့ရိုက်ကူးထုတ်လွှင့်ရေးတို့ကို ဆွေးနွေးခဲ့ကြသည်။

MRTV အနေဖြင့် GXRTV နှင့် မီဒီယာကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်လျက်ရှိရာ တရုတ်ရုပ်သံ ဇာတ်လမ်းတွဲများ MRTV တွင် ပြသရေး သဘောတူစာချုပ်ကို ၂၀၁၇ ခုနှစ် မေ ၁၄ ရက်က ချုပ်ဆို၍ တရုတ်ရုပ်သံဇာတ်လမ်းတွဲများကို မြန်မာအသံထပ်စနစ်ဖြင့်အပတ်စဉ် ပြသလျက်ရှိပြီး ယနေ့အချိန် အထိ ရုပ်သံဇာတ်လမ်းတွဲ ၁၈ကားနှင့် ကာတွန်းဇာတ်လမ်းတွဲ ၇ ခု ပြသပြီးဖြစ်သည်။ လက်ရှိအချိန် တွင် လေနှင်ရာခရီးအမည်ရှိ ဇာတ်လမ်းတွဲနှင့် ဖြူစင်စိတ်လှအမည်ရှိ ကာတွန်းကားပြသလျက် ရှိသည်။ တရုတ်ရုပ်သံဇာတ်လမ်းတွဲများကို မြန်မာအသံထပ်လုပ်ငန်းဆောင်ရွက်ရာတွင် ကွမ်ရှီးဘက်မှ နည်းပညာဆိုင်ရာဝန်ထမ်းများနှင့် MRTV အသံသရုပ်ဆောင် ဝန်ထမ်းများသည် နှစ်နိုင်ငံတစ်လှည့်စီ အပြန်အလှန်သွားရောက် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ယနေ့နံနက်ပိုင်းတွင် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ကွမ်ကျိုးမြို့မှတစ်ဆင့် လေကြောင်းခရီးစဉ်ဖြင့် ပြန်လည်ထွက်ခွာလာခဲ့ပြီး ညနေပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိကြရာ ပြန်ကြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဌာနမှ ဌာနမှူး Ms. Feng Liping နှင့် တာဝန်ရှိသူများက လေဆိပ်၌ ကြိုဆိုနှုတ်ဆက်ခဲ့ကြသည်။

သတင်းစဉ်