နေပြည်တော် အောက်တိုဘာ ၂၄
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင် ဇေယျသည် ယမန်နေ့မွန်းလွဲပိုင်း က နည်းပညာတက္ကသိုလ် (မန္တလေး)၌ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနရှိ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များနှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ မန္တလေးမြို့ရှိ နည်းပညာတက္ကသိုလ် နှင့် ကွန်ပျူတာတက္ကသိုလ်များမှ ပါမောက္ခချုပ်နှင့် ဒုတိယပါမောက္ခချုပ်များ၊ အစိုးရ နည်းပညာကောလိပ်နှင့် အစိုးရစက်မှုလက်မှုသိပ္ပံများမှ ကျောင်းအုပ်ကြီးများ၊ ဌာနဆိုင်ရာ တာဝန် ရှိသူများ၊ ဒေသခံ MSME လုပ်ငန်းရှင်များနှင့် ပြည်သူများကို Hybrid စနစ်ဖြင့် တွေ့ဆုံသည်။
တွေ့ဆုံစဉ် ဒုတိယဝန်ကြီးက အမျိုးသားရေးလုပ်ငန်းစဉ်များ အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာတွင် လက်တွေ့ကျစွာ အထောက်အကူပြုနိုင်ရေး အားလုံးတက်ညီ လက်ညီဖြင့် ဝိုင်းဝန်းဆောင်ရွက်ကြရန်၊ ဌာနများ၊ တက္ကသိုလ်/ကျောင်းများရှိ သင်တန်းများနှင့် သုတေသနလုပ်ငန်းများသည် နိုင်ငံ့ရေရှည်အကျိုး ဖော်ဆောင်နိုင်ရေး၊ ပြည်သူ့လူမှုစီးပွားဘဝ ဖွံ့ဖြိုးမှုပံ့ပိုးပေးနိုင်ရေး၊ ခေတ်မီနည်းပညာများကို အသုံးချ၍ စက်မှုကုန်ထုတ်လုပ်ငန်းများအား အရည်အသွေးစံနှုန်းများနှင့်အညီ ပြည်ပစျေးကွက်တွင် ထိုးဖောက်နေရာယူနိုင်သည်အထိ ထုတ်လုပ်နိုင်ရေး၊ လုပ်ငန်းခွင်များ၌ တွေ့ကြုံနေရသည့် စိန်ခေါ်မှုပြဿနာများကို ကျော်လွှားဖြေရှင်းပေးနိုင်ရေးတို့ကို ဦးတည်ဆောင်ရွက်ရန်၊ သုတေသနရလဒ်များနှင့် ဆန်းသစ်နည်းပညာများကို သက်ဆိုင်ရာဌာနများနှင့် ပြည်သူများ၏ လက်ဝယ်အရောက် ဖြန့်ဝေဆောင်ရွက်ပေးရန်၊ ဌာနများအပြင် MSME လုပ်ငန်းရှင်များနှင့်ပါ ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုအားကောင်းရန် လိုအပ်ကြောင်း တိုက်တွန်းပြောကြားသည်။
ထို့နောက် အဆင့်မြင့်သိပ္ပံနှင့် နည်းပညာဦးစီးဌာန၊ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေး ဦးစီးဌာန၊ သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာန၊ ဇီဝနည်းပညာသုတေသနဦးစီးဌာနနှင့် လေ့လာဆန်းစစ်အကဲဖြတ်ရေးဦးစီးဌာနတို့မှ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူး ချုပ်များ၊ တက္ကသိုလ်/ ကောလိပ်/ကျောင်းများမှ ပါမောက္ခချုပ်နှင့် ဒုတိယပါမောက္ခချုပ်များ၊ တာဝန် ရှိသူများက လူ့စွမ်းအားအရင်းအမြစ်မွေးထုတ်မှုများ၊ စီမံကိန်းများတွင် ပူးပေါင်းဆောင်ရွက် လျက်ရှိမှု၊ သုတေသနလုပ်ငန်းများ ဆောင်ရွက်မှုနှင့် တိုးတက်မှု၊ နည်းပညာ လွှဲပြောင်းပေးခဲ့မှုနှင့် လွှဲပြောင်းရန် ဆက်လက်ဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြကြသည်။
ဆက်လက်၍ ဒေသခံ MSME လုပ်ငန်းရှင်များက သိရှိလိုသည့်အချက်များကို မေးမြန်းကြပြီး နည်းပညာလိုအပ်ချက်များကို တင်ပြရာ တာဝန်ရှိသူများက ဖြေကြားရှင်းလင်းကြကာ ဒုတိယ ဝန်ကြီးက လိုအပ်သည်များ ဖြည့်စွက်ပြောကြား၍ ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်
