၂၀၂၃ ခုနှစ် (၂၄) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကို အမျိုးဂုဏ်၊ ဇာတိဂုဏ်မြင့်မားရေးနှင့် အမျိုးသားယဉ်ကျေးမှုအမွေအနှစ်များ၊ အမျိုးသားရေးလက္ခဏာများ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ရေး၊ တိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှုအနုပညာအမွေအနှစ်များနှင့် အမျိုးသားယဉ်ကျေးမှုစရိုက်လက္ခဏာများ မပျောက်ပျက်စေရန် ဖော်ထုတ်၊ ထိန်းသိမ်း၊ မြှင့်တင်ရေး၊ မျိုးဆက်သစ်လူငယ်များအကြားတွင် ရိုးရာယဉ်ကျေးမှုအမွေအနှစ်များကို ဖော်ထုတ်ထိန်းသိမ်းခြင်းနှင့် ထပ်တူအမျိုးသားရေး စိတ်ဓာတ်များ ပိုမိုထွန်းကားပြန့်ပွားနေစေရေး၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် တည်ငြိမ်အေးချမ်းရေးတို့အတွက် အမျိုးသားယဉ်ကျေးမှုအခန်းကဏ္ဍမှ တစ်တပ်တစ်အား ပူးပေါင်းပါဝင်ဆောင်ရွက်ရေး စသည့် ဦးတည်ချက် (၄) ရပ်ဖြင့် ပြည်ထောင်စုနယ်မြေနေပြည်တော်ရှိ သတ်မှတ်နေရာများတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိသည်။
အဆိုပါပြိုင်ပွဲများသို့ ဝင်ရောက်ယှဉ်ပြိုင်ကြသည့် တိုင်းဒေသကြီးနှင့် ပြည်နယ် ကိုယ်စားပြုပြိုင်ပွဲဝင်များ၊ အဖွဲ့ခေါင်းဆောင်နှင့် ပြိုင်ပွဲအကဲဖြတ်ဒိုင်များ၏ ရင်တွင်းစကားသံများကို ပြန်လည် ဖော်ပြပေးလိုက်ရပါသည်။
တက္ကသိုလ်လဲ့လဲ့ (ခေတ်ဟောင်း ကာလပေါ်/ အမျိုးဂုဏ်၊ ဇာတိဂုဏ် အကဲဖြတ်ပညာရှင်)
(၂၄) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ အဆိုဘာသာရပ်မှာ အကဲဖြတ်ပညာရှင်အနေနဲ့ ဆောင်ရွက်သွားမှာပါ။ အဆိုဘာသာရပ်မှာ မဟာဂီတ၊ ခေတ် ဟောင်းကာလပေါ်တေး၊ အမျိုးဂုဏ်၊ ဇာတိဂုဏ်ဆိုပြီး အပိုင်းသုံးပိုင်း ခွဲထားပါတယ်။ ကျွန်မက ကိုယ်ကျွမ်းကျင်တဲ့ ခေတ်ဟောင်းကာလပေါ်တေးနဲ့ အမျိုးဂုဏ် ဇာတိဂုဏ်နှစ်ခုကို အကဲဖြတ်ပညာရှင်အနေနဲ့ တာဝန်ယူဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။
အခုပြိုင်ပွဲမှာ မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ ပြည်နယ်နဲ့ တိုင်းဒေသကြီးက ပြိုင်ပွဲဝင်တွေအားလုံး လာရောက်ယှဉ်ပြိုင်မှာဖြစ်တယ်။ အဲဒီအထဲက အတော်ဆုံးကို ကျွန်မတို့က ရွေးချယ်ပေးရမှာ ဖြစ်ပါတယ်။ တိုင်းစွဲ၊ ပြည်နယ်စွဲ ထားစရာမလိုဘူး။ အားလုံးက ဂီတကိုဝါသနာပါတဲ့အတွက် လာရောက်ယှဉ်ပြိုင် ကြတာဖြစ်တယ်။ မြန်မာသံ ဂီတတွေ၊ မြန်မာ့ရိုးရာ ယဉ်ကျေးမှုတွေဟာ အခု ပြိုင်ပွဲကြီးမှာရှိနေတဲ့အတွက် ပံ့ပိုးပေးရ မယ့် တာဝန်ရှိပါတယ်။
ပြိုင်ပွဲဝင်တွေမှာ အဓိက အသံပါဝါ ရှိရမယ်၊ စည်းဝါးပိုင်နိုင်ရမယ်၊ မူလတေးသီချင်းကို ရရမယ်၊ သီဆိုတဲ့အခါမှာ စာသားတွေကိုလည်း တိတိကျကျနဲ့ နားဆင်တဲ့သူတွေ ရင်ထဲကို ခံစားချက် ရအောင် ဆိုနိုင်ရမယ်။ မြန်မာသီချင်းတွေဟာ နားထောင်လိုက်ရင် လွယ်သယောင်နဲ့ တကယ်တော့ ခက်ခဲပါတယ်။ မြန်မာ့ရိုးရာသီချင်းကို အဆို၊ အက၊ အရေး၊ အတီးတို့ အားလုံးပေါင်းလိုက်ရင် မြန်မာ့ ယဉ်ကျေးမှုဟာ အင်မတန်မှ မြင့်မားပါတယ်။ အဆိုဘာသာရပ်မှာ ကျွန်မတို့အနေနဲ့ ဌာန်ကုန်အောင် မတတ်တဲ့ သီချင်းတွေအများကြီးရှိတဲ့အတွက် အခုချိန်အထိ အများကြီး ပြန်လေ့လာနေတုန်းပါ။ ဒီပြိုင်ပွဲအတွက် ပြိုင်ပွဲဝင်တွေ အားလုံးက အချိန်တွေကုန် လူပင်ပန်းခံပြီး လာရောက် ယှဉ်ပြိုင်ကြတဲ့အတွက် အဆိုဘာသာရပ်မှာ နံပါတ်တစ်သည် နံပါတ်တစ်နဲ့ ထိုက်တန်အောင် ရစေရမယ်။ ဘယ်သူကိုမှ မျက်နှာလိုက်ချင်း တိုင်းစွဲ၊ ပြည်နယ်စွဲ မရှိဘဲနဲ့ ကျွန်မတို့ရဲ့ ဂီတအနုပညာ မြန်မာသံစစ်စစ်ကို တတ်ကျွမ်းတဲ့ သားသမီးတွေက ဆက်လက်သယ်ပိုး ထမ်းဆောင်သွားရမှာ ဖြစ်ပါတယ်။ ဒီပြိုင်ပွဲကနေ ပါရမီရှင်နဲ့ ရွက်ပုန်းသီးလေးတွေ ပေါ်လာမယ်။ ဘယ်လိုပဲ ပေါ်လာပေါ်လာ အဆိုကဏ္ဍမှာ ထူးချွန်တဲ့ ကလေးတွေကို ပါဝင်လာအောင် ကြိုးစားအားထုတ်ပြီး ရွေးချယ်သွားမှာ ဖြစ်ပါတယ်။ ပြိုင်ပွဲက ပေါ်ထွက်လာမယ့် ရွက်ပုန်းသီးတွေကိုလည်း ရှေ့ဆက် လက်တွဲခေါ်ပြီး မြှင့်တင်ပေးသွားမှာ ဖြစ်ပါတယ်။
အခုလို ပြိုင်ပွဲကြီး ကျင်းပပေးတဲ့အတွက် ဝမ်းသာကျေနပ်မိပါတယ်။ မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးကို တချို့တွေက တန်ဖိုးထားရမှန်း မသိပါဘူး။ တကယ်တော့ တန်ဖိုးထားရမှာ ဖြစ်ပါတယ်။ ကိုယ့်တိုင်းပြည်ကို ချစ်ရင်၊ ကိုယ့်လူမျိုးကို ချစ်ရင်၊ ကိုယ့်အမျိုးသားဂီတနဲ့ ကိုယ့်အမျိုးသားရေး ဆို၊ က၊ ရေး၊ တီးကို ဘာလို့ မချစ်နိုင်ရမှာလဲ ဆိုတဲ့စကားကို ကျွန်မ ဆရာက ပြောခဲ့ပါတယ်။ ကိုယ့်တိုင်းပြည်ကို ချစ်သလို ကိုယ့်ရိုးရာယဉ်ကျေးမှုကိုလည်း ဘာလို့ မချစ်နိုင်ရမှာလဲဆိုတဲ့ စကားလေးတစ်ခွန်းကို ကျွန်မတို့အသည်းစွဲအောင် မှတ်ထားပါတယ်။ ကိုယ့်လိုပဲ တခြားသူတွေကိုလည်း ဒီစကားလေးကို မှတ်သားစေချင်ပါတယ်။
ဒေါက်တာအောင်နေမျိုး (ရှမ်းပြည်နယ်အဖွဲ့ခေါင်းဆောင်)
ကျွန်တော်တို့ ရှမ်းပြည်နယ် အကအဖွဲ့အနေနဲ့ကတော့ ဖျော်ဖြေရေးအက အဖွဲ့အဖြစ် ဖျော်ဖြေသွားမှာပါ။ ရှမ်းတိုင်းရင်းသားရိုးရာအကအဖွဲ့မှာ အဖွဲ့ဝင် ၂၀ ပါဝင်ပါတယ်။ ပြီးခဲ့တဲ့နှစ်က မဲနှိုက်ရွေးချယ်ရာမှာ ရှမ်းရိုးရာအက မဲပေါက်တဲ့အတွက် ဒီနှစ်မှာ ရှမ်းတိုင်းရင်းသား ရိုးရာအကကို ပြည်နယ်နဲ့ တိုင်းဒေသကြီး က ပြိုင်ပွဲဝင်အဖွဲ့တွေအားလုံး ပါဝင်ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ ရှမ်းတိုင်းရင်းသားစာပေနဲ့ ယဉ်ကျေးမှုအဖွဲ့မှာရှိတဲ့ နည်းပြတွေက ပြည်နယ်နဲ့ တိုင်းဒေသကြီး အသီးသီးကို သွားရောက်ပြီး သင်ကြားလေ့ကျင့်ပေးထားပါတယ်။ ယခုကျင်းပတဲ့ အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲမှာ ကိုယ့်တိုင်းရင်းသား ရိုးရာအကနဲ့ အားလုံးက ပြိုင်ကြမယ်ဆိုတော့ အားလုံးပါဝင် ယှဉ်ပြိုင်ကပြလို့ရအောင်၊ အားလုံးလည်း လိုက်ကနိုင်အောင် ကကြိုးကကွက်တွေနဲ့ သီချင်းတေးသွားကအစ ကြိုတင်ပြင်ဆင်ရပါတယ်။
အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကြီးကျင်းပတဲ့အခါ လူငယ်တွေ၊ ကလေးတွေ ဒီပညာရပ်တွေနဲ့ ပတ်သက်လို့ လေ့လာဆည်းပူးရကောင်းမှန်း သိသွားတယ်။ ပိုပြီးတော့ ရင့်သန်အောင်၊ ထက်မြက် အောင် ကြိုးစားချင်စိတ်တွေ ဖြစ်လာကြတယ်။ ဒီပြိုင်ပွဲကြောင့် ကိုယ့်ရဲ့ရိုးရာယဉ်ကျေးမှုတွေကို ထိန်းသိမ်းချင်တဲ့ စိတ်ဓာတ်တွေ ထက်သန်လာကြတယ် ဆိုတာကတော့ သေချာပါတယ်။ တိုင်းရင်း သားစာပေတွေနဲ့ပတ်သက်ပြီး တိုင်းရင်းသား အသီးသီးက ကိုယ်ရဲ့ယဉ်ကျေးမှု၊ အနုပညာကို ညီအစ်ကိုမောင်နှမအချင်းချင်း သိရှိအောင် လုပ်ချင်တဲ့စိတ်တွေ၊ ကြိုးစားချင်တဲ့စိတ်တွေ များလာပါတယ်။ အထူးသဖြင့် သိသာတာကတော့ ပြည်နယ်နဲ့ တိုင်းဒေသကြီးအသီးသီးကို စေလွှတ် လိုက်တဲ့နည်းပြတွေက သူတို့ပြသပေးရတဲ့ အသင်းအဖွဲ့ကို အကောင်းဆုံးဖြစ်အောင်၊ ကောင်းသထက်ကောင်းအောင် အပြိုင်အဆိုင် ကြိုးစားကြတာ တွေ့ရပါတယ်။ ဒီလိုသိရတဲ့အတွက် ကျွန်တော်တို့ နိုင်ငံမှာရှိတဲ့ တိုင်းရင်းသားအားလုံးရဲ့ စာပေနဲ့ယဉ်ကျေးမှုပေါ်မှာ အားလုံးကဝိုင်းဝန်းပြီး စိတ်ဝင်စား မြတ်နိုးတတ်လာမယ်ဆိုတာကို သေချာပါတယ်။
မခိုင်အေးစိုး (ချင်းပြည်နယ်ကိုယ်စားပြုပြိုင်ပွဲဝင်)
ကျွန်မက ဝါသနာရှင်အဆင့် (ဒုတိယတန်း) ခေတ်ဟောင်းကာလပေါ်ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။ အခုလို လာရောက်ယှဉ်ပြိုင်ဖို့အတွက် ပြည်နယ်မှာ ပြိုင်ပွဲမကျင်းပမီ Camp ဝင်ပြီး သေသေချာချာလေ့ကျင့်ထားတဲ့အတွက် အောင်မြင်မှုရရှိမယ်လို့ မျှော်လင့်ပါတယ်။ ပထမဆုံးအကြိမ် ဝင်ရောက်ယှဉ်ပြိုင်တာဖြစ်တဲ့အတွက် အတွေ့အကြုံ ကောင်းတွေရရှိမယ်လို့ ယုံကြည်ပါတယ်။ အခုပြိုင်ပွဲကို ကျင်းပပေးတဲ့ တာဝန်ရှိသူတွေ အားလုံးကို ကျေးဇူးတင်ပါတယ်။ ဒီပြိုင်ပွဲကြီးမှာ တိုင်းဒေသကြီးနဲ့ပြည်နယ်က တိုင်းရင်းသားညီအစ်ကို မောင်နှမတွေနဲ့လည်း တွေ့ဆုံခွင့်ရတဲ့အတွက် အင်မတန်ဝမ်းသာပါတယ်။
မောင်ချမ်းမင်းနိုင် (ကချင်ပြည်နယ်ကိုယ်စားပြုပြိုင်ပွဲဝင်)
ကျွန်တော်က စောင်းအတီးပြိုင်ပွဲ အခြေခံပညာအဆင့် (အသက် ၁၅ နှစ်မှ ၂၀နှစ်အတွင်း) အမျိုးသားပြိုင်ပွဲမှာ ဆန်းနွေဦး (ယိုးဒယား) သီချင်းနဲ့ ပါဝင်ယှဉ်ပြိုင်ခဲ့ပါတယ်။ ပြိုင်ပွဲမတိုင်ခင် ကတည်းက သေသေချာချာ အချိန်ပေးပြီး လေ့ကျင့်ခဲ့သမျှကို အခုပြိုင်ပွဲကြီးမှာ အားပါးတရဖော်ထုတ်ခွင့်ရလို့ အင်မတန်ဝမ်းသာတယ်။ ဒီပြိုင်ပွဲကတစ်ဆင့် ကျွန်တော်တို့ရဲ့ အတတ်ပညာတွေကို ဖော်ထုတ်ခွင့်ရတာဖြစ်တဲ့အတွက် ပြိုင်ပွဲကျင်းပမယ့်အချိန်ကို မျှော်နေခဲ့တာပါ။ အခုလိုပြိုင်ပွဲကြီး ကျင်းပပြုလုပ်ပေးတဲ့အတွက် တာဝန်ရှိသူတွေအားလုံးကို မျိုးဆက်သစ်တွေကိုယ်စား ကျေးဇူးတင်ပါတယ်။ ဒီပြိုင်ပွဲကနေတစ်ဆင့် အဆို၊ အက၊ အရေး၊ အတီး ပညာရှင်တွေ ပေါ်ထွက်လာမယ်လို့လည်း ယုံကြည်ပါတယ်။
မောင်ပိုင်ဖြိုးကို (ချင်းပြည်နယ်ကိုယ်စားပြုပြိုင်ပွဲဝင်)
ကျွန်တော် ဝါသနာရှင်အဆင့် (ဒုတိယတန်း) မဟာဂီတနဲ့ အမျိုးဂုဏ် ဇာတိဂုဏ်ဘာသာရပ်မှာ ပါဝင်ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။ ပြိုင်ပွဲမတိုင်ခင်ကတည်းက ကြိုတင်ပြင်ဆင်မှုတွေ အများကြီးပြုလုပ်ထားပါတယ်။ သီချင်းက မဟာဂီတဆိုတော့ ကျွန်တော်တို့ရဲ့ တကယ်ကြီးမြတ်တဲ့ ဘာသာရပ်တွေ ဖြစ်တဲ့အတွက်ကြောင့် ကြိုတင်ပြင်ဆင်မှုတွေ အများကြီးလုပ်ရပါတယ်။ မနှစ်က ဝါသနာရှင်အဆင့် (ပထမတန်း)ကာလပေါ် ဘာသာရပ်မှာ ချင်းပြည်နယ်ကိုယ်စားပြု ပထမဆုရရှိခဲ့ပါတယ်။ အခုနှစ်ပြိုင်ပွဲမှာဆိုရင် အရင်နှစ်ကထက် ပိုပြီးစိတ်အား ထက်သန်ပြီး ပြိုင်ပွဲဝင်တဲ့သူတွေများလာပြီး အဆိုကောင်းကြတဲ့သူတွေဖြစ်တဲ့အတွက် အရင်နှစ်ကထက် ပိုပြီးကြိုးစားထားပါတယ်။
တွေ့ဆုံမေးမြန်း - ဟိန်းမင်းစိုး၊
သန်းမင်းအောင်၊ ဓာတ်ပုံ - HMS