နေပြည်တော် အောက်တိုဘာ ၂၃
ဂရိတ်ဝေါလ်တူမောရိုး မျိုးစေ့ထုတ် စိုက်ပျိုးရေးကုမ္ပဏီလီမိတက်၏ GW-11 မျိုးစေ့ထုတ် စိုက်ခင်းဧက ၈၀၀ ကွင်းသရုပ်ပြပွဲနှင့် မျိုးစေ့ထောက်ပံ့ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ပျဉ်းမနားမြို့နယ် အလျင်လိုကျေးရွာအနီးရှိ ရှင်းလင်းဆောင်၌ ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော် ကောင်စီအဖွဲ့ဝင်များ၊ နေပြည်တော်အဆင့် ဌာနဆိုင်ရာများ၊ ဒေသခံတောင်သူများတက်ရောက်ကြသည်။
အခမ်းအနားတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌက စိုက်ပျိုးရေးလုပ်ငန်းများကို ပြည့်ပြည့်ဝဝဆောင်ရွက်နိုင်မည် ဆိုပါကလယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်နိုင်မည်ဖြစ်ကြောင်း၊ လယ်ယာကဏ္ဍကို အပြည့်အဝအကောင် အထည်ဖော်နိုင်မှသာ ပြည်တွင်းစားရေရိက္ခာ ပေါများလာမည့်အပြင် ပိုလျှံစွာထွက်ရှိလာသည့် ထုတ်ကုန်များမှ ပြည်ပပို့ကုန်များရရှိပြီး စိုက်ပျိုးရေးလုပ်ငန်းများကို အခြေခံသည့် ပြည်ပဝင်ငွေများ ရရှိလာမည် ဖြစ်ကြောင်း၊ ကျေးလက်နေ ပြည်သူများ၏ လူနေမှုဘဝဖွံ့ဖြိုးတိုးတက်လာမှသာ တိုင်းဒေသကြီး၊ ပြည်နယ်များအလိုက် ဖွံ့ဖြိုးတိုးတက်ပြီးနိုင်ငံတော် ဖွံ့ဖြိုးတိုးတက်မည်ဖြစ်သည့်အတွက် ကျေးလက်နေ တောင်သူများ လူမှုဘဝမြင့်မားရေး၊ စီးပွားရေး ကောင်းမွန်ရေးတို့အတွက် ဦးစားပေးဆောင်ရွက် ရမည်ဖြစ်ကြောင်း။
နေပြည်တော်အတွင်း မျိုးစေ့ထုတ်လုပ်သောလုပ်ငန်းများအား ယခင်ထက်ပိုမို၍ လုပ်ငန်းများ အောင်မြင်နိုင်ရန်အတွက် နေပြည်တော်ကောင်စီနှင့် သက်ဆိုင်ရာဌာနများမှ ကူညီဆောင်ရွက်ပေး လျက်ရှိပါကြောင်း၊ ဒေသအတွင်းထွက်ရှိသည့် စိုက်ပျိုးရေး၊ မွေးမြူရေး ကုန်ကြမ်းများကို အခြေခံသည့် ပြည်ပပို့ကုန်များအဖြစ် ကုန်ချောများတင်ပို့နိုင်ရေး ဝိုင်းဝန်းကြိုးပမ်း အကောင်အထည်ဖော် ဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ နေပြည်တော်အတွင်း သီးနှံစိုက်စွမ်းအားများ မြင့်မားတိုးတက်ရေး၊ ပန်းတိုင်အထွက်နှုန်းများ ရရှိစေရေးနှင့် စိုက်ပျိုးရေးနှင့်မွေးမြူရေးကဏ္ဍ၊ အသေးစား၊ အငယ်စားနှင့်အလတ် စားစက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးတို့အတွက် သက်ဆိုင်ရာဌာနဆိုင်ရာများ၊ ပုဂ္ဂလိကလုပ်ငန်းရှင်များ၊ သွင်းအားစု ဖြန့်ဖြူးရောင်းချသူများ၊ တောင်သူလယ်သမားများပူးပေါင်း၍ ကြိုးစားဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ဂရိတ်ဝေါလ်တူမောရိုး မျိုးစေ့ထုတ်စိုက်ပျိုးရေး ကုမ္ပဏီလီမိတက်ဥက္ကဋ္ဌ ဦးတင်မောင်က စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် မျိုးစေ့ထုတ်လုပ်ဖြန့်ဖြူးခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုကို ရှင်းလင်းတင်ပြပြီး ပျဉ်းမနားခရိုင်အတွင်းရှိ တောင်သူများအတွက် မျိုးစပါးထောက်ပံ့ပေးအပ်ရာ ပျဉ်းမနားခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကိုဦးက လက်ခံရယူသည်။
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌက တက်ရောက်လာကြသည့် တောင်သူများ၏ လိုအပ်ချက်များကိုမေးမြန်း၍ ဌာနဆိုင်ရာများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးပြီးပြသထားသည့် GW မျိုးစပါးများနှင့် ဂရိတ်ဝေါလ်တူမောရိုးမျိုးစေ့ထုတ် စိုက်ပျိုးရေးကုမ္ပဏီလီမိတက်၏ GW-11 မျိုးစေ့ထုတ်စိုက်ခင်း ဧက ၈၀၀ အတွင်း မျိုးကွဲပယ်နေမှုကို ကြည့်ရှုအားပေးသည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့သည် ဒက္ခိဏသီရိမြို့နယ်ချိုင်းကျေးရွာ အနီးရှိ ဂရိတ်ဝေါလ်တူမောရိုးမျိုးစေ့ထုတ်စိုက်ပျိုးရေးကုမ္ပဏီလီမိ တက်သို့ရောက်ရှိပြီး စက်ရုံအတွင်း GW-11 မျိုးစပါးသန့်စင်ခြင်းနှင့် မျိုးစပါးအိတ်ထည့်သွင်းချုပ်လုပ်နေမှုကို ကြည့်ရှုအားပေးသည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့သည် အလျင်လိုကျေးရွာအတွင်း စည်ပင်သာယာရေးလုပ်ငန်းများ၊ လယ်ဝေးမြို့နယ်အတွင်းရှိ ရန်ကုန်-မန္တလေးလမ်းဟောင်းနှင့် မြို့ရှောင်လမ်းသို့ ဆက်သွယ်ထားသည့် H-1 လမ်းအားတိုးချဲ့ဆောင်ရွက်မည့် အခြေအနေ၊ လမ်းဘေးဝဲ/ ယာတွင် နှစ်ရှည်အရိပ်ရအပင်များ စိုက်ပျိုးထားရှိမှုများ၊ ရာဇသင်္ဂဟလမ်းနှင့် ရွှေပြည်တော်ဝင်လမ်းဆုံ ကံ့ကော်ပန်းအဝိုင်းအနီးတွင် နိုင်လွန်ကတ္တရာ(AC)များ တွန့်ခေါက်နေမှုများအားပြန်လည် ပြုပြင်ခြင်းလုပ်ငန်းများကိုသွားရောက် ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။
ယင်းနောက် နေပြည်တော် ကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့သည် နေပြည်တော် စစ်ကြောရေးနှင့် တည်းခိုရေးစခန်းတွင် တည်းခို နေကြသည့် (၂၄) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ ပြိုင်ပွဲဝင်များအား သက်သာသော ဈေးနှုန်းဖြင့်ရောင်ချပေးနေသည့် စက်မှုဝန်ကြီးဌာနမှ ထုတ်ကုန်ပစ္စည်းအရောင်းဆိုင်များ၊ သမဝါယမအရောင်းဆိုင်များ၊ နေပြည်တော်အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများအသင်း(MSME)မှ နေပြည်တော် ဒေသထွက်ကုန်ပစ္စည်း ၁၅၁ မျိုးကို အရောင်းဆိုင်ခန်း ၂၂ ခန်းတွင် ရောင်းချနေမှုကို ကြည့်ရှုအားပေးပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်း သတင်း ရရှိသည်။
သတင်းစဉ်
