Skip to main content

အမျိုးဂုဏ်၊ ဇာတိဂုဏ်မြှင့်တင်ဖော်ထုတ်

မြန်မာနိုင်ငံသည် အမျိုးသားယဉ်ကျေးမှုအစဉ်အလာ ကြီးမားသည့်နိုင်ငံဖြစ်သည်ကို မျက်မှောက်ကာလထိတိုင် ရှင်သန်နေဆဲဖြစ်သည့် ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးစံများ၊ ဝတ်စားဆင်ယင် ပြုမူနေထိုင်မှုများက သက်သေပြနေသည်။ မျက်မှောက်ကမ္ဘာတွင် နည်းပညာနှင့် ခေတ်ပေါ်ယဉ်ကျေးမှုများ အရှိန်အဟုန်ဖြင့် ပြောင်းလဲဖြစ်ပေါ်တိုးတက်ဖြစ်ထွန်းနေသော်လည်း ရှေးရိုးအစဉ်အလာယဉ်ကျေးမှု ဓလေ့စရိုက်များကို မပစ်ပယ်ဘဲ စွဲမြဲလက်ခံနေဆဲ၊ တန်ဖိုးထားနေဆဲနိုင်ငံမှာ မြန်မာတစ်နိုင်ငံတည်းသာဟု ဂုဏ်ပြုဆိုချင်ပါသည်။

အဟောင်းဖြစ်သော်လည်း မပစ်ပယ်နိုင်သောအရာများမှာ မြန်မာတို့၏ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်းအစဉ်အလာများဖြစ်ပါသည်။ လောက၌ အဟောင်း အဟောင်းတို့၏ နေရာတွင် အသစ်အသစ်တို့က အစားထိုးဝင်ရောက်နေရာယူလာ လေ့ရှိသော်လည်း အဟောင်းတို့ကို မပစ်ပယ်ဘဲ တန်ဖိုးထားနိုင်သည်မှာ မြန်မာ့အနုသုခုမပညာ၏တန်ဖိုးဖြစ်သည်။ မြန်မာတို့၏ ဘိုးဘွားဘီဘင်များ အမွေအနှစ်အဖြစ် ချန်ထားရစ်ခဲ့သည့် ဂန္ထဝင်တေးသီချင်းများသည် မရိုးနိုင်သည့် ဂုဏ်ထူးဝိသေသနှင့် အနှစ်သာရများရှိနေသည်။ ခေတ်ဟောင်းအဆို၊ အကများသည်လည်း မျက်မှောက်ကာလ လူမှုကွန်ရက်များပေါ်၌ အသက်ဝင်လှုပ်ရှားလျက်ရှိကာ အများပြည်သူတို့ စိတ်ဝင်စားအားပေးနေဆဲဖြစ်သည်။

တိုင်းရင်းသားလူမျိုးပေါင်းစုံ စုစည်းနေထိုင်ကြသော ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီး ယနေ့ထက်တိုင်အောင် အဓွန့်ရှည်တည်တံ့ခိုင်မြဲနေစေသော အချက်များတွင် မြန်မာတို့သည် ရိုးရာယဉ်ကျေးမှုအစဉ်အလာများကို တန်ဖိုးထားထိန်းသိမ်းစောင့်ရှောက်နေကြခြင်း အကြောင်းတစ်ချက်လည်းပါဝင်သည်။ ထို့ကြောင့် နိုင်ငံတော်သည် တိုင်းရင်းသားများ၏ စကား၊ စာပေ၊ အနုပညာ၊ ယဉ်ကျေးမှုတို့ကို ဖွံ့ဖြိုးတိုးတက်စေရန် ကူညီဆောင်ရွက်မည်။ အမျိုးသားယဉ်ကျေးမှု ဖွံ့ဖြိုးတိုးတက်ခိုင်မာရေးနှင့် စောင့်ရှောက်ထိန်းသိမ်းရေးအတွက် ကူညီဆောင်ရွက်မည်။ လူငယ်များမျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်ရေး၊ အတွေးအခေါ်မှန်ကန်ရေးနှင့် ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ဆောင်ရွက်ရမည်။ အမျိုးသားယဉ်ကျေးမှုအမွေအနှစ်ကို ထိန်းသိမ်းစောင့်ရှောက်ခြင်း စသည့်အချက်များကို (၂၀၀၈ ခုနှစ်) ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ထည့်သွင်းပြဋ္ဌာန်းထားပြီး အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။

ယဉ်ကျေးမှုသည် နိုင်ငံတစ်နိုင်ငံ၏ မြင့်မားမှုအဆင့်အတန်းတစ်ခုကို ညွှန်းဆိုပြနေသလို ယဉ်ကျေးမှုအမွေအနှစ်များမရှိပါက အနှစ်သာရမဲ့သည့်လူမျိုးဖြစ်နေမည်။ စာပေယဉ်ကျေးမှု ထွန်းကားသောလူမျိုးများသည် ကမ္ဘာပေါ်တွင် တင့်တောင့် တင့်တယ်နေထိုင်နိုင်သောလူမျိုးအဖြစ် ရပ်တည်နေသည်ကို တွေ့မြင်ကြရသည်။ ထို့ကြောင့် ဖွံ့ဖြိုးတိုးတက်ဆဲနိုင်ငံများသည်လည်းကောင်း၊ ဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံများသည်လည်းကောင်း ၎င်းတို့နိုင်ငံ၏စာပေယဉ်ကျေးမှုများ ထွန်းကားစည်ပင် နေစေရန်အတွက် အစဉ်ကြိုးပမ်းဆောင်ရွက်နေကြသည်။ ယဉ်ကျေးမှုအဆင့် အတန်းမြင့်မားသောနိုင်ငံအဖြစ် ဂုဏ်ယူနေကြသည်။

မြန်မာနိုင်ငံတွင် နိုင်ငံ့ဂုဏ်မြင့်မားစေရန်အတွက် ဒြပ်ရှိ၊ ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်များကို နိုင်ငံတော်အစိုးရက အစဉ်အဆက် ထိန်းသိမ်းစောင့်ရှောက် မြှင့်တင်နေသည်ကို တွေ့ရမည်ဖြစ်သည်။ ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်များဖြစ်သည့် မြန်မာ့အနုသုခုမပညာရပ်များ မတိမ်ကောအောင်၊ ထွန်းကားပြန့်ပွားအောင် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာတွင် တစ်ခုတည်းသောဆောင်ရွက်ချက်တစ်ခုမှာ နိုင်ငံတစ်ဝန်းလုံး ပါဝင်ဆင်နွှဲသည့် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲများကို နှစ်စဉ်ကျင်းပပေးနေခြင်းဖြစ်သည်။ ၁၉၉၃ ခုနှစ်မှ စတင်ကျင်းပခဲ့သည့်ပြိုင်ပွဲကြီးသည် ယနေ့အချိန်အခါတွင် (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးအဖြစ် နေပြည်တော်၌ ခမ်းနားထည်ဝါဂုဏ်ယူဖွယ်ရာ ကျင်းပနေပြီဖြစ်သည်။

(၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးကို အမျိုးဂုဏ်၊ ဇာတိဂုဏ်မြင့်မားရေးနှင့် ယဉ်ကျေးမှုအမွေအနှစ်များ၊ အမျိုးသားရေးလက္ခဏာများ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ရေး၊ တိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အနုပညာအမွေအနှစ်များနှင့် အမျိုးသား ယဉ်ကျေးမှုစရိုက်လက္ခဏာများ မပျောက်ပျက်စေရန် ဖော်ထုတ်၊ ထိန်းသိမ်း၊ မြှင့်တင်ရေး၊ မျိုးဆက်သစ်လူငယ်များကြားတွင် ရိုးရာယဉ်ကျေးမှုအမွေအနှစ်များကို ဖော်ထုတ်ထိန်းသိမ်းခြင်းနှင့်ထပ်တူ အမျိုးသားရေးစိတ်ဓာတ်များ ပိုမိုထွန်းကားပြန့်ပွားစေရေး၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် တည်ငြိမ်အေးချမ်းရေးတို့အတွက် အမျိုးသားယဉ်ကျေးမှုအခန်းကဏ္ဍမှ တစ်တပ်တစ်အား ပူးပေါင်းပါဝင် ဆောင်ရွက်ရေးဟူသည့် ဦးတည်ချက်များနှင့်အညီ အနှစ်သာရရှိရှိကျင်းပနေသည်။

သို့ဖြစ်ရာ ပြည်ထောင်စုမြန်မာနိုင်ငံတော်ရှိ ဘိုးဘွားဘီဘင်များ လက်ဆင့်ကမ်းအမွေပေးခဲ့သည့် ရိုးရာယဉ်ကျေးမှုအမွေအနှစ်ဖြစ်သည့် အနုသုခုမပညာရပ်များကို မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးများမှတစ်ဆင့် ဖော်ထုတ်မြှင့်တင်ပေးပြီး မြန်မာတို့၏ အမျိုးဂုဏ်၊ ဇာတိဂုဏ်နှင့် ယဉ်ကျေးမှုအမွေအနှစ်များ မြင့်မားတိုးတက်လာအောင် ဖော်ဆောင်နိုင်မည်ဟု ယုံကြည်ပါကြောင်း။                ။