နေပြည်တော် အောက်တိုဘာ ၂၀
၂၀၂၃ ခုနှစ်၊ နှစ်လယ် မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ချီးမြှင့်သည်။
အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီဝင်များ၊ ပြည်ထောင်စုဝန်ကြီးများနှင့် ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ နေပြည်တော်တိုင်း စစ်ဌာနချုပ်တိုင်းမှူး၊ ဌာနဆိုင်ရာများမှတာဝန်ရှိသူများ၊ မြန်မာနိုင်ငံကျောက်မျက် လုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ၊ ပြည်တွင်း၊ ပြည်ပမှကျောက်မျက်လုပ်ငန်းရှင်များ တက်ရောက်ကြသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အခမ်းအနားတက်ရောက်လာကြသူများသည် ကျောက်မျက်ရတနာပြပွဲများ ကျင်းပရောင်းချခဲ့မှု၊ မြန်မာ့ပုလဲများထုတ်လုပ်မှုနှင့်ရောင်းချနိုင်မှု၊ ကျောက်မျက်ရတနာပစ္စည်းများထုတ်လုပ်မှုနှင့် ၂၀၂၃ ခုနှစ်၊ နှစ်လယ် မြန်မာ့ကျောက်မျက်ရတနာပြပွဲအခမ်းအနား ကျင်းပနိုင်ရေး ပြင်ဆင်ဆောင်ရွက်ခဲ့မှု ဗီဒီယိုမှတ်တမ်းကိုကြည့်ရှုကြသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အခမ်းအနားတက်ရောက်လာကြသူများသည် ၂၀၂၃ ခုနှစ်၊ နှစ်လယ် မြန်မာ့ကျောက်မျက်ရတနာပြပွဲ၌ရောင်းချရန် မဏိရတနာကျောက်စိမ်းခန်းမအတွင်းပြသထားသော ကျောက်စိမ်း၊ ကျောက်မျက်အတွဲများနှင့် ပုလဲအတွဲများကို လိုက်လံကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြမှုအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် ပုဂ္ဂလိကကျောက်မျက်ရတနာအချောထည်အရောင်းပြခန်းများ ဖွင့်လှစ်ရောင်းချနေမှုကို လိုက်လံကြည့်ရှုအားပေးပြီး ခန်းမအပြင်ဘက်တွင် ခင်းကျင်းပြသထားသည့် ကျောက်စိမ်းရိုင်းအတွဲများကို ကြည့်ရှုစစ်ဆေးသည်။
နိုင်ငံတော်အတွက် နိုင်ငံခြားဝင်ငွေရရှိရန်နှင့် နိုင်ငံသားများအတွက် စီးပွားရေးအကျိုးဖြစ်ထွန်းမှုများရရှိနိုင်စေရန်အတွက် တူးဖော်ထုတ်လုပ်ထားသည့် ကျောက်မျက်ရတနာများကိုရောင်းချနိုင်မည့် မြန်မာ့ကျောက်မျက်ရတနာပြပွဲများကို ၁၉၆၄ ခုနှစ်မှစတင်၍ကျင်းပခဲ့သည်။ ယခုရတနာပြပွဲတွင် ပုလဲအတွဲပေါင်း (၃၀၀)၊ ကျောက်မျက်အတွဲပေါင်း (၁၆၀) နှင့် ကျောက်စိမ်းအတွဲပေါင်း (၄၀၂၅) တွဲတို့ကို အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချပေးသွားမည်ဖြစ်ပြီး ပုလဲအတွဲနှင့် ကျောက်မျက်အတွဲတို့ကို အမေရိကန်ဒေါ်လာဖြင့် ကြမ်းခင်းဈေးသတ်မှတ်ထားကာ ဝယ်ယူခွင့်ရရှိသည့် ပြည်ပရတနာကုန်သည်များအနေဖြင့် အမေရိကန်ဒေါ်လာ၊ ယူရိုငွေ၊ ယွမ်ငွေ၊ ထိုင်းဘတ်ငွေ တို့ဖြင့်လည်းကောင်း၊ ပြည်တွင်းရတနာကုန်သည်များအနေဖြင့် ကျပ်ငွေဖြင့်လည်းကောင်း ပေးချေဝယ်ယူနိုင်မည်ဖြစ်သည်။
ကျောက်စိမ်းအတွဲများ ရောင်းချရာတွင် အုပ်စု (၃) စုခွဲခြားထားပြီး နိုင်ငံခြားငွေရရှိရန်အတွက် ကျောက်စိမ်းအတွဲအုပ်စု (အေ) နှင့် (ဘီ) ဖြင့်လည်းကောင်း၊ MSME လုပ်ငန်းရှင်များကို အားပေးမြှင့်တင်ရန်အတွက် အုပ်စု (စီ) ဖြင့်လည်းကောင်း သတ်မှတ်ထားသည်။
ကျောက်စိမ်းအတွဲ (၅၀၀) ပါဝင်သည့် အုပ်စု (အေ) ကို အမေရိကန်ဒေါ်လာဖြင့် ကြမ်းခင်းဈေးသတ်မှတ်ထားပြီး ပြည်ပရတနာကုန်သည်များသာမက ပြည်တွင်းရတနာ ကုန်သည်များပါ အမေရိကန်ဒေါ်လာ၊ ယူရိုငွေ၊ ယွမ်ငွေ၊ ထိုင်းဘတ်ငွေစသည့်နိုင်ငံခြားငွေဖြင့် ပေးချေဝယ်ယူရမည်ဖြစ်သည်။
ကျောက်စိမ်းအတွဲ (၁၇၃၃) တွဲ ပါဝင်သည့် အုပ်စု (ဘီ) ကို အမေရိကန်ဒေါ်လာဖြင့် ကြမ်းခင်းဈေးသတ်မှတ်ထားပြီး ပြည်ပရတနာကုန်သည်များအနေဖြင့် နိုင်ငံခြားငွေဖြင့်လည်းကောင်း၊ ပြည်တွင်းရတနာကုန်သည်များအနေဖြင့် ကျပ်ငွေ (သို့မဟုတ်) နိုင်ငံခြားငွေဖြင့်လည်းကောင်း ပေးချေဝယ်ယူနိုင်မည်ဖြစ်သည်။
MSME လုပ်ငန်းရှင်များကို အားပေးမြှင့်တင်ရန်ရည်ရွယ်ရောင်းချသည့် ကျောက်စိမ်းအတွဲ (၁၇၉၂) တွဲပါဝင်သည့် အုပ်စု (စီ) ကို ကျပ်ငွေဖြင့် ကြမ်းခင်းဈေးသတ်မှတ်ထားပြီး ပြည်တွင်းရတနာကုန်သည်များကသာ ကျပ်ငွေဖြင့် ပေးချေဝယ်ယူခွင့်ရှိကြောင်း သိရသည်။
ယခု ကျင်းပပြုလုပ်သည့် ၂၀၂၃ ခုနှစ် နှစ်လယ် မြန်မာ့ကျောက်မျက်ရတနာပြပွဲကို အောက်တိုဘာ ၂၀ ရက်မှ ၂၈ ရက်အထိ ခင်းကျင်းပြသရောင်းချပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။