၁။ ၂၀၂၃-၂၀၂၄ ခုနှစ် မိုးစပါးများ ရိတ်သိမ်းကြရာတွင် စပါးရိတ်သိမ်းခြွေလှေ့စက် (Combine Harvester)များ အသုံးပြုပြီးရိတ်သိမ်းခြွေလှေ့ခြင်းဖြင့် (က)အချိန်ကုန်သက်သာခြင်း (ခ)အလေ အလွင့်နည်းပါးခြင်း (ဂ)ဆန်အရည်အသွေးကောင်းမွန်ခြင်း (ဃ)လူလုပ်အားအစားထိုးနိုင်ခြင်း၊ (င)စီးပွားရေးတွက်ခြေကိုက်ခြင်း စသည့်အကျိုးကျေးဇူးများကို ရရှိနိုင်မည်ဖြစ်ပါသည်။
၂။ စပါးရိတ်သိမ်းခြွေလှေ့စက်ပိုင်ရှင်များအနေဖြင့် လုပ်ငန်းခွင်မဝင်ရောက်မီကတည်းက မိမိတို့၏စက်များကို ကြံ့ခိုင်ထိန်းသိမ်း ပြုပြင်မှုများ အချိန်နှင့်တစ်ပြေးညီ စနစ်တကျ ဆောင်ရွက်ထားကြရန် လိုအပ်ပါသည်။
၃။ ရိတ်သိမ်းခြွေလှေ့စက်မောင်းနှင်မည့် စက်မောင်းသူများအနေဖြင့် ရိတ်သိမ်းခြွေလှေ့စက်များကို ကျွမ်းကျင်စွာ မောင်းနှင်နိုင်မှသာ စပါးအလေအလွင့်နည်းမည်ဖြစ်၍ ကြိုတင်၍ လေ့ကျင့်သင်ကြားထားရန် လိုအပ်မည်ဖြစ်ပါသည်။
၄။ ရိတ်သိမ်းရာတွင် စပါးများအလေအလွင့်နည်းပါးစေရန်အတွက် စပါးရိတ်သိမ်းခြွေလှေ့စက်ဖြင့် ရိတ်သိမ်းမည့်လယ်ကွက်များအား မရိတ်သိမ်းမီ ရေကိုပြောင်စင်အောင် ထုတ်ထားကြပြီး စက်မောင်းနှင်ရန်အတွက် သင့်တော်သည့် မြေအနေအထားရရှိအောင်ကြိုတင် ဆောင်ရွက်ထားကြရန်နှင့် စပါးများကို မောင်းညိုချိန်တွင် ရိတ်သိမ်းကြရန် လိုအပ်မည်ဖြစ်ပါသည်။
၅။ ပေါင်းများသောစပါးခင်းများ၊ လဲနေသောစပါးခင်းများကို ရိတ်သိမ်းခြွေလှေ့စက်ဖြင့် ရိတ်သိမ်းမည်ဆိုပါက အလေအလွင့် အနည်းငယ်ရှိနိုင်ပြီး ကျွမ်းကျင်သော စက်မောင်းသမားများဖြင့် ရိတ်သိမ်းရန် လိုအပ်မည်ဖြစ်ပါသည်။
၆။ သို့ဖြစ်ပါ၍ တောင်သူလယ်သမားများအပါအဝင် စပါးသီးနှံ စိုက်ပျိုးထုတ်လုပ် ရောင်းဝယ်ရေး လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်နေကြသော လုပ်ငန်းရှင်များအနေဖြင့် မိုးစပါးများ ရိတ်သိမ်းခြွေလှေ့ကြရာတွင် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကြရန်နှင့် လိုအပ်ပါက သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်၊ ခရိုင်၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနများနှင့် စက်မှုလယ်ယာဦးစီးဌာနများသို့ ဆက်သွယ်ဆောင်ရွက်နိုင်ကြောင်း ကြိုတင်အသိပေးနှိုးဆော်အပ်ပါသည်။
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန