Skip to main content

ပုသိမ်မြို့၌ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲလူနာများအား ခွဲစိတ်ကုသပေး

နေပြည်တော် အောက်တိုဘာ ၁၆

ကျန်းမာရေးဝန်ကြီးဌာနမှ ကြီးမှူးကျင်းပမည့် မြန်မာနိုင်ငံ သွားဘက်ဆိုင်ရာဆေးပညာညီလာခံ (Myanmar Dental Health Science Conference)ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ညီလာခံအကြို လှုပ်ရှားမှုအနေဖြင့် ဧရာဝတီတိုင်းဒေသကြီး ပြည်သူ့ဆေးရုံကြီး (ပုသိမ်မြို့)တွင် အောက်တိုဘာ ၁၃ ရက်မှ ၁၄ ရက်အထိ မွေးရာပါနှုတ်ခမ်းကွဲ၊ အာခေါင်ကွဲလူနာ ၄၃ ဦးကို ခွဲစိတ်ကုသမှုဆောင်ရွက်ပေးနိုင်ခဲ့သည်။

အဆိုပါအစီအစဉ်အတွင်း သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်(ရန်ကုန်) မျက်နှာမေးရိုးနှင့် ခံတွင်းခွဲစိတ်ကုဌာနမှ ပါမောက္ခဒေါက်တာထွန်းငွေ ဦးဆောင်သော မျက်နှာမေးရိုးနှင့် ခွဲစိတ်အထူးကု ဆရာဝန်ကြီးများနှင့်ပြည်သူ့ဆေးရုံကြီး (ပုသိမ်မြို့)မှ မေ့ဆေးအထူးကုဆရာဝန်ကြီးများ၊ သွားနှင့်ခံတွင်း အထူးကုဆရာဝန်များ၊ သူနာပြုများပူးပေါင်းကာ ခွဲစိတ်ကုသမှု ဆောင်ရွက်နိုင်ရေးအတွက် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များအားလုံးမှ ခွဲစိတ်ကုသရန်သင့်လျော်သော အာခေါင်ကွဲလူနာကိုးဦးနှင့် နှုတ်ခမ်းကွဲလူနာ ၃၄ ဦးတို့ကိုအောင်မြင်စွာ ခွဲစိတ်ကုသပေးနိုင်ခဲ့သည်။

အောက်တိုဘာ ၁၃ ရက် နံနက်ပိုင်းက ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ ခွဲစိတ်ကုသမှုများကိုကြည့်ရှု၍ အထူးကုဆရာဝန်ကြီးများအား အမှတ်တရလက်ဆောင်များပေးအပ်ပြီး နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲလူနာများနှင့် မိသားစုများကို ရင်းရင်းနှီးနှီးတွေ့ဆုံအားပေးစကားများ ပြောကြားကာ အာဟာရပြည့် စားသောက်ဖွယ်ရာများ ထောက်ပံ့ ပေးအပ်သည်။

မြန်မာနိုင်ငံသွားဘက်ဆိုင်ရာဆေးပညာ ညီလာခံ(Myanmar Dental Health Science Conference)ကို နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၂ (MICC-2) ၌ ဆောင်ရွက်မည်ဖြစ်ပြီး ညီလာခံအကြိုလှုပ်ရှားမှုအဖြစ် သက်ကြီးရွယ်အိုများအတွက် သွားတု(အံကပ်/အံပုံ)များ တပ်ဆင်ပေးခြင်းနှင့် နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ လူနာများ ခွဲစိတ်ကုသမှုကို ၂၀၂၃ ခုနှစ်အောက်တိုဘာလအတွင်း နေပြည်တော်ရှိ သွားနှင့်ခံတွင်း အထူးကုဆေးရုံ၌ ဆောင်ရွက်ပေးရန် စီစဉ်ထားရှိသည်။

နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲလူနာများ ခွဲစိတ်ကုသမှုများကို ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ မန္တလေးပြည်သူ့ဆေးရုံကြီး၊ နေပြည်တော်ပြည်သူ့ဆေးရုံကြီး (ခုတင်-၁၀၀၀)၊ သွားနှင့်ခံတွင်း အထူးကုဆေးရုံ (နေပြည်တော်)၊ မော်လမြိုင်မြို့၊ လွိုင်လင်မြို့၊ လှိုင်သာယာမြို့ ပြည်သူ့ဆေးရုံကြီးများတွင် ဆောင်ရွက်ပေးလျက်ရှိပြီး ရွှေဘိုမြို့၊ မြိတ်မြို့၊ မကွေးမြို့ ပြည်သူ့ဆေးရုံကြီးများတွင် တိုးချဲ့ဆောင်ရွက်နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကာ ပြည်တွင်းရှိ မျက်နှာမေးရိုးနှင့်ခံတွင်းခွဲစိတ်ကုသမှုဆိုင်ရာဆေးပညာရှင်များအပြင် ပြည်ပပညာရှင်များနှင့်ပါ တွဲဖက်၍ ကွင်းဆင်းကုသမှုများကိုလည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

သတင်းစဉ်