Skip to main content

(၈)နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားသို့တက်ရောက်ခဲ့သော တိုင်းရင်းသားလက်နက်ကိုင် ကိုယ်စားလှယ်အဖွဲ့များက လာရောက်ဂါရဝပြုတွေ့ဆုံ

နေပြည်တော် အောက်တိုဘာ ၁၆

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အား တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA) (၈)နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနားသို့ တက်ရောက်ခဲ့သော တိုင်းရင်းသားလက်နက်ကိုင်ကိုယ်စားလှယ်အဖွဲ့များက ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ၊ ဧည့်ခန်းမဆောင်၌ လာရောက်ဂါရဝပြုတွေ့ဆုံသည်။

အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ ဒုတိယဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်နှင့် တပ်မတော်အရာရှိကြီးများ တက်ရောက်ကြပြီး တိုင်းရင်းသားလက်နက်ကိုင် ကိုယ်စားလှယ်အဖွဲ့များဖြစ်ကြသည့် KNU/KNLA(PC)ဥက္ကဋ္ဌ စောထော့လေး၊ ရခိုင်လွတ်မြောက်ရေးပါတီ(ALP)ဥက္ကဋ္ဌ စောမြရာဇာလင်း၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး(LDU)ဥက္ကဋ္ဌ ကျာဆော်လမွန်၊ KKO အဖွဲ့မှ ကွပ်ကဲရေးမှူး စောဘငြိမ်း၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်ဥက္ကဋ္ဌ ခွန်သူရိန်၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်နာယက ခွန်ဥက္ကာ၊ မွန်ပြည်သစ်ပါတီ(NMSP) ဗဟိုအလုပ်အမှုဆောင် နိုင်ဗညားလယ်၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(ABSDF) ဒုတိယဥက္ကဋ္ဌဦးမျိုးဝင်းတို့ တက်ရောက်ကြသည်။

ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) (၈)နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားသို့တက်ရောက်ခဲ့သည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအနေဖြင့် ပြည်တွင်းတည်ငြိမ်အေးချမ်းရေးအတွက် လာရောက်ခဲ့ကြခြင်းဖြစ်သဖြင့် ဝမ်းမြောက်ပါကြောင်း၊ တပ်မတော်အနေဖြင့်လည်း ကြိုဆိုပါကြောင်းပြောကြားပြီး  တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA)လက်မှတ်ရေးထိုးခဲ့မှုအခြေအနေများ၊ တပ်မတော်အနေဖြင့် ဒို့တာဝန်အရေးသုံးပါးနှင့် ပါတီစုံဒီမိုကရေစီစနစ်လျှောက်လှမ်းမှုကို ထိခိုက်မှုမရှိပါက တွေ့ဆုံဆွေးနွေးမှုများကို ဆောင်ရွက်သွားမည့်အခြေအနေများ၊ ၂၀၂၀ ပြည့်နှစ်ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲတွင် မဲမသမာမှုများဖြစ်ပေါ်ခဲ့ခြင်းကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)နှင့်အညီ တပ်မတော်မှ နိုင်ငံတော်တာဝန်များကိုထမ်းဆောင်ခဲ့ရမှု အခြေအနေများ၊ နိုင်ငံတော်နှင့် တပ်မတော်အနေဖြင့် NCA လမ်းကြောင်းပေါ်တွင် ဆက်လက်လျှောက်လှမ်းလျက်ရှိမှု အခြေအနေများ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် အမျိုးသားရေးမျှော်မှန်းချက် ၂ ရပ်ဖြစ်သည့် တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာပေါများရေး၊ နိုင်ငံရေး မျှော်မှန်းချက် ၂ ရပ်ဖြစ်သည့် စစ်မှန်၍စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာရေးနှင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးတို့ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ တိုင်းပြည်ကောင်းစေရန်အတွက် သက်ဆိုင်သူအားလုံးက တူညီသည့်ဆန္ဒများဖြင့်ဆောင်ရွက်ရန် လိုအပ်မှုအခြေအနေများ၊ တိုင်းပြည်တည်ငြိမ်အေးချမ်းရေးနှင့် ဒေသအလိုက်တည်ငြိမ်အေးချမ်းရေးအတွက် ဝိုင်းဝန်းဆောင်ရွက်သွားရန် လိုအပ်မှုအခြေအနေများ၊ တပ်မတော်အနေဖြင့် ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းများဆောင်ရွက်ရာတွင် စိတ်ရှည်သည်းခံစွာဖြင့် ဆောင်ရွက်လျက်ရှိမှု အခြေအနေများနှင့်ပတ်သက်၍ ဆွေးနွေး ပြောကြားသည်။

ယင်းနောက် တက်ရောက်လာကြသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များက တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA) (၈)နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားကို ခမ်းနားထည်ဝါစွာကျင်းပပေးခဲ့သည့်အတွက် ကျေးဇူးတင်ရှိမှု၊ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA)နှင့် ပတ်သက်၍ အချို့အဖွဲ့အစည်းများက ပျက်ပြယ်ပြီဟုထုတ်ပြန်မှုများရှိသော်လည်း NCA စာချုပ်မှာပျက်ပြယ်မှုမရှိဘဲ တည်တံ့ခိုင်မြဲနေဆဲဖြစ်သည့် အခြေအနေများနှင့် NCA လမ်းကြောင်းပေါ်၌ ခိုင်ခိုင်မာမာဖြင့် ဆက်လက်လျှောက်လှမ်းလျက်ရှိသည့် အခြေအနေများ၊ ပြည်တွင်း ငြိမ်းချမ်းရေးရရှိရန်အတွက် ရှေ့ဆက်ဆောင်ရွက်သင့်သည့် အကြံပြုချက်များ၊ NCA တွင်ပါဝင်မှုမရှိသေးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ NCA တွင် ပါဝင်လာနိုင်ရေးဆောင်ရွက်သင့်သည့် အခြေအနေများနှင့်ပတ်သက်၍ ဆွေးနွေးတင်ပြကြပြီး ပြည်တွင်းငြိမ်းချမ်းမှုရရှိရေးနှင့် ဒေသအလိုက်ဖွံ့ဖြိုးတိုတက်မှုများရှိစေရေးအတွက် ဆောင်ရွက်သင့်သည့် အခြေအနေများ၊ ဒေသအလိုက်ပညာရည်မြင့်မားရေးအတွက် ဆောင်ရွက်သင့်သည့် အခြေအနေများနှင့် ပတ်သက်၍ ရင်းရင်းနှီးနှီးဆွေးနွေးခဲ့ကြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က မိမိတို့အနေဖြင့် နိုင်ငံတည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် ရှေ့သို့ချီမည်ပန်းတိုင်ဆီ (Keep Moving Forward To Achieve Our Goal)ဆိုသည့် ဆောင်ပုဒ်အတိုင်း ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး ယခုတက်ရောက်လာကြသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ အားလုံးကလည်း ပါဝင်ဆောင်ရွက်ကြစေလိုကြောင်းဖြင့် တိုက်တွန်းပြောကြားခဲ့ကြောင်း သတင်းရရှိသည်။