နေပြည်တော် အောက်တိုဘာ ၁၅
နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ခွန်သန့်ဇော်ထူးသည် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် မြိတ်မြို့ ခရိုင်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်းများသို့ရောက်ရှိပြီး ရုံး၊ ဝန်ထမ်းအိမ်ရာ၊ ယန္တရားဂိုဒေါင်၊ အိပ်ဆောင်၊ စားရိပ်သာ၊ သင်တန်းခန်းမ၊ စာသင်ဆောင်များအခြေအနေနှင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့်လုပ်ငန်းများကို လှည့်လည်ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များမှာကြားကာ ဝန်ထမ်းများအတွက် ချီးမြှင့်ငွေများ ပေးအပ်သည်။
ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ယမန်နေ့နံနက်ပိုင်းတွင် ဘုတ်ပြင်းမြို့နယ် ပုလဲကျွန်း၌ နယ်စပ်ရေးရာဝန်ကြီးဌာနမှ တာဝန်ယူတည်ဆောက်ပေးထားသော တစ်ဖက်ပိတ် ရေလှောင်တမံနှင့် လေယာဉ်ပြေးလမ်း မြေထိန်းနံရံတို့ကို ကြည့်ရှုစစ်ဆေးခဲ့သည်။
ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ကျွန်းစုမြို့နယ် ကမ်းကြီးကျေးရွာအုပ်စု မော်တုံးကြီး-တောင်သုံးလုံး ကျေးရွာချင်းဆက် မြေသားလမ်း ၁၁ မိုင်အနက် ကျန်ရှိသည့် သုံးမိုင်ဖောက်လုပ်နေမှုကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်