Skip to main content

NCA အခြေခံမူများကိုလိုက်နာ၍ ထာဝရငြိမ်းချမ်းရေးဆီသို့

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (Nationwide Ceasefire Agreement – NCA) (၈) နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနားကို နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန (MICC-II) ၌ နိုင်ငံရေးအဓိပ္ပာယ်အနှစ်သာရရှိစွာဖြင့် ခမ်းနားထည်ဝါဂုဏ်ယူဖွယ်ရာ ကျင်းပခဲ့သည်။ NCA သည် တိုင်းရင်းသားပြည်သူများမျှော်လင့်ချက်၊ ပြည်ထောင်စုကြီးရည်မှန်းချက်၏ ကနဦးအချက်ဖြစ်သည်။

NCA ကို ၂၀၁၅ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့တွင် နိုင်ငံတော်အစိုးရ၊ တပ်မတော်၊ လွှတ်တော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများသည် ကမ္ဘာ့ကုလသမဂ္ဂအပါအဝင် တရုတ်၊ အိန္ဒိယ၊ ဂျပန်၊ ထိုင်း စသည့်နိုင်ငံများမှ သံတမန်များ၊ ပြည်တွင်းအသိသက်သေများရှေ့မှောက်တွင် ခမ်းနားထည်ဝါစွာ လက်မှတ်ရေးထိုးခဲ့သည့်စာချုပ်ဖြစ်သည်။ ထိုစာချုပ်ကြီးမှာ ပြည်ထောင်စုလွှတ်တော်က အတည်ပြုပေးထားသောစာချုပ်ကြီးဖြစ်၍ မည်သည့်အချိန်မျှ ပျက်ပြယ်မှုလုံးဝမရှိဘဲ တည်ရှိနေသည့်သမိုင်းဝင်စာချုပ်ကြီးဖြစ်သည်။

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) ကို လက်မှတ်ရေးထိုးကြသော ဦးဆောင်ပုဂ္ဂိုလ်များအားလုံးသည် ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးတည်ဆောက်နိုင်ရေးအတွက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံအား ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးကိုရှေးရှု၍ လွတ်လပ်မှု၊ တန်းတူညီမျှမှုနှင့် တရားမျှတမှုတို့ကိုအခြေခံပြီး ပင်လုံစိတ်ဓာတ်နှင့်အညီ ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့်အရေးများ၊ အာမခံချက်များ အပြည့်အဝရှိသော ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရန် တညီတညွတ်တည်းဆုံးဖြတ်ခဲ့ကြသည်။

NCA စာချုပ်သည် မြန်မာနိုင်ငံတွင် နှစ်ပေါင်းရှည်ကြာဖြစ်ပွားခဲ့သော လက်နက်ကိုင်ပဋိပက္ခများကို စစ်ရေးနည်းဖြင့် ဖြေရှင်းခြင်းမပြုဘဲ နိုင်ငံရေးနည်းဖြင့် ဖြေရှင်းသည့် နိုင်ငံရေးယဉ်ကျေးမှုသစ်ကို ဦးတည်ထားသည့်စာချုပ်ဖြစ်သည်။ စာချုပ်ကြီးသည် အပစ်အခတ်ရပ်စဲရေးဆိုသော်လည်း ပြည်ထောင်စုကြီး ထာဝရအဓွန့်ရှည်တည်တံ့ခိုင်မြဲပြီး သာယာဝပြောရေးကိုရှေးရှုထားသည်။ ထို့ကြောင့် ပြည်ထောင်စုကြီးအနာဂတ်အတွက် ပိုမိုကောင်းမွန်သောအချက်များပါရှိသဖြင့် စာချုပ်တွင် နှစ်ဖက်အပြန်အလှန်ထားရှိကြသော ကတိကဝတ်များကို စောင့်ထိန်း၍ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် ပွင့်လင်းမြင်သာခြင်း၊ တာဝန်ယူခြင်း၊ တာဝန်ခံခြင်းတို့ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ရန်လိုအပ်သည်။

NCA စာချုပ် လက်မှတ်ရေးထိုးပြီးသည့် ရှစ်နှစ်တာကာလအတွင်း တိုးတက်မှုများရှိသလို စိန်ခေါ်မှုများစွာလည်းရှိခဲ့သည်။ စာချုပ်တွင် တိုင်းရင်းသားပြည်သူများ လိုလားမျှော်လင့်လျက်ရှိသော ဒီမိုကရေစီနှင့်ဖက်ဒရယ်ပြည်ထောင်စုကို ရှေးရှုဖော်ဆောင်ထားပြီး အဆိုပါရည်မှန်းချက်များ အောင်မြင်အောင် တစိုက်မတ်မတ် ကြိုးပမ်းအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာတွင် ပြည်တွင်းရှိ တိုင်းရင်းသားညီအစ်ကိုမောင်နှမများ စိတ်ဝမ်းကွဲစေသည့်အချက်များကို သတိပြုရမည် ဖြစ်သည်။ ဒီမိုကရေစီစနစ်ကို လိုလားပါသည်ဆိုသော ပြည်တွင်းမှနိုင်ငံရေးပါတီတစ်ခုနှင့် ပြည်ပမှဒီမိုကရေစီနိုင်ငံကြီးအချို့က ဟန့်တားနှောင့်ယှက်နေသည်ကို တွေ့မြင်ရမည်ဖြစ်သည်။

NCA သည် ပြည်တွင်း/ပြည်ပ အသိသက်သေများရှေ့မှောက်တွင် အတည်ပြုလက်မှတ်ရေးထိုးထားသည့် မြန်မာနိုင်ငံ၏ သမိုင်းဝင်စာချုပ်တစ်ခုဖြစ်၍ မည်သည့်အခါမျှ ပျက်ပြယ်ခြင်းမရှိ၊ မည်သို့မျှဖျက်ဆီးခွင့်မရှိသည့် အရေးကြီးသည့်စာချုပ်ဖြစ်သည်။ တိုင်းရင်းသားပြည်သူများ စုပေါင်းနေထိုင်ကြသည့် ပြည်ထောင်စုကြီး ထာဝရငြိမ်းချမ်းရေးအတွက် ရှေးရှုဦးတည်ထားသောစာချုပ်ဖြစ်သည်။ တိုင်းရင်းသားပြည်သူအားလုံး မျှော်မှန်းချက်ဖြစ်သည့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရာတွင် အခြေခံကျသည့် စာချုပ်ဖြစ်သည်။ NCA သည် နိုင်ငံရေးအနှစ်သာရပြည့်ဝစွာဖြင့် ရေးဆွဲထားသည့်စာချုပ်ဖြစ်၍ NCA မူဘောင်နှင့်အညီ ငြိမ်းချမ်းရေးကို အလေးထားဆောင်ရွက်နိုင်ကြမည်ဟုမျှော်လင့်သည်။ ထို့အပြင် တိုင်းရင်းသားပြည်သူများနှင့် အဓိကသက်ဆိုင်သည့် ပြည်သူတစ်ဦးတစ်ယောက်၏ ဂုဏ်သိက္ခာနှင့်ဘဝတို့ကိုထိခိုက်စေသည့် လုပ်ရပ်မှန်သမျှတို့ကို ရှောင်ကြဉ်ရန်၊ ပြည်သူလူထုအကျိုးအတွက် ဆောင်ရွက်ထားသည့် ပညာရေး၊ ကျန်းမာရေးဆိုင်ရာတို့ကို နှောင့်ယှက်ခြင်းမပြုရန်၊ အမျိုးသမီးများနှင့် ပြည်သူများ၏ ဘဝလုံခြုံမှုမထိခိုက်စေရန်တို့ပါဝင်ပြီး တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများသည် အရပ်သားပြည်သူများ စိုးရိမ်ကြောင့်ကြမှုမရှိဘဲ အပစ်ရပ်နယ်မြေအတွင်း လွတ်လပ်စွာသွားလာခွင့်ပြုပြီး ပြည်သူလူထု၏ လူမှုဘဝလုံခြုံရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်ပေးရန်ဟူသည့်အချက်များပါဝင်သဖြင့် အလေးထားလိုက်နာဆောင်ရွက်ကြရမည်ဖြစ်သည်။

သို့ဖြစ်ရာ NCA စာချုပ်သည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နှင့် တိုင်းရင်းသားပြည်သူများအားလုံးအတွက် အရေးပါသည့်စာချုပ်ဖြစ်ရာ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုကိုတည်ဆောက်နိုင်ရန်အတွက် NCA အခြေခံမူများကို လက်တွေ့လိုက်နာဆောင်ရွက်ပြီး ထာဝရငြိမ်းချမ်းသာယာဝပြောသည့် ပြည်ထောင်စုကြီးဖြစ်ပေါ်လာအောင် အားလုံးကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။         ။