Skip to main content

ဒုတိယဗိုလ်ချုပ်ကြီး(ဟောင်း) မိုးမြင့်ထွန်းနှင့် ဗိုလ်မှူးချုပ်(ဟောင်း) ရန်နောင်စိုးတို့အား စစ်တရားရုံးဖြင့် စစ်ဆေးစီရင်ပြီး ပြစ်ဒဏ်အသီးသီးချမှတ်

နေပြည်တော် အောက်တိုဘာ ၁၀

ဒုတိယဗိုလ်ချုပ်ကြီး(ဟောင်း) မိုးမြင့်ထွန်းသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ဥက္ကဋ္ဌ၊ နိုင်ငံခြားသုံးငွေကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ၊ ကုန်သွယ်မှုနှင့်ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်ရေးဗဟိုကော်မတီဥက္ကဋ္ဌ တာဝန်များကိုထမ်းဆောင်စဉ်အတွင်း နိုင်ငံတော်၏နိုင်ငံခြားသုံးငွေဆိုင်ရာမူဝါဒ၊ အရေးကြီးကုန်စည်ဆိုင်ရာမူဝါဒနှင့် အခြားစီးပွားရေးဆိုင်ရာမူဝါဒများနှင့်ဆန့်ကျင်၍ ပုဂ္ဂိုလ်ရေးအကျိုးအမြတ်ရယူဆောင်ရွက်ခဲ့ခြင်းဖြင့် နိုင်ငံတော်ကချမှတ်ထားသည့် ရှေ့လုပ်ငန်းစဉ်များနှင့်ဦးတည်ချက်များကို သွေဖည်ဆောင်ရွက်၍ နိုင်ငံတော်သစ္စာဖောက်ဖျက်မှုကိုကျူးလွန်ခဲ့ခြင်း၊ နိုင်ငံတော်အစိုးရက စားအုန်းဆီများကိုတင်သွင်းရန် သတ်မှတ်ရာခိုင်နှုန်းအတွက် ကျသင့်ဒေါ်လာများအား မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ရည်ညွှန်းဈေးနှုန်းဖြင့်ရောင်းချပေးကာ တင်သွင်းစေခဲ့သော်လည်း နိုင်ငံတော်အစိုးရက ခွင့်ပြုရောင်းချရန်သတ်မှတ်ထားသည့် ရည်ညွှန်းဈေးနှုန်းထက် ဈေးတင်ရောင်းချခြင်းကိုသိလျက် အရေးယူဆောင်ရွက်ရန်ပျက်ကွက်ခြင်း၊ ပတ်သက်ဆောင်ရွက်ခြင်း၊ ကုမ္ပဏီများကပေးအပ်သည့် တံစိုးလက်ဆောင်ပစ္စည်းများကို ရာထူးလုပ်ပိုင်ခွင့်ကိုအသုံးပြု၍ ရယူဆောင်ရွက်ခဲ့ခြင်း၊ နိုင်ငံခြားသုံးငွေများကို တရားမဝင်လက်ဝယ်ထားရှိခြင်း၊ စစ်စည်းကမ်းဆိုင်ရာညွှန်ကြားချက်များကိုဖောက်ဖျက်၍ အရပ်ဘက် စီးပွားရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခဲ့ခြင်းတို့ကို ကျူးလွန်ခဲ့သဖြင့် သက်ဆိုင်ရာဥပဒေပုဒ်မများဖြင့်စွဲချက်တင်ကာ စစ်တရားရုံးဖြင့်စစ်ဆေးစီရင်ပြီး နှစ်ဆယ်နှစ်ကာလနှင့်ညီမျှသော တစ်သက်တစ်ကျွန်းဒဏ်ကိုလည်းကောင်း၊ ဗိုလ်မှူးချုပ်(ဟောင်း) ရန်နောင်စိုးသည် ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်ရေးဗဟိုကော်မတီ တွဲဖက်အတွင်းရေးမှူး တာဝန်ထမ်းဆောင်စဉ် နိုင်ငံတော်၏စီးပွာရေးဆိုင်ရာမူဝါဒနှင့်ဆန့်ကျင်၍ ပုဂ္ဂိုလ်ရေးအကျိုးအမြတ်ရယူဆောင်ရွက်ခြင်း၊ နိုင်ငံခြားသုံးငွေဆိုင်ရာမူဝါဒ၊အရေးကြီးကုန်စည်ဆိုင်ရာမူဝါဒနှင့် အခြားစီးပွားရေးဆိုင်ရာ မူဝါဒများနှင့်ဆန့်ကျင်ကာ နိုင်ငံတော်ရှေ့လုပ်ငန်းစဉ်များနှင့်ဦးတည်ချက်များကို သွေဖည်ဆောင်ရွက်၍ နိုင်ငံတော်သစ္စာဖောက်ဖျက်မှုကို ဒုတိယဗိုလ်ချုပ်ကြီး(ဟောင်း) မိုးမြင့်ထွန်းနှင့်အတူ ပူးပေါင်းကျူးလွန်ခဲ့ခြင်း၊ ရာထူးလုပ်ပိုင်ခွင့်အားအသုံးပြု၍ စီးပွားရေးလုပ်ငန်းရှင်များအား နိုင်ငံခြားငွေနှင့်မြန်မာကျပ်ငွေများကို လဲလှယ်ပေးခဲ့ခြင်း၊ စီးပွားရေးလုပ်ငန်းရှင်များထံမှ နိုင်ငံခြားငွေနှင့်မြန်မာကျပ်ငွေများကို လက်ခံရယူခဲ့ခြင်း၊ စီးပွားရေးလုပ်ငန်းရှင်များအား ဒုတိယဗိုလ်ချုပ်ကြီး(ဟောင်း) မိုးမြင့်ထွန်းနှင့် ဆက်သွယ်ဆောင်ရွက်ပေးခြင်း၊ နိုင်ငံခြားငွေများကိုတရားမဝင်လက်ဝယ်ထားရှိခြင်း၊ စစ်စည်းကမ်းဆိုင်ရာညွှန်ကြားချက်များကိုဖောက်ဖျက်၍ အရပ်ဘက်စီးပွားရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခဲ့ခြင်းတို့ကိုကျူးလွန်ခဲ့သဖြင့် သက်ဆိုင်ရာဥပဒေပုဒ်မများဖြင့် စွဲချက်တင်ကာ စစ်တရားရုံးဖြင့်စစ်ဆေးစီရင်ပြီး နှစ်ဆယ်နှစ်ကာလနှင့်ညီမျှသော တစ်သက်တစ်ကျွန်းဒဏ်ကိုလည်းကောင်း အသီးသီးချမှတ်ခဲ့ကြောင်း သတင်းရရှိသည်။