လှည်းကူးမြို့နယ်
ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ်၌ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူငယ်ရေးရာကော်မတီနှင့် အခြေခံပညာအထက်တန်းကျောင်း(လှည်းကူး)တို့ ပူးပေါင်းကျင်းပသော အသိပညာပေး ဟောပြောပွဲနှင့်ကျပန်းစကား ပြောပြိုင်ပွဲကို အောက်တိုဘာ ၉ ရက် နံနက် ၉ နာရီက အဆိုပါကျောင်း အောင်ဆန်းခန်းမ၌ ကျင်းပသည်။
ဦးစွာမြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်(၂)ဦးခင်ဇော်က အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်အေးအေးနွဲ့က လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲနှင့် ကျပန်းစကားပြောပြိုင်ပွဲကျင်းပရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ ဦးကျော်မင်းညွန့်က လူငယ်နှင့်စာဖတ်ခြင်း၊ စာရေးဆရာ ဦးရန်နိုင်ဦး(ခ)ချစ်သဲဖြူ (ကော့ကရိတ်)က လူငယ်နှင့်ကိုယ်ကျင့်တရား စသည့်ခေါင်းစဉ်များဖြင့် အသိပညာပေးဟောပြောကြသည်။
ကျပန်းစကားပြောပြိုင်ပွဲကို ကျောင်းသား ကျောင်းသူခုနစ်ဦးတို့က ကျန်းမာခြင်းသည် လာဘ်တစ်ပါး၊ စာပေမြင့်မှ လူမျိုးတင့်မည်၊ ယနေ့လူငယ်နောင်ဝယ်လူကြီး၊ ပညာရဲရင့်ပွဲလယ်တင့်၊ မူးယစ်ရန်စွယ် တို့ကာကွယ်၊ အားကစားဖြင့် နိုင်ငံ့ဂုဏ်ကို မြှင့်တင်စို့၊ ပညာရေးဖြင့် ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီး တည်ဆောက်အံ့၊ ချစ်မြတ်နိုးစရာ မြန်မာ့အနုပညာ ခေါင်းစဉ်များဖြင့် ယှဉ်ပြိုင်ကြသည်။
ထို့နောက် ကျပန်းစကားပြော ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆု ရရှိကြသူများအား တာဝန်ရှိသူများက ဆုများပေးအပ်ချီးမြှင့်ကြပြီး ကျောင်းအုပ်ဆရာမကြီး ဒေါ်ဘေဘီက ကျေးဇူးတင်စကား ပြန်လည်ပြောကြားကာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက အသိပညာပေးနံရံကပ်စာစောင်နှင့် သုတ၊ ရသ စာအုပ်များပြသထားရာ ကျောင်းသား ကျောင်းသူ များက ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)
ဇီးကုန်းမြို့နယ်
ပဲခူးတိုင်းဒေသကြီး ဇီးကုန်းမြို့နယ်၌ ကျောင်းသား ကျောင်းသူများအား ကာယဗလ၊ ဉာဏဗလ၊ စာရိတ္တဗလ၊ မိတ္တဗလနှင့်ဘောဂဗလ အစရှိသည့် ဗလငါးတန်အပါအဝင် အထွေထွေ အသိပညာဗဟုသုတများ ဖွံ့ဖြိုးတိုးတက်မြင့်မားစေရန်နှင့် လူအများရှေ့၌ ပြောဆိုဆွေးနွေး
တတ်သော အလေ့အကျင့်ကောင်းများ ရရှိစေရန်အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်စကားဝိုင်းကို အောက်တိုဘာ ၉ ရက် နံနက် ၉ နာရီက ဇီးကုန်းမြို့နယ် အခြေခံပညာအထက်တန်းကျောင်း အထက(မြို့မ)၌ ကျင်းပသည်။
ဦးစွာ ဒုတိယမြို့နယ်ပညာရေးမှူး ဦးရဲထွဋ်ဦးက အဖွင့်အမှာစကား ပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်မာမာဦးက လူငယ်စကားဝိုင်းများကျင်းပခြင်း ရည်ရွယ်ချက်နှင့် အကျိုးကျေးဇူးများကို ရှင်းလင်းပြောကြားသည်။ လူငယ်စကားဝိုင်းဆွေးနွေးပွဲ၌ GRADE-10 မှ မောင်ဆက်ကောင်းစံက “လူငယ်နှင့် စာပေ”၊ မောင်ပြည့်ဖြိုးကျော်က “လူငယ်နှင့်ယဉ်ကျေးမှု”၊ မထက်ရည်မွန်က “လူငယ်နှင့်နည်းပညာ”၊ မမြတ်သက်ဆုက “လူငယ်နှင့်မူးယစ်ဆေး” ခေါင်းစဉ်တို့ဖြင့် ပါဝင်ဆွေးနွေးခဲ့ကြသည်။
ဆက်လက်၍ ဆွေးနွေးချက်များအပေါ် တက်ရောက်လာသော ကျောင်းသားကျောင်းသူများက သိရှိလိုသည့်အချက်များကို ပြန်လည်မေးမြန်းရာ ဦးဆောင်ဆွေးနွေးသူနှင့် ကဏ္ဍအလိုက်ပါဝင်ဆွေးနွေးသူများက ပြန်လည်ဖြေကြားပေးခဲ့သည်။ ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ခင်းကျင်းပြသထားသော စာအုပ်စာစောင်များနှင့် အသိပညာပေးနံရံကပ်စာစောင်များကို ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများက ကြည့်ရှုလေ့လာခဲ့ကြသည်။
မြို့နယ်(ပြန်/ဆက်)
ကျိုက်ထိုမြို့နယ်
မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ အောက်တိုဘာ ၉ ရက် နံနက် ၁၀ နာရီက ကျိုက်ထိုမြို့ ဖက္ကလိပ်ကျေးရွာရှိ အမက(ဖက္ကလိပ်)၌ နယ်လှည့်စာကြည့်တိုက် ဖွင့်လှစ်ပေးပြီး အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည်။
ဦးစွာကျောင်းအုပ်ဆရာကြီး ဦးကြည်မင်းက အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သန်းသန်းမော်က ပြင်ပစာပေများကိုပါ လေ့လာဖတ်ရှု ကြရေး ဟောပြောဆွေးနွေးခဲ့သည်။ ဆက်လက်၍ ကျောင်းသား ကျောင်းသူများက စာဖတ်စွမ်းရည်ယှဉ်ပြိုင်ခြင်း၊ ပုံပြင်ပြော၊ ကဗျာရွတ်ဆို ယှဉ်ပြိုင်ခြင်းများ ပြုလုပ်ခဲ့ကြသည်။
ထို့နောက် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက အသိပညာပေး နံရံကပ်စာစောင်များကို ခင်းကျင်းပြသရာ ကျောင်းသား ကျောင်းသူများက ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
ကျိုက်ထို(ပြန်/ဆက်)
ကွန်ဟိန်းမြို့နယ်
ရှမ်းပြည်နယ်(တောင်ပိုင်း) ကွန်ဟိန်းမြို့နယ် အခြေခံပညာမူလတန်းလွန်ကျောင်း(သိန်းဖျံ)၌ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို အောက်တိုဘာ ၉ ရက် နံနက် ၁၀ နာရီက ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ဦးစွာပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဦးခွန်ရဲထွေးက စာအုပ်စာပေများကို လေ့လာဖတ်ရှုရန် လိုအပ်ကြောင်း၊ စာအုပ်စာစောင်များဖတ်မှ အသိပညာဗဟုသုတ တိုးပွားမည်ဖြစ်ကြောင်း၊ စာအုပ်စာပေများမှ ရရှိလာသည့် အသိပညာ ဗဟုသုတများကြောင့် မိမိဘဝတိုးတက်မြင့်မားလာမည်ဖြစ်ကြောင်း အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)