နေပြည်တော် အောက်တိုဘာ ၉
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါ်နုမြဇံသည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး နန်းမြို့ရိုးထိန်းသိမ်းရေးလုပ်ငန်း ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးသည်။
မှာကြား
ဒုတိယဝန်ကြီးက မန္တလေးစည်ပင်သာယာရေးကော်မတီနှင့် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန မန္တလေးဌာနခွဲတို့ပူးပေါင်း၍ နန်းမြို့ရိုး ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများကို စနစ်တကျဆောင်ရွက်သွားရန်နှင့် ရေရှည်တည်တံ့ခိုင်မြဲရန် စီမံချက်ရေးဆွဲ ဆောင်ရွက်နိုင်ရေးအတွက် သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက်သွားရန် မှာကြားသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးသည် မန္တလေးမဟာမုနိဘုရားသို့ရောက်ရှိပြီး မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့်တွေ့ဆုံ၍ ပိဋကတ်တိုက်တွင် ပြသထားရှိသော ပစ္စည်းများနှင့်စပ်လျဉ်း၍ ရေရှည်တည်တံ့ခိုင်မြဲရေး ဆောင်ရွက်ရန်မှာကြားသည်။
ထို့နောက် ဒုတိယဝန်ကြီးသည် ဗန်းမော်ကျောင်းတိုက်သို့ရောက်ရှိပြီး ပျံလွန်တော်မူသွားသော ဗန်းမော်ဆရာတော်ဘုရားကြီး၏ အထိမ်းအမှတ်ပြတိုက်အဖြစ်ဆောင်ရွက်ရန် ဆရာတော် ဘုရားကြီး သက်တော်ထင်ရှားရှိစဉ်က အသုံးပြုခဲ့သောပစ္စည်းများ၊ နိုင်ငံခြားမှလှူဒါန်းထားသောပစ္စည်းများ၊ အသုံးအဆောင်ပစ္စည်းများကို ပြသနိုင်ရေးအတွက် စိစစ်ရွေးချယ်ပေးခဲ့ပြီး အထိမ်းအမှတ်ပြတိုက်အဖြစ်ပြုလုပ်မည့် ဝိဇ္ဇာစရဏကျောင်းတော်ကို ပြတိုက်အဆောက်အအုံအဖြစ် ပြုပြင်မွမ်းမံနိုင်ရေး တာဝန်ရှိသူများအား မှာကြားသည်။
သတင်းစဉ်

 
 
  
  
  
  
 