အနောက်တောင်မုတ်သုံလေသည် ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၃ ရက်နေ့ မှ ၈ ရက်နေ့အတွင်း မြန်မာနိုင်ငံ မြစ်ဝကျွန်းပေါ်ဒေသများမှလည်းကောင်း၊ အောက်တိုဘာလ ၉ ရက်နေ့မှ ၁၄ ရက်နေ့အတွင်း မြန်မာနိုင်ငံတစ်ဝန်းလုံးမှ လည်းကောင်း ဆုတ်ခွာသွားဖွယ်ရှိသည်ဟု မိုးလေဝသမှ ခန့်မှန်းအသိပေးထားသည်။ မုတ်သုံလေဆုတ်ခွာသွားမှုသဘာဝအရ မြန်မာနိုင်ငံတွင် မိုးရာသီကာလကုန်ဆုံးပြီး ခြောက်သွေ့ရာသီသို့ ရောက်ရှိလာရမည်ဖြစ်သော်လည်း ယခုကာလများတွင် မြန်မာနိုင်ငံရှိ အချို့ဒေသများ၌ မိုးသည်းထန်မှုဖြစ်စဉ်များနှင့် ကြုံတွေ့နေဆဲ ဖြစ်သည်။
ထိုသို့ ရာသီဥတုမူမမှန်မှုများနှင့် ကြုံတွေ့နေရခြင်းသည် ၂၀၂၃-၂၀၂၄ ရာသီကာလများတွင် အယ်လ်နီညိုရာသီဥတု ကျရောက်နေသောကြောင့်လည်းကောင်း၊ ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်ခဲ့သော လေဖိအားနည်းရပ်ဝန်းများကြောင့် လည်းကောင်း၊ တောင်တရုတ်ပင်လယ်ပြင်တွင် ဖြစ်ပေါ်ခဲ့သော တိုင်ဖွန်းမုန်တိုင်းသည် အနောက်ဘက်သို့ ရွေ့လျားခဲ့သောကြောင့်လည်းကောင်း အချို့ဒေသများတွင် မိုးသည်းထန်စွာရွာသွန်းခြင်း၊ လေပြင်းတိုက်ခတ်ခြင်းများ ဖြစ်ပေါ်နေသည်ကို တွေ့ရမည်ဖြစ်သည်။ ယခုအခါ မြန်မာနိုင်ငံတွင်သာမက ကမ္ဘာပေါ်ရှိ နိုင်ငံအချို့တွင်လည်း မိုးသည်းထန်ခြင်း၊ လေပြင်းတိုက်ခြင်း၊ ငလျင်လှုပ်ခြင်း စသည့်သဘာဝဘေးအန္တရာယ်များကို ကြုံတွေ့နေကြသည်။
မြန်မာနိုင်ငံ မိုးလေဝသနှင့်ဇလဗေဒမှ ၂၀၂၃ ခုနှစ် အောက်တိုဘာလ ပထမ ၁၀ ရက်နေ့အတွင်း မိုးရွာသွန်းမှုအခြေအနေများကို ခန့်မှန်းပေးထားရာတွင် ကပ္ပလီ ပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် လေဖိအားနည်းရပ်ဝန်းတစ်ကြိမ် ဖြစ်ပေါ်နိုင်ကာ ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်သည်ဟု ခန့်မှန်းထားပြီး မုတ်သုံလေ အားအနည်းငယ်မှ အားအသင့်အတင့်ရှိမည်ဟု ဆိုထားသည်။ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေး၊ မကွေး၊ ပဲခူး၊ ရန်ကုန်၊ ဧရာဝတီ၊ တနင်္သာရီတိုင်းဒေသကြီးတို့နှင့် ချင်း၊ ရခိုင်၊ ကယား၊ ကရင်၊ မွန်ပြည်နယ်တို့တွင် မိုးရွာသွန်းမြဲထက်ပိုနိုင်သည်ဟု ခန့်မှန်းထားသည်။
ဧရာဝတီမြစ်ရေသည် မြစ်ကြီးနား၊ ဗန်းမော်၊ ရွှေကူမြို့များ၌ တစ်ပေမှ နှစ်ပေခန့်၊ မင်းဘူး၊ မကွေး၊ အောင်လံ၊ ပြည်၊ ဆိပ်သာ၊ ဟင်္သာတ၊ ဇလွန်မြို့များ၌ ပေဝက်မှ နှစ်ပေခန့်မြင့်တက်လာနိုင်သည်။ ချင်းတွင်းမြစ်ရေသည် ခန္တီး၊ ဟုမ္မလင်း၊ ဖောင်းပြင်၊ မော်လိုက်၊ ကလေးဝ၊ မင်းကင်း၊ ကနီ၊ မုံရွာမြို့များ၌ ပေဝက်မှ နှစ်ပေခန့်မြင့်တက်လာနိုင်သည်။ စစ်တောင်းမြစ်ရေသည် တောင်ငူနှင့်မဒေါက်မြို့တွင် ပေဝက်မှတစ်ပေခန့််၊ ရွှေကျင်မြစ်ရေသည် ရွှေကျင်မြို့၌ တစ်ပေခန့်နှင့် ပဲခူးမြစ်ရေ သည် ဇောင်းတူမြို့နှင့် ပဲခူးမြို့၌ နှစ်ပေမှသုံးပေခန့် မြင့်တက်လာနိုင်သည်ဟု ခန့်မှန်းထားသည်။
သံလွင်မြစ်ရေသည် ဘားအံမြို့တွင် တစ်ပေခွဲခန့််၊ သောင်ရင်းမြစ်ရေသည် မြဝတီမြို့တွင် သုံးပေခန့်၊ ငဝန်မြစ်ရေသည် ငါးသိုင်းချောင်း၊ သာပေါင်းနှင့် ပုသိမ်မြို့များ၌ တစ်ပေမှတစ်ပေခွဲခန့်၊ တိုးမြစ်ရေသည် မအူပင်မြို့တွင် တစ်ပေခန့်၊ ကုလား တန်မြစ်ရေသည် ပလက်ဝနှင့် ကျောက်တော်မြို့၌ တစ်ပေမှ နှစ်ပေခန့်၊ လေးမြို့မြစ်ရေသည် မြောက်ဦးမြို့၌ ပေဝက်ခန့်၊ ဘီးလင်းမြစ်ရေသည် ဘီးလင်းမြို့၌ တစ်ပေခွဲခန့် လက်ရှိရေမှတ်များထက် မြင့်တက်လာနိုင်ပြီး ဒုဋ္ဌဝတီမြစ်ရေသည် သီပေါမြို့၊ ရွှေစာရံမြို့နှင့် မြစ်ငယ်မြို့တို့၌ ပြန်လည်ကျဆင်းလာနိုင်သည်။
ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်ခဲ့သော လေဖိအားနည်းအရှိန်များကြောင့် လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြီးခြင်း၊ ရုတ်တရက်ရေကြီးခြင်း၊ မြေပြိုခြင်းများ ဖြစ်ပေါ်လာနိုင်သဖြင့် ကုန်းမြင့်ဒေသများတွင် နေထိုင်ကြသော ပြည်သူများအနေဖြင့် မြေပြိုခြင်းအန္တရာယ်ကိုလည်းကောင်း၊ ကမ်းရိုးတန်းတစ်လျှောက်နှင့် မြစ်ချောင်းများအနီးနေထိုင်ကြသော ပြည်သူများအနေဖြင့် ရေကြီးရေလျှံခြင်းများ ဖြစ်ပေါ်လာနိုင်သဖြင့် ကြိုတင်သတိပြုနေထိုင်ကြရန်နှင့်လေကြောင်း၊ ရေကြောင်းနှင့် ကုန်းလမ်းဖြင့် ခရီးသွားလာလုပ်ကိုင်ကြသော ပြည်သူများအနေဖြင့် သဘာဝဘေးအန္တရာယ်များကို ကြိုတင်သတိပြုကြရန် အသိပေးထားသည်။
ယခုအောက်တိုဘာလ ၈ ရက်နေ့ နံနက်ပိုင်းမှစတင်၍ ပဲခူးတိုင်းဒေသကြီးအတွင်း မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျရေများ အရှိန်အဟုန်ဖြင့် စီးဆင်းလာခြင်းနှင့် ဇောင်းတူဆည်နှင့် ကဒူးကွင်းဆည်တို့၏ ရေပိုလွှဲရေကျော် စီးဆင်းလာသောကြောင့် ပဲခူးမြို့နယ် ပဲခူးဘူတာနှင့် ရွှေလှေဘူတာအကြား ရထားလမ်းအလျားပေ ၅၀၀ ခန့်တွင် သံလမ်းအပေါ်ရေကျော်တက်သဖြင့် ရထားများဖြတ်သန်းနိုင်မှုမရှိဘဲ လူစီးအမြန်ရထားနှစ်စင်း ခေတ္တရပ်နားထားရသည်ဟု သိရသည်။ ပဲခူးမြစ်ရေသည် ခန့်မှန်းထားသည့်အတိုင်း ပဲခူးမြို့၏ စိုးရိမ်ရေမှတ်အထက် နှစ်ပေခွဲကျော်လွန် ရောက်ရှိနေပြီး နောက်ရက်တွင် သုံးပေခန့်အထိ မြင့်တက်လာမည်ဖြစ်သည်။ သို့ဖြစ်ရာ ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်ကြောင့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်လျက်ရှိရာ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့်အတူ ကြိုတင်ပြင်ဆင်သတိပြု ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။ ။