Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင် ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့ မော်စကိုမြို့သို့ ရောက်ရှိ Roscongress Investment (RCI) နှင့် တွေ့ဆုံဆွေးနွေး

နေပြည်တော် အောက်တိုဘာ ၇

စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ကာဇက်စတန်နိုင်ငံ Astana မြို့၌ အောက်တိုဘာ ၃ ရက်မှ ၆ ရက်အထိ ကျင်းပပြုလုပ်ခဲ့သည့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့၊ ပထမအကြိမ်စွမ်းအင်ဖိုရမ် (First Energy forum of the Shanghai Coo-peration Organization) သို့ တက်ရောက်ခဲ့ပြီး ရုရှားနိုင်ငံမော်စကိုမြို့တွင် ကျင်းပမည့် (၆) ကြိမ်မြောက် ရုရှားစွမ်းအင်ရက်သတ္တပတ် အပြည်ပြည်ဆိုင်ရာဖိုရမ် Russia Energy Week International Forum (REW) သို့တက်ရောက်ရန် ယမန်နေ့နံနက်က မော်စကိုမြို့သို့ လေကြောင်းခရီးဖြင့် ရောက်ရှိခဲ့သည်။

ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မွန်းလွဲပိုင်းတွင် ရုရှားဖက်ဒရေးရှင်းသမ္မတ၏ လက်ထောက်အကြံပေးနှင့် ရုရှားနည်းပညာစောင့်ကြည့်လေ့လာရေးအဖွဲ့ ပြည်သူ့ဆက်ဆံရေးဆိုင်ရာ ဒုတိယအဖွဲ့ခေါင်းဆောင် Mr. Segey Vladimirovish ဦးဆောင် သောကိုယ်စားလှယ်အဖွဲ့ Roscongress Investment (RCI) အား လက်ခံတွေ့ဆုံ၍ စွမ်းအင်ဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့သည်။

ထိုသို့ တွေ့ဆုံစဉ် Mr. Segey Vladimirovish က နှစ်နိုင်ငံအကျိုးစီးပွားအတွက် ဆွေးနွေးခဲ့သည့် ကိစ္စရပ်များအပေါ် အရှိန်မြှင့်တင်ဆောင်ရွက်ရေး၊ မြန်မာနိုင်ငံတွင် ရေနံချက်စက်ရုံအသစ် တည်ဆောက်ခြင်းအတွက် ရေနံတင်သင်္ဘောကြီးများ ဆိုက်ကပ်နိုင်မည့် ရေနက်ဆိပ်ကမ်းမဖြစ်မနေ လိုအပ်ချက်၊ ၂၀၂၄ ခုနှစ် ဗလာဒီဗော့စတော့၌ ကျင်းပမည့် Energy Forum သို့တက်ရောက်ရန် မြန်မာနိုင်ငံမှတာဝန်ရှိသူများအား ဖိတ်ကြားမည့်ကိစ္စ၊ နှစ်နိုင်ငံအကျိုးစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် အရှိန်အဟုန် မြှင့်တင်ဆောင်ရွက်နိုင်ရေးတို့နှင့်စပ်လျဉ်း၍ ဆွေးနွေးပြောကြားသည်။

ပြည်ထောင်စုဝန်ကြီးက နိုင်ငံ၏စွမ်းအင်လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရန် ရုရှားနိုင်ငံအပါအဝင် မိတ်ဆွေနိုင်ငံများနှင့် နီးကပ်စွာပူးပေါင်းဆောင်ရွက်သွားရေး၊ စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် စွမ်းအင်ကဏ္ဍတစ်ခုချင်းစီအလိုက် ဆက်သွယ်ရမည့် Focal person များ ထားရှိပေးထားပြီးဖြစ်ရာ ပူးပေါင်းဆောင်ရွက်ရေးအတွက် နည်းလမ်းများရှာဖွေ ဆောင်ရွက်သွားရေး၊ ရုရှားဘက်မှလည်း Focal person များထားရှိ၍ နှစ်နိုင်ငံစွမ်းအင်ကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုကို အရှိန်မြှင့်တင်ဆောင်ရွက်နိုင်ရေး၊ ရေနံချက်စက်ရုံ တည်ဆောက်ရေးနှင့် ပတ်သက်၍ Refinery Process များ တိုးတက်လာသဖြင့် နိုင်ငံတကာစံနှုန်းနှင့်ကိုက်ညီသည့် လောင်စာဆီများထုတ်လုပ်နိုင်သည့် နည်းစနစ်များနှင့်စပ်လျဉ်း၍ သေချာစွာဆွေးနွေးရေး၊ မြန်မာနိုင်ငံနှင့်ရုရှားနိုင်ငံတို့သည် ယခင်ကတည်းက စစ်မှန်သည့်မိတ်ဆွေ နိုင်ငံများဖြစ်သည့်အားလျော်စွာ အနာဂတ်ကာလတွင် ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားရေး ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်