နေပြည်တော် သြဂုတ် ၂၂
ကမ္ဘောဇဘဏ်သည် ကိုဗစ်-၁၉ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေး လုပ်ငန်းများ ပိုမိုထိရောက်စေရန်အတွက် ကမ္ဘောဇဘဏ်ဥက္ကဋ္ဌ ဦးအောင်ကိုဝင်းက အလှူငွေကျပ် သိန်း ၃၀၀ နှင့် အထောက်အကူပြုပစ္စည်းများကို ရခိုင်ပြည်နယ်အစိုးရအဖွဲ့သို့ ယနေ့နံနက်ပိုင်းတွင် လွှဲပြောင်းပေးအပ်ကြောင်း သိရသည်။
ရခိုင်ပြည်နယ်အတွက် ကိုဗစ်-၁၉ ကာကွယ်ရေးပစ္စည်းခုနစ်မျိုးဖြစ်သည့် ဆေးရုံသုံးနှာခေါင်းစည်း ၁၀၀၀၀၀၊ မျက်နှာအကာ ၂၀၀၀၊ လက်အိတ် ၃၀၀၀၊ ခေါင်းစွပ် ၂၀၀၀၊ မျက်မှန် ၂၀၀၊ ရောဂါကာကွယ်ရေးဝတ်စုံ ၂၀၀၊ အပူချိန်တိုင်းစက် ၁၀၀၊ အသွားအလာကန့်သတ်စောင့်ကြည့်လူနာများ အနက်မှ နေ့စဉ်စားသောက်စရိတ်အခက်အခဲရှိသော ပြည်သူတစ်ဦးလျှင် တစ်ရက်ငွေ ကျပ် ၃ဝဝဝ နှုန်းဖြင့် အစားအသောက်များ ပံ့ပိုးပေးနိုင်ရန် အတွက် လှူဒါန်းငွေကျပ် သိန်း ၃၀၀ အပါအဝင် လှူဒါန်းမှု စုစုပေါင်းတန်ဖိုးမှာ ငွေကျပ် သိန်း ၈၀၀ ခန့်ဖြစ်ကြောင်း သိရသည်။
ထို့အပြင် ကမ္ဘောဇဘဏ်သည် ဧပြီလအတွင်းကလည်း ရခိုင်ပြည်နယ်အတွင်းရှိ အခြေခံပြည်သူများအတွက် ဆန်အိတ် ၁၀၀၀ နှင့် အသွားအလာကန့်သတ်စောင့်ကြည့်လူနာများ၏ စားနပ်ရိက္ခာအတွက် ငွေကျပ်သိန်း ၃ဝဝ ကို လှူဒါန်းထားခဲ့ပြီး ဖြစ်သည်။ ၂၀၁၅ ရေကြီးရေလျှံမှုဖြစ်စဉ်မှ ယနေ့ကာလအထိ ရခိုင်ပြည်နယ် တိုးတက်ဖွံ့ဖြိုးရေးကိစ္စအရပ်ရပ်များ၊ သဘာဝဘေးအန္တရာယ်များနှင့် ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများအတွက် စုစုပေါင်း ငွေကျပ် ၁၀ ဘီလီယံကျော် လှူဒါန်းထားပြီးဖြစ်ကြောင်း သိရသည်။
ကမ္ဘောဇဘဏ်သည် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေး လုပ်ငန်းများအတွက် ကိုဗစ်-၁၉ ကူးစက်မြန်ရောဂါ မဖြစ်ပွားခင် ဖေဖော်ဝါရီ ၂၆ ရက်မှ စတင်ကာ ယနေ့အချိန်ထိ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ငွေကျပ် ၆၀၃၄၂ သိန်း လှူဒါန်းထားပြီးဖြစ်ကြောင်း သိရသည်။
ကိုကျော်