ရန်ကုန် ဩဂုတ် ၂၂
ပြည်ထောင်စုတိုင်းရင်းသားကျေးရွာသို့ ပြည်တွင်း/ပြည်ပ ခရီးသွားဧည့်သည်များ River Cruise ဖြင့် လည်ပတ်နိုင်ရေးခရီးစဉ်နှင့်စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် သာကေတမြို့နယ်ရှိ ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးတင်လတ်၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးလှမော်ဦး၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းနိုင်၊ တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းအေးကို၊ မြန်မာနိုင်ငံ တိုင်းရင်းသားလုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံ လက်မှုအနုပညာရှင်များအသင်း၊ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်၊ မြန်မာနိုင်ငံ ဟိုတယ်လုပ်ငန်းရှင်များအသင်းနှင့် မြန်မာနိုင်ငံခရီးသွား ဈေးကွက်မြှင့်တင်ရေးအသင်းတို့မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးတင်လတ်က ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ပြည်တွင်းခရီးသွား ပြည်သူများ၏ ခရီးသွားလာမှုပုံစံများပြောင်းလဲသွားပါကြောင်း၊ လူဦးရေထူထပ်သောနေရာများ စားသောက်ဆိုင်များသို့ သွားလာလည်ပတ်သည့် ပုံစံမှ ဘေးကင်းလုံခြုံမှုရှိပြီး လူထူထပ်မှုမရှိသော အပန်းဖြေနေရာများနှင့် စားသောက်ဆိုင်များကိုသာ သွားလာလည်ပတ်သည့်ပုံစံသို့ ပြောင်းလဲလာပါကြောင်း၊ ပြည်ထောင်စုတိုင်းရင်းသားကျေးရွာသည် ထိုကဲ့သို့ ခရီးစဉ်ဒေသမျိုးဖြစ်အောင် ဖော်ဆောင်နိုင်သည့် အလားအလာများစွာရှိပါ ကြောင်း၊ ထိုကဲ့သို့ဖော်ဆောင်ရာတွင် ခရီးသွားများ River Cruise ဖြင့် လာရောက်ကာ တိုင်းရင်းသားကျေးရွာတွင် ဆိုက်ကပ်၍ အပန်းဖြေနားနေ စားသောက်နိုင်သည့် ခရီးစဉ်မျိုးဖြစ်အောင် တိုင်းရင်းသားလုပ်ငန်းရှင်များနှင့် တိုင်းရင်းသားကျေးရွာ မှ တာဝန်ရှိသူများက ပူးပေါင်းဖော်ဆောင်ပါက ပြည်တွင်းခရီးသွားများ လာရောက်လည်ပတ်ရန် များစွာအလားအလာရှိပါကြောင်း၊ စနစ်တကျနှင့် အများပြည်သူကို ဘေးအန္တရာယ်မဖြစ်စေမည့် ခရီးသွားလုပ်ငန်းအဖြစ် အကောင်အထည်ဖော်ဆောင်နိုင်ရေးအတွက် ဝိုင်းဝန်းဆွေးနွေးကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှမော်ဦးက ပြည်ထောင်စုတိုင်းရင်းသားကျေးရွာသည် တိုင်းရင်းသားအမွေအနှစ်မပျောက်စေရေးကို မြှင့်တင်ရေးနှင့် အများပြည်သူရုံးပိတ်ရက်များတွင် အပန်းဖြေလာရောက်လည်ပတ်နိုင်ရေးအတွက် ရည်ရွယ်ပါကြောင်း၊ ဘာသာမျိုးစုံ၊ လူမျိုးပေါင်းစုံ၊ ပွဲလမ်းသဘင်မျိုးစုံတို့ကို စုပေါင်းကျင်းပနိုင်သည့် Ethnic Community Point အဖြစ် ဆောင်ရွက်လိုပါကြောင်း၊ တိုင်းရင်းသားကျေးရွာတွင် တိုင်းရင်းသားလူမျိုး ကြီး(၈)မျိုး၏ ရိုးရာယဉ်ကျေးမှုနှင့် နေထိုင်မှုဓလေ့စရိုက်များကို ပုံဖော်ပြသထားပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ (၆) ခု၏ ရိုးရာယဉ်ကျေးမှုဓလေ့စရိုက်များကို ထပ်မံထည့်သွင်းပြသနိုင်ရန် ညှိနှိုင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ လက်ရှိကာလတွင် ပြည်ပခရီးသွားများထက် ပြည်တွင်းခရီးသွားဧည့်သည်များကို ပိုမိုလာရောက်လည်ပတ်နိုင်ရေး ရည်မှန်းချက်ထားရှိ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။
ယင်းနောက် ပြည်ထောင်စု တိုင်းရင်းသားကျေးရွာ တာဝန်ခံအရာရှိက ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် တိုင်းရင်းသားကျေးရွာပိတ်ထားသည့် အချိန်ကာလအတွင်း ဆောင်ရွက်ခဲ့သည့်လုပ်ငန်းများနှင့် ခရီးသွားဧည့်သည်များ River Cruise ဖြင့် လာရောက်လည်ပတ်နိုင်ရေး ဆိပ်ခံဗောတံတား ဆောင်ရွက်၍ ရနိုင်မည့်လျာထားနေရာကို ပါဝါပွိုင့်ဖြင့်ရှင်းလင်းတင်ပြပြီး တက်ရောက်လာကြသည့် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ မြန်မာနိုင်ငံတိုင်းရင်းသားလုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံ လက်မှုအနုပညာရှင်များအသင်း၊ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်းနှင့် မြန်မာနိုင်ငံခရီးသွား ဈေးကွက်မြှင့်တင်ရေးအသင်းတို့မှ တာဝန်ရှိသူများက ၎င်းတို့၏လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို သက်ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေး တင်ပြကြရာ ဒုတိယဝန်ကြီး ဦးတင်လတ်နှင့် ဒုတိယဝန်ကြီး ဦးလှမော်ဦးတို့က လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးကာ ပေါင်းစပ်ဆောင်ရွက် ပေးသည်။
မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီး ဦးတင်လတ်သည် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်၊ မြန်မာနိုင်ငံ ဟိုတယ်လုပ်ငန်းရှင်များအသင်းနှင့် မြန်မာနိုင်ငံခရီးသွား ဈေးကွက်မြှင့်တင်ရေးအသင်းတို့မှ တာဝန်ရှိသူများနှင့်အတူ တိုးပွား River cruise ဖြင့်လိုက်ပါ၍ ရန်ကုန်မြစ်အတွင်း အပျော်စီးရေယာဉ်ခရီးစဉ် ဖွံ့ဖြိုးရေးဆောင်ရွက်နိုင်မှုအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်