ရွေးကောက်ပွဲကျင်းပချိန်နီးလာသည်နှင့်အမျှ နိုင်ငံတွင်း၌ နိုင်ငံရေး ပါတီများ လှုပ်ရှားလာကြ သည်ကို တွေ့မြင်ရပါသည်။ ဒီမိုကရေစီစနစ် တွင် လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲ ဆိုသည်နှင့် နိုင်ငံရေး ပါတီများဆိုသည်က အရေးပါသည့် လိုအပ်ချက်များဖြစ်ပါသည်။ အချုပ် အခြာအာဏာကို ပြည်သူလူထုက ပိုင်သည်၊ ပြည်သူလူထု၏ လက်ဝယ် တွင် နိုင်ငံတော်၏ အချုပ်အခြာအာဏာတည်သည်ဟူသည့် ဒီမိုကရေစီ စနစ်၏ အခြေခံမူအရ ထိုအချုပ်အခြာအာဏာ ကို ပြည်သူလူထုက မည်သူ့ ထံကို လွှဲအပ်တာဝန်ပေးမည်ဆိုသည်ကို ရွေးချယ်ဆုံးဖြတ်နိုင်ရန် ရွေးကောက်ပွဲများကျင်းပခြင်းနည်းဖြင့် စီမံပေးရ၏။
နိုင်ငံတွင်းရှိ နိုင်ငံရေးပါတီတို့ကလည်း မိမိတို့နိုင်ငံ တိုးတက်ဖွံ့ဖြိုးရေး၊ မိမိတို့နိုင်ငံသားများ၏ ဘဝများလုံခြုံပြေလည်ရေး၊ နိုင်ငံသားတို့၏ လွတ်လပ်မှု၊ တရားမျှတမှု၊ တန်းတူညီမှု၊ နိုင်ငံသား အခွင့်အရေး၊ လူ့အခွင့် အရေး၊ ဥပဒေစိုးမိုးရေး စသည်တို့ကို အာမခံနိုင်သည့် မူဝါဒများ နိုင်ငံရေး လုပ်ငန်းစဉ်များကို ရေးဆွဲချမှတ်၏။ ထိုမူဝါဒလုပ်ငန်းစဉ်များကို ပြည်သူ လူထုကို အစီရင်ခံကာ မိမိတို့ နိုင်ငံရေးပါတီကို လုပ်ပိုင်ခွင့်နှင့် တာဝန်များ လွှဲပေးပါရန် တင်ပြတောင်းခံ၏။ ပြည်သူ လူထုက မိမိတို့ နှစ်ခြိုက်သည့် မူဝါဒနှင့် နိုင်ငံရေးလုပ်ငန်းစဉ်များပေါ် အခြေခံစဉ်းစားကာ မိမိတို့ ယုံကြည်သည့် နိုင်ငံရေးပါတီ၊ မိမိတို့အားကိုးသည့် နိုင်ငံရေးခေါင်းဆောင် တို့ကို ရွေးချယ်မဲပေး၏။
ထိုသို့သော ရွေးကောက်ပွဲ အစီအစဉ်များမှတစ်ဆင့် ရွေးချယ်လိုက် သော ပြည်သူ့ကိုယ်စားလှယ်များ ပေါ်ထွက်လာကာ နိုင်ငံ၏ ဥပဒေပြုရေး၊ တရားစီရင်ရေးနှင့် အုပ်ချုပ်ရေးဆိုင်ရာ လုပ်ပိုင်ခွင့်နှင့် တာဝန်တို့ကို ယူရ၏။ ဤသည်ကား ဒီမိုကရေစီစနစ်၏ အချုပ်အခြာအာဏာကို ပြည်သူလူထုက မည်သို့မည်ပုံ ကိုင်တွယ်လွှဲအပ်တာဝန်ပေးသနည်းဟူ သည့် ယေဘုယျအစီအစဉ်ဖြစ်ပါသည်။
ထိုသို့သော အစီအမံများဖြင့် နိုင်ငံရေးအာဏာကို ပြည်သူလူထုက မဲရုံများမှတစ်ဆင့် ရွေးချယ် တာဝန်ပေးသည်ဖြစ်သောကြောင့် နိုင်ငံ့အရေးကို တာဝန်ယူဆောင်ရွက်လိုကြသည့် နိုင်ငံရေး ပါတီတို့က ပြည်သူလူထုထံသို့ မိမိတို့အားမဲပေးရန်တင်ပြတောင်းခံရ၏။ ထို့ကြောင့်ပင် ရွေး ကောက်ပွဲ ကျင်းပမည့်အချိန် ကြေညာပြီးနောက်တွင် နိုင်ငံရေးပါတီတို့ကို မဲဆွယ် စည်းရုံးရန် အချိန်ကာလနှင့် သုံးစွဲမည့် ငွေကြေးအကန့်အသတ်တို့ကို သတ်မှတ်ကာ မျှတညီညွတ်သော အစီအမံများကို ဖန်တီးပေးရခြင်း ဖြစ်ပါသည်။
မိမိတို့၏ စွမ်းဆောင်ရည်ဖြင့်တိုင်းပြည်နှင့် လူမျိုးအတွက် တာဝန်ယူ ဆောင်ရွက်လိုသည့်၊ အများ အကျိုးကို သယ်ပိုးလိုသည့်၊ ဖြူစင်သည့် စိတ်ဓာတ်သည် နိုင်ငံရေးသမားနှင့် နိုင်ငံရေးပါတီတို့၏ အခြေခံသဘော ထား ဖြစ်ရပါသည်။
ကမ္ဘာတစ်လွှားရှိ ဒီမိုကရေစီသမိုင်းအဆက်ဆက်တွင် ထိုသို့သော ဖြူစင်သည့်အခြေခံ စိတ်ဓာတ် ဖြင့်နိုင်ငံရေးသမားများ၊ နိုင်ငံရေးခေါင်းဆောင်များ၊ နိုင်ငံရေးပါတီများ ရှိသကဲ့သို့ နိုင်ငံရေး အာဏာနှင့် လုပ်ပိုင်ခွင့် မိမိ ကိုယ်ကျိုးအတွက် အသုံးချကြသည့်ဖြစ်စဉ်တို့ကလည်း ရှိသည်ဖြစ်ရာ ပြည်သူလူထုအတွင်းတွင် ယင်းနှင့် ပတ်သက်၍ နိုင်ငံရေးပါတီများကို သမိုင်းကြောင်းကို မှီ၍ လည်းကောင်း၊ စွမ်းဆောင်ရည်ကို လေ့လာ၍ လည်းကောင်း၊ ၎င်းတို့၏ တင်ပြအစီရင်ခံပုံနှင့် လုပ်ဆောင်ပုံတို့ကို ကြည့်၍ လည်းကောင်း အကဲခတ်ကြ၊ အကဲဖြတ်ကြပြီး မဲပေးရွေးချယ်ကြ ပါသည်။
နိုင်ငံရေးပါတီများကလည်း မိမိတို့က မည်သို့မည်ပုံတာဝန်ယူမည်၊ နိုင်ငံကို မည်သို့ထူထောင်စီမံမည် ဆိုသည်ကို လူထုထံ တင်ပြရသည် ဖြစ်ရာ နိုင်ငံရေးပါတီများကြားတွင် အပြိုင်အဆိုင် သဘောမျိုး ရှိလာသည် က ဓမ္မတာဖြစ်ပါသည်။ မည်သူက ပို၍ တိုင်းပြည်ချစ်သနည်း၊ မည်သူက ပို၍ စွမ်းဆောင် ရည်ရှိသနည်း၊ မည်သူက ပို၍ နိုင်ငံရေးသီလကောင်း သနည်းစသည်ဖြင့် ဖြစ်ပါသည်။
ယင်းသို့ ပြည်သူသို့ အစီရင်ခံတင်ပြရာတွင် နိုင်ငံရေးပါတီအချင်းချင်း ကြားတွင် ယဉ်ကျေးဖွယ် ရသည့် နိုင်ငံရေးကျင့်ဝတ်ကို အခြေခံရပါသည်။ ပြည်သူလူထုကလည်း နိုင်ငံရေးကျင့်ဝတ်မရှိသူများ၊ ယဉ်ကျေးဖွယ်ရာမရှိ သူများ၏ ရိုင်းပျမှုများကို နှစ်ခြိုက်လေ့မရှိပါချေ။
အချုပ်ကိုဆိုရပါလျှင် နိုင်ငံရေးပါတီများ၊ နိုင်ငံရေးသမားများ ဟူသည် အများအကျိုး၊ နိုင်ငံအကျိုး၊ ပြည်သူအကျိုးကို စွမ်းစွမ်းတမံ ဆောင်ရွက်လို ကြသည်ဟူသည့် အခြေခံစိတ်ဓာတ်ကို မွေးမြူကြ ခြင်း အပေါ် ပြည်သူ လူထုက လေးစားချစ်ခင်စိတ်ဖြစ်ရပါသည်။ ထိုသို့သော နိုင်ငံရေးသမား တို့သည် နိုင်ငံရေးကျင့်ဝတ်များကို စောင့်ထိန်းခြင်းဖြင့် နိုင်ငံရေးယဉ်ကျေး မှုဓလေ့ကောင်းများကို မြင့်မားစေပြီး ပြည်သူလူထု၏ယုံကြည်ကိုးစားမှုကို ရယူနိုင်ကြမည်ဟု ထင်မြင်ယူဆပါကြောင်း။ ။