Skip to main content

ရခိုင်ပြည်နယ်တွင် လျင်မြန်စွာကူးစက်ဖြစ်ပွားနေသော ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများဆွေးနွေးပြီး အရေးပေါ် အခြေအနေအမျိုးမျိုးအတွက် ဆေးရုံများ၌ ဘက်စုံအသင့်ပြင်ဆင်ထားရှိနိုင်ရေးနှင့် စနစ်တကျတုံ့ပြန်ဆောင်ရွက်နိုင်ရေး စားပွဲဝိုင်းလေ့ကျင့်ခန်းပြုလုပ်

နေပြည်တော် ဩဂုတ် ၂၂

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ယနေ့ နံနက်ပိုင်းတွင် ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်တွင် လျင်မြန်စွာကူးစက်ဖြစ်ပွားနေသော ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများနှင့်ပတ်သက်၍ တာဝန် ရှိသူများနှင့် Videoconferencing စနစ်ဖြင့် ဆွေးနွေးသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက ရခိုင်ပြည်နယ်တွင် ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုသည် မြန်ဆန် လျက်ရှိပြီး ဩဂုတ် ၁၆ ရက်မှ ၂၁ ရက်အထိ (၅) ရက်တာ ကာလအတွင်း၌ ဓာတ်ခွဲအတည်ပြုလူနာသစ် (၄၅) ဦး တွေ့ရှိခဲ့ပြီး (၄၄) ဦးသည် စစ်တွေမြို့မှ ဖြစ်ပါကြောင်း၊ ယခု စစ်တွေမြို့၌ကူးစက်ဖြစ်ပွားနေသော ဗိုင်းရပ်စ်ပိုးသည် မျိုးဗီဇ ပြောင်းလဲနေသည့် အမျိုးအစားဖြစ်နိုင်သော ကြောင့် ဆေးသုတေသနဦးစီးဌာန၌ ဗိုင်းရပ်စ်ပိုး၏ မျိုးဗီဇကိုစစ်ဆေးဖော်ထုတ် သွားမည်ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် ရခိုင်ပြည်နယ် အစိုးရအဖွဲ့၊ လူမှုရေးဝန်ကြီး၊ ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူးတို့နှင့် အချိန်နှင့် တစ်ပြေးညီချိတ်ဆက်ကာ ရခိုင်ပြည်နယ်တွင် ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အခြားနေရာဒေသများသို့ ပြန်ပွားမှုထိန်းချုပ်ရေး လုပ်ငန်းများဆောင်ရွက်လျက်ရှိပါကြောင်း၊ စစ်တွေ သူနာပြုနှင့်သားဖွားသင်တန်း ကျောင်းမှ အောင်မြင်ခဲ့သည့် သူနာပြု (၅၆) ဦးအား ရခိုင်ပြည်နယ်တွင် ယမန်နေ့ကခန့်အပ်တာဝန်ချထားခဲ့ ပြီးဖြစ်ကြောင်း၊ ဩဂုတ် (၂၃) ရက်တွင်လည်း "မိမိဆန္ဒ အလျောက်" ရခိုင်ပြည်နယ်တွင် ယာယီတာဝန်ထမ်း ဆောင်မည့် ဒုတိယပြည်နယ် ပြည်သူကျန်းမာရေးဦးစီးဌာနမှူး (၁) ဦး၊ လက်ထောက်ဆရာဝန် (မေ့ဆေး အထူးကု) (၃) ဦးနှင့် လက်ထောက်ဆရာဝန် (ဆေးပညာအထူးကု) (၁) ဦးနှင့် လက်ထောက် ဆရာဝန် (၁၃) ဦးကို ဆေးနှင့် ဆေးပစ္စည်းကိရိယာများနှင့်အတူ အထူးလေယာဉ်ဖြင့် ထပ်မံပို့ဆောင်သွားမည် ဖြစ်ပါကြောင်း၊ ကိုဗစ်-၁၉ ဓာတ်ခွဲစစ်ဆေးမှုများကို စစ်တွေပြည်သူ့ဆေးရုံကြီးတွင် Gene Xpert စက် (၂) လုံးဖြင့် စစ်ဆေးလျက်ရှိပြီး ရောဂါဗေဒ အထူးကုဆရာဝန်ကြီး (၁) ဦးနှင့် အဏုဇီဝဗေဒပညာရှင် (၂) ဦး ကိုလည်း အင်အားဖြည့်တင်း ယာယီတာဝန်ချထားပြီးဖြစ်၍ ဩဂုတ်လ (၂၃) ရက်တွင် သွားရောက် ကြမည်ဖြစ်ပါကြောင်း၊ စစ်တွေပြည်သူ့ဆေးရုံကြီးတွင် လူနာထားရှိရန်နေရာများ တိုးချဲ့ခြင်းကိုလုပ်ဆောင် နေပြီး လိုအပ်ပါက ယာယီဆေးရုံများ ပြုလုပ်ရန် စီစဉ်လျက်ရှိပါကြောင်း။

 အမေရိကန်၊ ဘရာဇီး၊ အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံများတွင် ထိန်းချုပ်ရန်ခက်ခဲသော ကူးစက် ဖြစ်ပွားမှုအခြေအနေများ ဖြစ်ပွားနေသကဲ့သို့ မိမိတို့နိုင်ငံတွင်လည်း ဖြစ်လာမည်ကို စိုးရိမ်ဖွယ်ရာရှိသဖြင့်  ထိန်းချုပ်ရေးလုပ်ငန်းများကို အစွမ်းကုန် ကြိုးစား ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခုရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်တွင် ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုများကဲ့သို့ အခြားပြည်နယ်/ တိုင်းဒေသကြီးများတွင် ဖြစ်ပွားလာပါက တုံ့ပြန်ဆောင်ရွက်ရေးလုပ်ငန်းများကို စနစ်တကျဆောင်ရွက်နိုင်ရန် ကျန် တိုင်းဒေသကြီး/ ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူးများကိုလည်း ညွှန်ကြား ထားပြီးဖြစ်ပါကြောင်း၊ ယခုလ (၁၃) ရက်နေ့တွင် " ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှု ဒုတိယလှိုင်း ဖြစ်ပွားလာပါက စနစ်တကျတုံ့ပြန် ဆောင်ရွက်ရေး စားပွဲဝိုင်းလေ့ကျင့်ခန်း (Table-Top Exercise)" ကို ပြည်သူ့ကျန်းမာရေးနှင့် ရောဂါကာ ကွယ်ထိန်းချုပ်ရေးရှုထောင့်မှ ပြုလုပ်ခဲ့ပြီးဖြစ်ကြောင်း၊ ဆေးရုံကြီး တစ်ခုချင်းစီအလိုက် အရေးပေါ်အခြေ အနေများအတွက် စားပွဲဝိုင်းလေ့ကျင့်ခန်းများ၊ ဇာတ်တိုက် လေ့ကျင့်မှုများ ပြုလုပ်ခဲ့မှုများရှိသော်လည်း ယနေ့ပြုလုပ်သည့် စားပွဲဝိုင်းလေ့ကျင့်ခန်းတွင် ကပ်ရောဂါ များအပါအဝင် ဘေးအန္တရာယ်အမျိုးမျိုးကျ ရောက်ပါက ဆေးရုံပိုင်းဆိုင်ရာ စနစ်တကျတုံ့ပြန်ဆောင်ရွက်နိုင်ရေးအတွက် ဆွေးနွေးကြရ မည်ဖြစ်ပါကြောင်း။

ထိုသို့ဆွေးနွေးရာတွင် မိမိတို့နိုင်ငံ၏ ပကတိလက်တွေ့မြေပြင်အခြေအနေ၊ မိမိတို့တွင် ရှိသော လူ့စွမ်းအား၊ ဘဏ္ဍာငွေ၊ ဆေးနှင့်ဆေးပစ္စည်းများ၊ အချိန်အတိုင်းအတာတို့နှင့် အမှန်တကယ်ကိုက်ညီသည့် နည်းဗျူဟာများနှင့် လုပ်ငန်းစဉ်များ ချမှတ်နိုင်ရေး အလေးထားဆွေးနွေးရမည်ဖြစ်ပါကြောင်း၊  ထို့အပြင် ဆေးရုံတစ်ရုံသို့ COVID-19 လူနာများရောက်ရှိလာပါက - (က) ကျန်းမာရေးဝန်ထမ်းများထံ ရောဂါမကူးစက် စေရန်၊ (ခ) အခြားလူနာများထံရောဂါမကူးစက်စေရန်၊ (ဂ) သီးခြားထားရှိ (isolation) ကုသမှုလုပ် ဆောင်နိုင်ရန်၊ (ဃ) လူနာများအစုလိုက်အပြုံလိုက်ရောက်ရှိလာပါကစနစ်တကျ စီမံခန့်ခွဲနိုင်ရန်ရန်နှင့် (င) လိုအပ်ပါကရောဂါကူးစက်ခြင်းမရှိသည့် နေရာများမှ ဆရာဝန်၊ သူနာပြု၊ ဓာတ်ခွဲပညာရှင်နှင့် ကုသမှု အထောက်အကူပြု ပညာရှင်များ ပို့ဆောင်နိုင်ရန် တို့အတွက် လက်တွေ့ဆောင်ရွက်နိုင်မည်များကို ဆွေးနွေး ကြရမည်ဖြစ်ပါကြောင်း၊ စားပွဲဝိုင်း လေ့ကျင့်ခန်းတွင် ဆွေးနွေးချက်များအရ တွေ့ရှိရသော လိုအပ်ချက်များကို အမြန်ဆုံး ကြိုတင်ဖြည့်ဆည်းခြင်းနှင့် နည်းဗျူဟာ များကို မွမ်းမံပြင်ဆင်ခြင်း ဆောင်ရွက်ထားရ မည်ဖြစ်ပါကြောင်း၊ စားပွဲဝိုင်းလေ့ကျင့်ခန်းများကိုဆွေးနွေးရာ၌ ဖြစ်နိုင်ချေရှိသော ဖြစ်ရပ် (scenario) များကို နောက်ခံထားရမည့်အပြင် မမျှော်မှန်းနိုင်သော အခြေအနေများ ပေါ်ပေါက်လာနိုင်သည်ကိုလည်း ထည့်သွင်းစဉ်းစားကြရမည်ဖြစ်ပါကြောင်း။

ဆွေးနွေးကြရာတွင် စီမံခန့်ခွဲမှု၊ အုပ်ချုပ်မှု၊ ထောက်ပံ့ပို့ဆောင်မှု၊ ဆက်သွယ်ချိတ်ဆက်မှု၊ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရ အဖွဲ့များ၊ နှီးနွှယ်ဌာနများ၊ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှုနှင့် အရင်းအမြစ်လိုအပ်မှုများကို လက်တွေ့မြေပြင် အခြေအနေနှင့် ကိုက်ညီစွာဆွေးနွေးကြစေလိုပါကြောင်း၊ ဆေးရုံအသီးသီးအနေဖြင့် အဆောက်အဦများနေရာချထားမှု နှင့် လူနာတင်ယာဉ် ဝင်ထွက်ပေါက်များစနစ် တကျရှိစေရေး၊ ဆေးရုံများအကြားနှင့် လူနာတင်ယာဉ်များအကြား ချိတ်ဆက် ဆောင်ရွက်မှု ကွန်ရက် ကောင်းမွန်စေရေး ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ဆေးရုံ၏ အဆောက်အဦ၊ ဝင်ထွက်လမ်းနှင့် လူနာဆောင်များတို့ ပါဝင်သည့် နေရာပြမြေပုံများ ရေးဆွဲခြင်း၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ် အမျိုးအစားအလိုက် အခြေပြဇယားများ ရေးဆွဲခြင်းတို့ကို ပြုလုပ်ကာ သက်ဆိုင်ရာတာဝန်ရှိသူများထံ ဖြန့်ဝေထားရမည်ဖြစ်ပါကြောင်း။

ဝန်ကြီးဌာနအနေဖြင့် ယခုကဲ့သို့ စားပွဲဝိုင်းလေ့ကျင့်ခန်းများကို ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးတွင် ပြုလုပ်သွားမည်ဖြစ်ပြီး တွေ့ရှိရသည့်အားနည်းချက်များ၊ လိုအပ်ချက်များကို ရရှိသည့် အရင်းအမြစ်နှင့် ကိုက်ညီစွာဖြည့်ဆည်းဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ ဤ ကိုဗစ်-၁၉ ကပ်ရောဂါ သာမက အခြားကပ်ရောဂါအမျိုးမျိုးနှင့် ဘေးအန္တရာယ်များသည် နောင်ကာလတွင် လည်း ပေါ်ပေါက် လာနိုင်သည်ဖြစ်သည့်အတွက် မိမိတို့ဝန်ကြီးဌာနရှိ တာဝန်ရှိသူများနှင့် ပညာရှင်များအနေဖြင့် လက်တွေ့ မြေပြင်အ‌ခြေအနေနှင့်ကိုက်ညီသည့် ကြိုတင်ပြင်ဆင်မှုများကို ဆောင်ရွက်ထားရှိရမည် ဖြစ်ပါကြောင်း၊ ယခုကဲ့သို့ စားပွဲဝိုင်းလေ့ကျင့်ခန်းများမှ လက်တွေ့မြေပြင်အခြေအနေနှင့်ကိုက်ညီသည့် အကြံပြုချက်များဖြင့် ဝန်ကြီးဌာန၏ နည်းဗျူဟာ များ၊ လုပ်ငန်းစဉ်များကို မွမ်းမံသွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။

ထို့နောက် ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်က ရခိုင်ပြည် နယ်အစိုးရအဖွဲ့၊ ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့နှင့် စဉ်ဆက်မပြတ် ချိတ်ဆက်ကာ ဆောင်ရွက်နေမှုနှင့် ဆေးနှင့် ဆေးပစ္စည်းကိရိယာများ ပေးပို့နေမှုကိုလည်းကောင်း၊ အမြဲတမ်း အတွင်းဝန် ပါမောက္ခဒေါက်တာ သက်ခိုင်ဝင်းက စစ်တွေပြည်သူ့ဆေးရုံတွင် ကိုဗစ်-၁၉ လူနာများအတွက် ထားရှိကုသရန် နေရာများ တိုးချဲ့နေမှု၊ လိုအပ်ပါက ယာယီဆေးရုံပြုလုပ်ရန် ဆောင်ရွက်နေမှုနှင့် အသွားအလာကန့်သတ်မှုများအတွက် ရခိုင်ပြည်နယ်အစိုးရအဖွဲ့၊ နှီးနွှယ်ဌာနများနှင့် ပူးပေါင်းဆောင်ရွက်နေမှုများကို လည်းကောင်း၊ ပြည်သူ့ ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစိုးဦးက ကျန်းမာရေးလူ့စွမ်းအားအရင်း အမြစ်နှင့် ဘဏ္ဍာရေးဆိုင်ရာ စီမံခန့်ခွဲမှုများကိုလည်းကောင်း အသီးသီးရှင်းလင်းတင်ပြသည်။

ထို့နောက် တက်ရောက်လာကြသည့် ပါမောက္ခချုပ်များ၊ တိုင်းဒေသကြီး/ ပြည်နယ် ပြည်သူ့ ကျန်းမာရေးနှင့်ကုသရေးဦးစီး ဌာနမှူးများ၊ ဆေးရုံအုပ်ကြီးများနှင့် ပါမောက္ခ/ ဌာနမှူးများက အကြံပြု ဆွေးနွေးသည်။

ဆက်လက်၍ ဒုတိယပိုင်းအနေဖြင့် စားပွဲဝိုင်းလေ့ကျင့်ခန်းကို ပြုလုပ်ရာ ဆေးတက္ကသိုလ် (၁)၊ ပါမောက္ခချုပ် ပါမောက္ခ ဒေါက်တာဇော်ဝေစိုးက စားပွဲဝိုင်းလေ့ကျင့်ခန်းအကြောင်း ရှင်းလင်းပြောကြားကာ ဆေးတက္ကသိုလ် (၁)၊ အရေးပေါ်ကုသမှု ဆေးပညာဌာနမှ ပါမောက္ခ/ ဌာနမှူး ဒေါက်တာမော်မော်ဦးက အရေးပေါ်အခြေအနေအမျိုးမျိုးအတွက် ဆေးရုံပိုင်းဆိုင်ရာ ကြိုတင်ပြင်ဆင်မှု၊ တုံ့ပြန်ဆောင်ရွက်မှုများနှင့် ပတ်သက်၍လည်းကောင်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (ကုသရေး) ဒေါက်တာ သီတာလှက ဘေးအန္တရာယ် အမျိုးမျိုးအတွက် ဆေးရုံပိုင်းဆိုင်ရာ တုံ့ပြန်ဆောင်ရွက်ရေး စီမံချက်နှင့် ပတ်သက်၍လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာထွန်းမြင့်က ရန်ကုန်တိုင်းဒေသကြီးတွင် အရေးပေါ်အခြေအနေများအတွက် ကျန်းမာရေးဆိုင်ရာ တုံ့ပြန်ဆောင်ရွက်ရေး အစီအစဉ်ကို လည်းကောင်း၊ ဆေးတက္ကသိုလ် (၂)၊ အရေးပေါ်ကုသမှုဆေးပညာဌာနမှ ပါမောက္ခ/ ဌာနမှူး ဒေါက်တာခိုင်ရွှေဝါက ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ဆေးရုံများလုံခြုံစိတ်ချမှုနှင့် အရေးပေါ်တုံ့ပြန်ဆောင်ရွက်ရေး ဆန်းစစ်အကဲဖြတ်မှုပုံစံကိုလည်းကောင်း၊ ရန်ကုန်ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာရီရီမြင့်နှင့် မြောက်ဥက္ကလာပပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာကြည်စိုးတို့က အရေးပေါ်အခြေ အနေများအတွက် ဆေးရုံအလိုက်ပြင်ဆင်ထားရှိမှုများကိုလည်းကောင်း တင်ပြကြကာ လိုအပ်ချက်များနှင့် ထည့်သွင်းစဉ်းစားရန်အချက်များကို အကြံပြုဆွေးနွေးသည်။

ထို့နောက် စားပွဲဝိုင်းလေ့ကျင့်ခန်းကို ဖြစ်စဉ်အခြေအနေအပေါ် အကြောင်းအရာကဏ္ဍအလိုက် ဆွေးနွေးခြင်း၊ အပြန်အလှန် ဆွေးနွေးခြင်း၊ လိုအပ်ချက်များဖော်ထုတ်ခြင်းနှင့် စားပွဲဝိုင်းလေ့ကျင့်ခန်းမှ တွေ့ရှိချက်များကို တင်ပြခြင်းတို့ဖြင့် ဆောင်ရွက်ကြပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။ 

(သတင်းစဉ်)