သတ္တုတွင်းဦးစီးဌာန စစ်ကိုင်းတိုင်းဒေသကြီးရုံးခွဲမှ ညွှန်ကြားရေးမှူး ဦးအောင်နိုင်၊ အမှတ်(၂)သတ္တုတွင်းလုပ်ငန်း၊ မုံရွာမှ ဒုတိယအထွေထွေမန်နေဂျာ ဦးလင်းထင်၊ ရဲအုပ်မျိုးမင်းညွန့်(နုတ်ထွက်)၊ ဟုမ္မလင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အကြီးတန်းစာရေး ဒေါ်ရှုရှုယဉ်နှင့် မြေတိုင်း-၄ ဦးစိုးမိုးအောင် တို့အပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်လှစ် အရေးယူ
နေပြည်တော် ဩဂုတ် ၂၂
စစ်ကိုင်းတိုင်းဒေသကြီး၊ သတ္တုတွင်းဦးစီးဌာနမှ ဝန်ထမ်းများသည် လုပ်ပိုင်ခွင့် အာဏာကိုစွဲကိုင်၍ အဂတိလိုက်စားမှု ကျူးလွန် နေခြင်း အပေါ် ဖြစ်စဉ်အမှန်ကို ဖော်ထုတ် ပေးပါရန် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်သို့ တိုင်ကြားခဲ့သည်။
တိုင်ကြားစာအရ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းစစ်ဆေးခဲ့ရာ သတ္တုတွင်းဦးစီးဌာန စစ်ကိုင်းတိုင်းဒေသကြီးရုံးခွဲမှ ညွှန်ကြားရေးမှူး ဦးအောင်နိုင်သည် ရွှေမျောလုပ်ကွက် ချထားပေးခြင်းနှင့်စပ်လျဉ်း၍ လုပ်ပိုင်ခွင့် ရှိသူဖြစ်ကြောင်း ပြောဆိုကာ ရွှေမျောလုပ်ကွက်များ လျှောက်ထားသည့် ကုမ္ပဏီထံမှ ငွေကျပ် သိန်း(၄၀)ကို လည်းကောင်း၊ အမှတ်(၂)သတ္တုတွင်းလုပ်ငန်း၊ မုံရွာမှ ဒုတိယအထွေထွေမန်နေဂျာ ဦးလင်းထင်သည် ရွှေမျောလုပ်ကိုင်သည့် ကုမ္ပဏီထံမှ ငွေကျပ်(၂၀၃)သိန်းကို လည်းကောင်း၊ ရဲအုပ်မျိုးမင်းညွန့်(နုတ်ထွက်)သည် မိုင်းကိုင်းရဲစခန်းမှူးအဖြစ် တာဝန်ထမ်းဆောင်စဉ်က ရွှေမျောမောင်းသူ (၃)ဦးထံမှ ငွေကျပ်သိန်း (၅၀) နှင့် မျောလုပ်သား သေဆုံးခဲ့သည့်ကိစ္စနှင့် စပ်လျဉ်း၍ ငွေကျပ် သိန်း(၅၀)တို့ကို လည်းကောင်း လက်ခံရယူခဲ့ကြခြင်းဖြင့် ရာထူးတာဝန်ကို အလွဲသုံးစားပြု၍ အဂတိလိုက်စားမှုကျူးလွန်ခဲ့ကြကြောင်း စစ်ဆေး ပေါ်ပေါက်ခဲ့သည်။
ဟုမ္မလင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အကြီးတန်းစာရေး ဒေါ်ရှုရှုယဉ် သည် အသေးစား ရွှေမျောလုပ်ကွက် လျှောက်ထားခြင်းနှင့်ပတ်သက်၍ မြို့နယ် စီမံခန့်ခွဲရေး ကော်မတီမှ ထောက်ခံတင်ပြရန်အတွက် လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန မြို့နယ်ဦးစီးမှူးရုံး၊ မြေတိုင်း-၄ ဦးစိုးမိုးအောင် ထံမှ ငွေကျပ် ၃၅၀,၀၀၀/-ကို လက်ခံရယူ ခြင်းဖြင့် အဂတိလိုက်စားမှုကို ကျူးလွန်ခဲ့ကြောင်း၊ အမှုတွဲထိန်းတာဝန်ထမ်းဆောင်သူ မြေတိုင်း-၄ ဦးစိုးမိုးအောင်သည် မြို့နယ် စီမံခန့်ခွဲရေး ကော်မတီမှထောက်ခံတင်ပြရန်အတွက် ဒေါ်ရှုရှုယဉ်ထံ ငွေကျပ် ၃၅၀,၀၀၀/- ပေးခဲ့ခြင်းဖြင့် ဒေါ်ရှုရှုယဉ်မှ အဂတိလိုက်စားမှု ကျူးလွန်ရန် အားပေးကူညီခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။
စစ်ဆေးပေါ်ပေါက်ချက်များအရ ဦးအောင်နိုင်၊ ဦးလင်းထင်နှင့် ရဲအုပ်မျိုးမင်းညွန့် (နုတ်ထွက်)တို့အပေါ် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆ အရလည်းကောင်း၊ ဒေါ်ရှုရှုယဉ် အပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၇ အရ လည်းကောင်း၊ ဦးစိုးမိုးအောင်အပေါ် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၇/၆၃ အရလည်းကောင်း စစ်ကိုင်းတိုင်း ဒေသကြီး၊ ဟုမ္မလင်းမြို့မရဲစခန်းနှင့် မိုင်းကိုင်းရဲစခန်းတို့၌ ဩဂုတ် ၂၀ ရက်တွင် ပထမသတင်းပေး တိုင်ကြားချက် ဖွင့်လှစ်၍ တရားစွဲဆိုအရေးယူနိုင်ရေး ဆောင်ရွက် လျက် ရှိကြောင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ သိရသည်။
(သတင်းစဉ်)