နေပြည်တော် စက်တင်ဘာ ၂၉
မဲခေါင်-လန်ချန်း MSME များ ဒစ်ဂျစ်တယ်ကျွမ်းကျင်မှုဆိုင်ရာ အဆင့်မြှင့်တင်နိုင်ရန် စွမ်း ဆောင်ရည် ဖွံ့ဖြိုးတိုးတက်ရေး သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့ညနေပိုင်းတွင် နေပြည်တော်ရှိ သင်္ဂဟဟိုတယ်၌ ကျင်းပသည်။
သင်တန်းဆင်းပွဲသို့ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီ ဒုတိယ ဥက္ကဋ္ဌ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ချာလီသန်း၊ ကျွမ်းကျင်ပညာရှင်များ၊ နည်းပြ ဆရာ/ဆရာမများ၊ ဆက်စပ် ဝန်ကြီးဌာနများမှ သင်တန်းတက်ရောက်သည့် ဝန်ထမ်းများ၊ နေပြည်တော်အတွင်းရှိ MSME လုပ်ငန်းရှင်များနှင့် စက်မှုဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်သည်။ ထို့ပြင် တိုင်းဒေသကြီး/ပြည်နယ်များမှ MSME လုပ်ငန်းရှင်များ၊ မဲခေါင်-လန်ချန်းဒေသ မှ ကိုယ်စားလှယ်များသည် Virtual စနစ်ဖြင့် တက်ရောက်သည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက ငါးရက်ကြာကျင်းပခဲ့သည့် ယခုသင်တန်းကို မဲခေါင်-လန်ချန်း ဒေသတွင်းနိုင်ငံများရှိ MSME များ၊ MSME အသင်းအဖွဲ့များ၊ အစိုးရတာဝန်ရှိသူများနှင့် မူဝါဒ ချမှတ်သူများအတွက် စွမ်းဆောင်ရည်မြှင့်တင်ရန်၊ ဒစ်ဂျစ်တယ်ဆန်းသစ်တီထွင်မှုဆိုင်ရာ အလေ့ အကျင့်များ၊ မူဝါဒ၊ ဒစ်ဂျစ်တယ်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် ဆက်စပ်သည့် ထွန်းသစ်စ ဒစ်ဂျစ် တယ် စက်မှုလုပ်ငန်းသစ်များအကြောင်း ပိုမိုနားလည်လာစေရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း၊ ထို့ပြင် ဒစ်ဂျစ်တယ်စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်များ အကောင်အထည်ဖော်ရာတွင် MSME များ နောက်ကျကျန်ရစ်မှုမရှိစေရဟူသော မျှော်မှန်းချက်၊ ကတိကဝတ်များနှင့်အညီ ဒစ်ဂျစ် တယ်စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်များကို ဖြည့်ဆည်းပေးရန်လည်း ရည်ရွယ် ပါကြောင်း။
ပရောဂျက် တစ်ခုလုံးအနေဖြင့် MSME လုပ်ငန်းများအတွက် ဒစ်ဂျစ်တယ်တတ်မြောက်မှု၊ ဝေဖန်ပိုင်းခြား တွေးခေါ်မှုနှင့် ပြဿနာဖြေရှင်းနိုင်မှုစွမ်းရည်များ တိုးမြင့်လာနိုင်ပြီး MSME များ၏ ဒစ်ဂျစ်တယ်ဆန်းသစ် တီထွင်မှုနှင့် ဒစ်ဂျစ်တယ်အသွင်ပြောင်းမှုကို အရှိန်မြှင့်နိုင်မည်ဖြစ်ကြောင်း၊ မဲခေါင်- လန်ချန်း ပူးပေါင်းဆောင်ရွက်မှု၊ အပြန်အလှန်ချိတ်ဆက်မှုနှင့် ဆင်းရဲနွမ်းပါးမှုလျှော့ချရေး စသည့် ရည်မှန်းချက်နှစ်ရပ်ကို အကောင်အထည်ဖော်ရာတွင် အထောက်အပံ့ဖြစ်စေပြီး အသေးစားနှင့် အလတ်စားလုပ်ငန်းများ၏ ၀င်ငွေကို တိုးမြင့်လာစေမည်ဖြစ်ကြောင်း၊ မဲခေါင်-လန်ချန်းနိုင်ငံများအကြား စီးပွားရေး၊ လူမှုရေး ဖွံ့ဖြိုးတိုးတက်ရေးနှင့် ချစ်ကြည်ရင်းနှီးသော ဆက်ဆံ ရေးကို မြှင့်တင်ရန်လည်း အထောက်အကူပြုမည်ဖြစ်ကြောင်း၊ သင်တန်းမှရရှိခဲ့သည့် အသိပညာနှင့် ကျွမ်းကျင်မှုများ အပေါ်အခြေခံ၍ ဒစ်ဂျစ်တယ်အသွင်ပြောင်းရေးတွင် ကြိုးပမ်းအားထုတ်မှုများကို ဆက်လက်လုပ်ဆောင်ရန် အားလုံးကို တိုက်တွန်းလိုကြောင်း၊ သင်တန်းသားများနှင့် ကျွမ်းကျင်သူများအကြား ချစ်ကြည်ရင်းနှီးမှုနှင့် ဆက်သွယ်မှုကွန်ရက်ကို တည်ဆောက်ရန် တိုက်တွန်းလိုကြောင်း၊ သင်တန်းမှရရှိသည့် အသိပညာ၊ ဗဟုသုတများကို လက်တွေ့နယ်ပယ်တွင် အကျိုး ရှိစွာ ပြန်လည်အသုံးပြုရင်း ပြန့်ပွားအောင် ဆက်လက်ဆောင်ရွက်ကြရန် ပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် သင်တန်းဆင်း အောင်လက်မှတ်များကို သင်တန်း သားကိုယ်စားလှယ်ထံ ပေးအပ်ပြီး သင်တန်းသားကိုယ်စားလှယ်နှင့် နေပြည်တော် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအသင်း ဒုတိယ ဥက္ကဋ္ဌတို့က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်