Skip to main content

၂၀၂၃ ခုနှစ် ကမ္ဘာ့ပင်လယ်ရေကြောင်းနေ့အခမ်းအနား ကျင်းပ

နေပြည်တော် စက်တင်ဘာ ၂၈

၂၀၂၃ ခုနှစ် ကမ္ဘာ့ပင်လယ် ရေကြောင်းနေ့ အခမ်းအနား (World Maritime Day 2023) ကို ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့ရှိ Wyndham Grand Yangon Hotel ၌ကျင်းပရာ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်မြိုင်၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ဒေသတွင်းနိုင်ငံများနှင့် ပြည်တွင်းရှိ ရေကြောင်းဘက်ဆိုင်ရာ အဖွဲ့အစည်းများ၊ အသင်းအဖွဲ့များ၊ သင်တန်းကျောင်းများ၊ အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းများမှ တာဝန်ရှိသူများ၊ ရေယာဉ်ပိုင်ရှင်များ၊ ရေယာဉ်ဝန်ထမ်းများ၊ အလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်းများမှ ကိုယ်စားလှယ်များနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြသည်။

ရည်ရွယ်ခြင်းဖြစ်

ဦးစွာ ဒုတိယဝန်ကြီးက ၂၀၂၃ ခုနှစ် ကမ္ဘာ့ပင်လယ်ရေကြောင်း နေ့အထိမ်းအမှတ်ဆောင်ပုဒ်မှာ “MARPOL ကွန်ဗင်းရှင်းနှစ်ငါးဆယ်၊ ဒို့ကတိအတိုင်းရှေ့ဆက်မယ်” ဟူ၍ ဖြစ်ပါကြောင်း၊ ကုလသမဂ္ဂ၏ ၂၀၃၀ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှု အစီအစဉ်၊ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုပန်းတိုင် (၁၇)ချက်တို့နှင့်အညီ ကျွန်ုပ်တို့၏ကမ္ဘာမြေကို ထိန်းသိမ်းစောင့်ရှောက်ခြင်း၊ ပင်လယ်သမုဒ္ဒရာများကို ကာကွယ်ခြင်းနှင့် ရေရှည်တည်တံ့စွာ အသုံးပြုနိုင်ခြင်းတို့ကို အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားနိုင်ရန် ရည်ရွယ်ခြင်းဖြစ်ပါကြောင်း။

MARPOL ကွန်ဗင်းရှင်းသည် သင်္ဘောများကြောင့်ဖြစ်ပွားသော ဆီယိုဖိတ်မှုများ၊ အဆိပ်အတောက်ဖြစ်စေသောအရည်များ၊ ထုပ်ပိုးမှုပုံစံဘေးအန္တရာယ်ရှိ ကုန်စည်များ၊ မိလ္လာနှင့်စွန့်ပစ်အမှိုက်များအပါအဝင် အခြားသောအရင်းအမြစ်များမှဖြစ်ပွားသော ရေထုညစ်ညမ်းမှုလျှော့ချရာမှာ အဓိကကျသော ကွန်ဗင်းရှင်းဖြစ်ပါကြောင်း၊ ယနေ့အထိ MARPOL ကွန်ဗင်းရှင်း အဖွဲ့ဝင်နိုင်ငံပေါင်း ၁၆၁ နိုင်ငံရှိပြီး ကမ္ဘာ့ကုန်သည် သင်္ဘောတန်ချိန် စုစုပေါင်း၏ ၉၈ ဒသမ ၈၉ ရာခိုင်နှုန်းခန့်ကို ကိုယ်စားပြုပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ကွန်ဗင်းရှင်း၏ နောက်ဆက်တွဲ ၁ နှင့် ၂ ကို ၁၉၈၈ ခုနှစ်တွင်လည်းကောင်း၊ ကွန်ဗင်းရှင်း၏ နောက်ဆက်တွဲ ၃၊ ၄ နှင့် ၅ တို့ကို ၂၀၁၆ ခုနှစ်တွင်လည်းကောင်း လက်မှတ်ရေးထိုးခဲ့ကြောင်းနှင့် ကွန်ဗင်းရှင်းပါ ပြဋ္ဌာန်းချက်များကို ရေထုညစ်ညမ်းမှုဆိုင်ရာ ဥပဒေအဖြစ် ပြဋ္ဌာန်းနိုင်ရေးဆောင်ရွက်လျက်ရှိပါကြောင်း။

MARPOL ကွန်ဗင်းရှင်း နှစ်(၅၀)ပြည့် အမွေအနှစ်ကို ဂုဏ်ပြုသည့်အနေဖြင့် MARPOL အခြေခံမူများနှင့် ရည်မှန်းချက်များကို ဆက်လက်ထိန်းသိမ်းကြရန် လိုအပ်ကြောင်း၊ MARPOL ကွန်ဗင်းရှင်းသည်ဥပဒေဆိုင်ရာ စာချုပ်စာတမ်းတစ်ခုသာမက သာယာဝပြောသည့် အဏ္ဏဝါပတ်ဝန်းကျင်အတွက် မိမိတို့၏တန်ဖိုးထားမှုများနှင့် မျှော်မှန်းချက်တို့၏ ရောင်ပြန်ဟပ်မှုတစ်ခုလည်းဖြစ်ကြောင်းနှင့် MARPOL ကွန်ဗင်းရှင်းနှင့် မိမိတို့၏ကမ္ဘာ မြေအပေါ် ကတိပြုထားကြသည့်အတိုင်း သဘာဝနှင့်သဟဇာတဖြစ်သည့် ရေကြောင်းပို့ဆောင်ရေးကဏ္ဍကို အတူတကွတည်ဆောက်သွားရန် တိုက်တွန်းပြောကြားသည်။

ထို့နောက် ၂၀၂၃ ခုနှစ် ကမ္ဘာ့ပင်လယ်ရေကြောင်းနေ့အတွက် အပြည်ပြည်ဆိုင်ရာရေကြောင်းအဖွဲ့၏ အထွေထွေအတွင်းရေးမှူးချုပ်က ပေးပို့လာသောသဝဏ်လွှာ Video Clip ကို ဖွင့်လှစ်ပြသပြီး ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန ခေတ္တညွှန်ကြားရေးမှူးချုပ် ဒေါက်တာကိုကိုနိုင်က ကမ္ဘာ့ပင်လယ်ရေကြောင်းနေ့ ၂၀၂၃ ၏ ဆောင်ပုဒ်ဖြစ်သော “MARPOL ကွန်ဗင်းရှင်း နှစ်ငါးဆယ်၊ ဒို့ကတိအတိုင်း ရှေ့ဆက်မယ်” နှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

အစီအစဉ်အရ ၂၀၂၂ ခုနှစ်အတွင်း မြန်မာသင်္ဘောသားများကို အလုပ်အကိုင်အခွင့်အလမ်းအများဆုံး ရှာဖွေပေးနိုင်သည့် သင်္ဘောသားစုဆောင်းခြင်းနှင့် အလုပ်အကိုင်နေရာချထားခြင်းဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်း (SRPS) ကုမ္ပဏီသုံးခုနှင့် ကိုရီးယားပင်လယ်ပြင်၌ ပင်လယ်ထဲသို့ ပြုတ်ကျခဲ့သည့် သင်္ဘောသားကို သက်စွန့်ဆံဖျားကယ်တင်ခဲ့သည့် ဦးတာရာငယ် (ကုန်းပတ်ကျွမ်းကျင်သင်္ဘောသား)တို့ကို ဂုဏ်ပြုဆုများ ချီးမြှင့်သည်။

ဆက်လက်၍ ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနက မြန်မာနိုင်ငံ၏ရေကြောင်းဘက်ဆိုင်ရာ လှုပ်ရှားဆောင်ရွက်မှုမှတ်တမ်းများကို ရှင်းလင်းတင်ပြပြီး ဒုတိယဝန်ကြီးနှင့် အခမ်းအနားတက်ရောက်လာကြသူများက ကမ္ဘာ့ပင်လယ်ရေကြောင်းနေ့ အထိမ်းအမှတ်ပြခန်းအတွင်း ပြကွက်တစ်ခုချင်းအလိုက် လိုက်လံကြည့်ရှုလေ့လာကြရာ တာဝန်ရှိသူများက ရှင်းလင်းပြသကြသည်။

တစ်ပြိုင်တည်းကျင်းပ

မွန်းလွဲပိုင်းတွင် Myanmar Seafarers Forum ၊ Stakeholders Consultation Workshop on National Maritime Transport Policy နှင့် Myanmar Port State Control Workshop တို့ကို တစ်ပြိုင်တည်း ကျင်းပသည်။

ညပိုင်းတွင် ရန်ကုန်မြို့ရှိ ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန(ရုံးချုပ်)၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်(ရုံးချုပ်)၊ အပြည်ပြည်ဆိုင်ရာ ဆိပ်ခံတံတားများနှင့် ဆိုက်ကပ်ထားသောသင်္ဘောများတွင် ကမ္ဘာ့ပင်လယ်ရေကြောင်းနေ့ကို ဂုဏ်ပြုသောအားဖြင့် အပြာရောင်မီးများ ထွန်းညှိခဲ့ကြကြောင်းသိရသည်။

သတင်းစဉ်