Skip to main content

သတင်းမှားများ ကိုင်တွယ်ဖြေရှင်းရန် သတင်းအချက်အလက် သိနားလည်မှုဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ပိတ်ပွဲအခမ်းအနားကျင်းပ

နေပြည်တော် စက်တင်ဘာ ၂၈

ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့အသံနှင့်ရုပ်မြင်သံကြားနှင့် အာရှ-ပစိဖိတ်ဒေသတွင်း ရုပ်/သံလွှင့်အဖွဲ့အစည်း (Asia-Pacific Institute for Broadcasting Development- AIBD) တို့ပူးပေါင်းပြီး သတင်းမှားများ ကိုင်တွယ်ဖြေရှင်းရန် သတင်းအချက်အလက် သိနားလည်မှုဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ “Workshop on Media Literacy to address disinformation” ပိတ်ပွဲအခမ်းအနားကို ယနေ့ ညနေ ၄ နာရီခွဲတွင် နေပြည်တော် Horizon Lake View Hotel, State Meeting Room 2 ခန်းမတွင် ကျင်းပသည်။

အခမ်းအနားသို့ ပြန်ကြားရေးဝန်ကြီးဌာနဒုတိယဝန်ကြီး ဦးရဲတင့်၊ အမြဲတမ်းအတွင်းဝန် ဦးမျိုးမြင့်မောင်နှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ Workshop Consultant Associate Profe-ssor Dr. Sara Chinnasamy နှင့် Program Manager Ms. Monica Phang၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားနှင့် အကျိုးတူပူးပေါင်းဆောင်ရွက်လျက်ရှိသည့် ရုပ်သံလွှင့်အဖွဲ့အစည်းများ၊ Content Provider များ၊ မြန်မာနိုင်ငံရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်သူများ အသင်း(MBA)နှင့် မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီတို့မှ တာဝန်ရှိသူများ တက်ရောက်ကြ သည်။

ရှင်းလင်းပြောကြား

ရှေးဦးစွာ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား ညွှန်ကြားရေးမှူးချုပ်ဦးရဲနိုင်က အလုပ်ရုံဆွေးနွေးပွဲပြုလုပ်ရခြင်းနှင့်စပ်လျဉ်း၍ ရရှိလာသည့် အကျိုးကျေးဇူးများကို ရှင်းလင်းပြောကြားပြီး Workshop အကြံပေးကျွမ်းကျင်ပညာရှင် Dr. Sara Chinnasamy က သင်တန်းဆိုင်ရာများကိုပြောကြား၍ တက်ရောက်လာကြသည့် သင်တန်းသား သင်တန်းသူများကိုယ်စား မြန်မာနိုင်ငံ ရုပ်မြင်သံကြားနှင့်အသံထုတ်လွှင့်သူများအသင်းမှ ဦးရဲနိုင်စိုးက ကျေးဇူးတင်စကား ပြောကြားသည်။

စိန်ခေါ်မှုတစ်ရပ်ဖြစ်

ထို့နောက် ဒုတိယဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားရာတွင် ဆွေးနွေးပွဲကိုတက်ရောက် လာကြသူများအနေဖြင့် ကမ္ဘာတစ်ဝန်းရှိ မီဒီယာလောကတွင် စိန်ခေါ်မှုတစ်ရပ်ဖြစ်သည့် မီဒီယာသိနားလည်မှုနှင့်စပ်လျဉ်း၍ ပိုမိုနားလည်သဘောပေါက်မှုများ ရရှိမည်ဟု ယုံကြည်ပါကြောင်း၊ အရေးကြီးသည့် ထိုးထွင်းသိမြင်မှုများနှင့် အရေးယူဆောင်ရွက်ရ မည့်အချက်များဖြစ်သည့် သတင်းပညာ၏ ဓမ္မဓိဋ္ဌာန်ကျမှုနှင့် content များအပေါ် တန်ဖိုးထားမှုများ၊ လိမ်လည်မှုပစ်မှတ်များ၊ ကောလာဟလသတင်းများ၊ သတင်းမှားခွဲခြားဖော်ထုတ်ရန် နည်းလမ်းများနှင့် ပင်မမီဒီယာ၏ သတင်းတင်ဆက်မှုတွင် ယုံကြည်လက်ခံလာစေရန်နည်းလမ်းများ မြှင့်တင်ခြင်းစသည့်အကြောင်းအရာများကို ယခုဆွေးနွေးပွဲမှ အသားပေးဖော်ထုတ်ဆွေးနွေးနိုင်ခဲ့ပါကြောင်း၊ နှစ်ရက်တာဆွေးနွေးပွဲမှ ရရှိလာသည့်ရလဒ်များကို နေ့စဉ်အစီအစဉ်ထုတ်လုပ်ခြင်းနှင့် သတင်းတင်ဆက်ခြင်းစသည့် လုပ်ငန်းခွင်များအတွက် ထိထိရောက်ရောက်အသုံးပြုနိုင်လိမ့်မည်ဟုလည်း ယုံကြည်မိပါကြောင်း၊ နောင်အနာဂတ်တွင်လည်း ယခုကဲ့သို့ဆွေးနွေးပွဲမျိုးကို ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့အသံနှင့်ရုပ်မြင်သံကြားနှင့် AIBDတို့ အတူတကွပူးပေါင်းဆောင်ရွက်နိုင်ရန် မျှော်လင့်ပါကြောင်း ပြောကြားသည်။

ပေးအပ်ချီးမြှင့်

ယင်းနောက် Workshop အကြံပေး ကျွမ်းကျင်ပညာရှင် Dr. Sara Chinnasamy က တက်ရောက်လာကြသည့်သင်တန်းသား သင်တန်းသူများအားသင်တန်း ပြီးမြောက်ကြောင်း အသိအမှတ် ပြုလွှာများပေးအပ်ပြီး ဒုတိယဝန်ကြီးဦးရဲတင့်က Workshop အကြံပေးကျွမ်းကျင်ပညာရှင် Dr. Sara Chinnasamy နှင့် Program Manager Ms. Monica Phang တို့ကို ဂုဏ်ပြုအမှတ်တရလက်ဆောင်များ ပေးအပ်ချီးမြှင့်သည်။

ဆက်လက်၍ အမြဲတမ်းအတွင်းဝန် ဦးမျိုးမြင့်မောင်က “မြန်မာနိုင်ငံသတင်းမီဒီယာ ကောင်စီ၏တာဝန်များနှင့် သက်ဆိုင်ရာနယ်ပယ်များနှင့် ဆက်သွယ်မှုများ” ခေါင်းစဉ်ဖြင့် ဦးဆောင်ဆွေးနွေးသူ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဥက္ကဋ္ဌ မြင်းမူမောင်နိုင်မိုးကိုလည်းကောင်း၊ “သတင်းထုတ်ပြန်ရေး ကန့်သတ်ချက်များနှင့် အစိုးရနှင့်ပုဂ္ဂလိကမီဒီယာများ၏ ကိုယ်ပိုင်သတ်မှတ်ချက်များ” ခေါင်းစဉ်ဖြင့် ဦးဆောင်ဆွေးနွေးသူ Forever Group မှ အထွေထွေမန်နေဂျာ ဦးကျော်ကျော်ကိုလည်းကောင်း၊ “ကန့်သတ်ချက်များကို ရင်ဆိုင်ဖြေရှင်းခြင်း” ခေါင်းစဉ်နှင့်ပတ်သက်၍ ဦးဆောင်ဆွေးနွေးသူ ပြန်ကြားရေးဝန်ကြီးဌာန မီဒီယာဖွံ့ဖြိုးတိုးတက်ရေးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြတ်ကြေးမုံကိုလည်းကောင်း အမှတ်တရလက်ဆောင်များချီးမြှင့်သည်။

မှတ်တမ်းတင်ဓာတ်ပုံရိုက်

ထို့နောက် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား ညွှန်ကြားရေးမှူးချုပ်ကဆွေးနွေးပွဲသို့ တက်ရောက်လာကြသူများကို အမှတ်တရလက်ဆောင်များပေးအပ်၍ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။

ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့အသံနှင့်ရုပ်မြင်သံကြားအနေဖြင့် AIBD ၏ တင်းပြည့် အဖွဲ့ဝင်အဖြစ် (၁၉၉၇) ခုနှစ် ဇူလိုင် ၂၉ ရက်က ဝင်ရောက်ခဲ့ကာ ဒေသတွင်း နိုင်ငံများနှင့် မီဒီယာကဏ္ဍဆက်ဆံရေးနယ်ပယ်များတွင် ပူးပေါင်းပါဝင်ဆောင်ရွက်လျက်ရှိရာ နိုင်ငံတည်ဆောက်ရေးနှင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် ရုပ်သံမီဒီယာ များ၏အခန်းကဏ္ဍနှင့်စွမ်းဆောင်ရည်များ ဖွံ့ဖြိုးတိုးတက်လာစေရန် နိုင်ငံတကာအဖွဲ့အစည်းများနှင့်ပူးပေါင်း၍ အလုပ်ရုံဆွေးနွေးပွဲများကို ယခုကဲ့သို့ကျင်းပခြင်းဖြစ်ကြောင်း သိရှိရသည်။

သတင်းစဉ်