Skip to main content

ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း မန္တလေးတိုင်းဒေသကြီး၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနနှင့် အမှတ် (၂) စက်မှုသင်တန်းကျောင်း (မန္တလေး) တို့ကိုကြည့်ရှုစစ်ဆေး

နေပြည်တော် စက်တင်ဘာ၂၆

စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် ယမန်နေ့နံနက်ပိုင်းတွင် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ရှိ အမှတ် (၂) သံမဏိစက်ရုံ (ပင်းပက်) တွင် ကမ္ဘာ့ဗုဒ္ဓသာသနာပြုတက္ကသိုလ်၏ ပါမောက္ခချုပ် (အောက်စဖိုဒ့်ဆရာတော်) ဒေါက်တာအရှင်ဓမ္မ သာမိအားပင့်ဖိတ်၍ ကရုဏာတရားအထူးတရားပွဲကျင်းပသည့် အခမ်းအနားသို့တက်ရောက်၍ ဆရာတော်အား နဝကမ္မအလှူတော်ငွေများ၊ လှူဖွယ်ပစ္စည်းများနှင့်နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းသည်။

ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် မန္တလေးမြို့ရှိ မန္တလေးတိုင်းဒေသကြီး စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနရုံး၌ ဝန်ထမ်းများနှင့်တွေ့ဆုံ၍ စက်မှုလုပ်ငန်းများ လျင်မြန်စွာဖွံ့ဖြိုးတိုးတက်ရေးအတွက် တိုင်းဒေသကြီးအတွင်းရှိ ဆက်စပ်ဝန်ကြီးဌာနများနှင့်လည်း ပိုမိုပူးပေါင်းဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ လုပ်ငန်းများ ဆောင်ရွက်ရာတွင် စိတ်စေတနာကောင်းများထားရှိ၍ အဂတိတရားကင်းကင်းဖြင့် ရိုးသားဖြောင့်မတ်စွာ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ဝန်ထမ်းများအနေဖြင့် လုပ်ငန်းတာဝန်များကို ထုတ်ပြန်ထားသည့် အမိန့်၊ ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်ရမည်ဖြစ်ကြောင်းမှာကြားကာ လိုအပ်သည်များဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် အမှတ်(၂)စက်မှုသင်တန်းကျောင်း (မန္တလေး) သို့ရောက်ရှိပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ အထောက်အပံ့ဖြင့် သင်တန်းကျောင်းအဆင့်မြှင့်တင်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။ ယင်းနောက်သင်တန်းကျောင်း အစည်းအဝေးခန်းမ၌ ကျောင်းအုပ်ကြီး၊ ဆရာ/ ဆရာမများနှင့်တွေ့ဆုံ၍ သင်တန်းကျောင်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများကို သတ်မှတ်လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ရန်၊ သင်တန်းကျောင်းအဆင့်မြှင့်တင်ခြင်း လုပ်ငန်းများဆောင်ရွက်ရာတွင် စီမံကိန်းစီမံခန့်ခွဲမှုစနစ်၊ စီမံကိန်းဆောင်ရွက်ရမည့်နယ်ပယ်၊ ကုန်ကျစရိတ်နှင့် ပြီးစီးရမည့်ကာလတို့ကို သတ်မှတ်ချက်များနှင့် ပြည့်မီအောင်ဆောင်ရွက်ရန်၊ သင်တန်းကျောင်းအဆင့်မြှင့်တင်ခြင်း လုပ်ငန်းများပြီးစီး၍ လွှဲပြောင်းလက်ခံခြင်းမပြုမီစစ်ဆေးနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိရန် မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်