နေပြည်တော် စက်တင်ဘာ ၂၆
တရုတ်ပြည်သူ့သမ္မတနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပသည့် (၁၉) ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲများကို မြို့အသီးသီးရှိ အားကစားကွင်း/အားကစားရုံများ၌ ဆက်လက်ကျင်းပလျက်ရှိရာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံနှင့် အုပ်ချုပ်မှုအဖွဲ့တာဝန်ရှိသူများသည် ယနေ့ဒေသစံတော်ချိန် နံနက် (၁၀) နာရီတွင် ဟန်ကျိုးမြို့ရှိ Xiaoshan Guali Sports Center အားကစားရုံ၌ကျင်းပသည့် ဝူရှူးအားကစားနည်းပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ မအေးသစ္စာမြင့်က နန်းချွမ် (ခေါ်) တောင်ပိုင်းလက်သိုင်းပြိုင်ပွဲနှင့် နန်းသောင်း (ခေါ်) တောင်ပိုင်းဓါးသိုင်းပြိုင်ပွဲတို့တွင် ဝင်ရောက်ယှဉ်ပြိုင်နေမှုကို သွားရောက်ကြည့်ရှုအားပေးသည်။
လင်အန်းမြို့ရှိ Lin’an Sports Culture & Exhibition အားကစားရုံတွင်ကျင်းပသည့် တိုက်ကွမ်ဒို အားကစားနည်း (အတိုက်) ပြိုင်ပွဲ ရှုံးထွက်ပွဲစဉ်၌ မြန်မာနိုင်ငံမှ မမိုးမြင့်မြတ်က (-53 kg) တန်းတွင် ထိုင်းနိုင်ငံကို ပထမအချီတွင် (0:12) မှတ်ဖြင့်လည်းကောင်း၊ ဒုတိယအချီတွင် (2:13) မှတ်ဖြင့်လည်းကောင်း ရှုံးနိမ့်ခဲ့ကြောင်း သိရသည်။
စက်တင်ဘာ - ၂၇ ရက်တွင် မြန်မာနိုင်ငံမှ မစန္ဒီဦးက ဝူရှူးအားကစားနည်း ကျန့်စု (ခေါ်) နှစ်ဖက်သွားဓါးနှင့် ချန်းစု (ခေါ်) လှံရှည်ပြိုင်ပွဲတို့တွင် ဝင်ရောက်ယှဉ်ပြိုင်ကစားသွားမည် ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်