နေပြည်တော် စက်တင်ဘာ ၂၅
တရုတ်-မြန်မာ နှစ်နိုင်ငံနယ်စပ် ကုန်သွယ်မှုတိုးမြှင့်နိုင်ရန်၊ ကုန်သွယ်မှုနှင့်ကုန်စည်စီးဆင်းမှုများ မြန်ဆန်ချောမွေ့စေရန်နှင့် နှစ်နိုင်ငံငွေပေးချေမှုနှင့် စာရင်းရှင်းလင်းမှု လွယ်ကူချောမွေ့စေရန်အတွက် ယွမ်-ကျပ် တိုက်ရိုက်ပေးချေမှုစနစ် ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ Bank of China (Hong Kong)မှ 2023 Yangon Branch “Golden Autumn” RMB Forum ကို ယနေ့ မွန်းလွဲ ၂ နာရီခွဲ က Wyndham Grand Yangon Hotel ၌ ကျင်းပသည်။
တက်ရောက်
အခမ်းအနားတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေက Video Conferencing ဖြင့်တက်ရောက်၍ အဖွင့်အမှာစကားပြောကြားပြီး ဒုတိယဥက္ကဋ္ဌများ၊ ညွှန်ကြားရေးမှူးချုပ်၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ ယွမ်/ကျပ် လုပ်ငန်းကော်မတီအဖွဲ့ဝင်များနှင့် သုတေသနလုပ်ငန်းအဖွဲ့မှ အဖွဲ့ဝင်အရာထမ်းများ၊ ယွမ်-ကျပ် တိုက်ရိုက်အသုံးပြု ပေးချေမှုဆိုင်ရာ Designated Bank များဖြစ်သည့် မြန်မာ့စီးပွားရေးဘဏ်၊ မြန်မာ့ရှေ့ဆောင်ဘဏ်၊ ယူအေဘီဘဏ်၊ ရိုးမဘဏ်၊ ဧရာဝတီ တောင်သူလယ်သမားများ ဖွံ့ဖြိုးရေးဘဏ်၊ ဧရာဝတီဘဏ်၊ CB Bank PCL နှင့် ကမ္ဘောဇဘဏ်တို့မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဆွေးနွေး
ယနေ့ဖိုရမ်တွင် Bank of China (Hong Kong)မှ Mr. Ying Jian က တရုတ်ယွမ်အား ကမ္ဘာသုံးငွေကြေးအဖြစ် ဆောင်ရွက်မှုအဆင့်ဆင့် လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ဆွေးနွေးရာတွင် နယ်စပ်ဖြတ်ကျော် တရုတ်ယွမ်ကုန်သွယ်မှုအတွက် ပေးချေမှုအကောင်အထည်ဖော်ဆောင်ရွက်ခဲ့မှုများ၊ တရုတ်နိုင်ငံပြင်ပ၌ တရုတ်ယွမ်စာရင်းရှင်းလင်းမှုတွင် Bank of China (Hong Kong)သည် ပထမဆုံး တရုတ်ယွမ် Clearing Bank ဖြစ်ပြီး ကမ္ဘာတစ်ဝန်းနှင့် အရှေ့တောင်အာရှတွင် တရုတ်ယွမ် Clearing Bank အဖြစ် ဆောင်ရွက်ခဲ့မှုအခြေအနေများ၊ အရင်းအနှီးဈေးကွက်၊ ငွေရေးကြေးရေးဈေးကွက်တို့တွင် တရုတ်ယွမ်ဖြင့် ဆောင်ရွက်ခဲ့မှုများ၊ IMF ၏ SDR Currency Basket တွင် တရုတ်ယွမ်ပါဝင်လာမှုနှင့် Global Reserve Currency ဖြစ်ပေါ်လာခဲ့မှုများနှင့် ပတ်သက်၍ ဆွေးနွေးသည်။
ယင်းနောက် Mr. Nathan Yeung က တရုတ်ယွမ် ငွေလဲလှယ်နှုန်းအလားအလာနှင့် တရုတ်နိုင်ငံ၏ စီးပွားရေးဆန်းစစ်ချက်နှင့်ပတ်သက်၍ ဆွေးနွေးရာတွင် အမေရိကန်ဒေါ်လာ၏ ဦးဆောင်မှု အခန်းကဏ္ဍသည် ကျဆင်းလာသော်လည်း အရေးပါသော အခန်းကဏ္ဍတွင် ရှိနေဆဲဖြစ်ကြောင်း၊ တရုတ်နိုင်ငံ၏ စီးပွားရေးအညွှန်းကိန်းများသည် တိုးတက်လျက်ရှိနေပြီး အမေရိကန်ဒေါ်လာနှင့် တရုတ်ယွမ် Spot Rate များသည်လည်း မြင့်တက်လျက်ရှိသဖြင့် တရုတ်ယွမ်၏ ခိုင်မာမှုသည် တိုးမြှင့်လာနေကြောင်း ဆွေးနွေးသည်။
ထို့နောက် Mr.Zhao Yidi က တရုတ်ယွမ်ဖြင့် ငွေရေးကြေးရေးဈေးကွက်တွင် ရင်းနှီးမြှုပ်နှံမှုနည်းလမ်းများနှင့်ပတ်သက်၍ ဆွေးနွေးရာတွင် တရုတ်ယွမ်ဖြင့် ငွေတိုက်စာချုပ် ထုတ်ဝေရောင်းချမှုများ၊ တရုတ်ယွမ်၏ FX Rate နှင့် Interest Rate များနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ပါသည်။ ဆက်လက်၍ Mr.Yue Jiacheng က နယ်စပ်ဖြတ်ကျော်ဘဏ်များအကြား ငွေပေးချေမှုစနစ်(CIPS) တို့နှင့်စပ်လျဉ်း၍ မိတ်ဆက်ဆွေးနွေးပို့ချခဲ့ကြကြောင်း သိရ သည်။
သတင်းစဉ်