Skip to main content

မဲခေါင်-လန်ချန်း MSME များ ဒစ်ဂျစ်တယ်ကျွမ်းကျင်မှုဆိုင်ရာ အဆင့်မြှင့်တင်နိုင်ရန် စွမ်းဆောင်ရည်ဖွံ့ဖြိုးတိုးတက်ရေးသင်တန်းဖွင့်

နေပြည်တော် စက်တင်ဘာ ၂၅

မဲခေါင်-လန်ချန်းဒေသတွင်း အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများအနေဖြင့် ဒစ်ဂျစ်တယ်စီးပွားရေးကို အကောင်အထည်ဖော်ရာတွင် ဒစ်ဂျစ်တယ်အသုံးပြုမှု ကျွမ်းကျင်လာစေရန်အတွက် လိုအပ်သောနည်းပညာများနှင့် အသိပညာရရှိစေရန် ရည်ရွယ်၍ မဲခေါင်-လန်ချန်း MSME များ ဒစ်ဂျစ်တယ်ကျွမ်းကျင်မှုဆိုင်ရာ အဆင့်မြှင့်တင်နိုင်ရန် စွမ်းဆောင်ရည် ဖွံ့ဖြိုးတိုးတက်ရေးသင်တန်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ စက်မှုဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

သင်တန်းဖွင့်ပွဲသို့ စက်မှုဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု ပူးပေါင်းညှိနှိုင်းရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ဝန်ကြီးဌာနများမှ တာဝန်ရှိသူများ၊ မဲခေါင်-လန်ချန်း ဒေသမှ ကိုယ်စားလှယ်များ၊ ကျွမ်းကျင်ပညာရှင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။ ထို့ပြင်အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ၊ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက Virtual စနစ်ဖြင့် တက်ရောက်သည်။

ဆက်လက်ပူးပေါင်းဆောင်ရွက်

ဦးစွာ ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံအနေဖြင့် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုကို အစဉ်အမြဲတန်ဖိုးထားပြီး အနာဂတ်တွင် ချစ်ကြည်ရင်းနှီးမှု၊ အိမ်နီးချင်းကောင်းပီသမှု၊ အပြန်အလှန် လေးစားမှုနှင့် နှစ်ဦးနှစ်ဖက်အကျိုးရှိစေမှု စသည့်အခြေခံမူများနှင့်အညီ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ မဲခေါင်နိုင်ငံများနှင့်အတူ ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ သင်တန်းသို့တက်ရောက်လာကြသည့် လုပ်ငန်းရှင်များအနေဖြင့် သင်တန်းမှ ဆွေးနွေးပို့ချချက်များကို ပြန်လည်မျှဝေနိုင်သည်အထိ ဂရုတစိုက်လေ့လာမှတ်သားကြရန် တိုက်တွန်းပါကြောင်းနှင့် သင်တန်းမှရလဒ်ကောင်းများ ထွက်ပေါ်လာမည်ဟု ယုံကြည်ကြောင်း ပြောကြားသည်။

အဆိုပါ သင်တန်းတွင် E-Business ပုံစံများနှင့် သဘောတရားများ၊ MSME များ ဒစ်ဂျစ်တယ် စီးပွားရေးစနစ်ပြောင်းလဲမှု အလေ့အကျင့်များ၊ ဒစ်ဂျစ်တယ်စီးပွားရေးစနစ် မဟာဗျူဟာနှင့်စီမံခန့်ခွဲမှု၊ ဒစ်ဂျစ်တယ် စီးပွားရေးစနစ်ပြောင်းလဲရန် နည်းပညာလိုအပ်မှု၊ မဲခေါင်-လန်ချန်း ဒေသတွင်းရှိ နိုင်ငံများတွင် ဒစ်ဂျစ်တယ်စီးပွားရေးစနစ်ပြောင်းလဲရန် အဆင်သင့်ရှိရမည့် အချက်များ၊ ဒစ်ဂျစ်တယ် ဆန်းသစ်ခြင်းနှင့် ပြောင်းလဲခြင်းများအတွက် မဲခေါင်-လန်ချန်း ဒေသတွင်းရှိ MSME များ၏ ကောင်းမွန်သည့် အလေ့အကျင့်များ၊ MSME များ၏ ဒစ်ဂျစ်တယ်စီးပွားရေးစနစ်မြှင့်တင်နိုင်ရန် အလိုအပ်ဆုံးသော ဒစ်ဂျစ်တယ် ကျွမ်းကျင်မှုများ၊ Data Management and Cybersecurity ဆိုင်ရာများ၊ ဒစ်ဂျစ်တယ် စီးပွားရေးစနစ်ပြောင်းလဲရန် တွေ့ကြုံရမည့် စိန်ခေါ်မှုများကို ငါးရက်ကြာ သင်ကြားသွား မည်ဖြစ်သည်။ ထို့ပြင် အုပ်စုများဖွဲ့စည်း၍ ဒစ်ဂျစ်တယ်စီးပွားရေးစနစ်ပြောင်းလဲမှု အစီအမံများရေးဆွဲခြင်းသင်တန်းမှ ထွက်ရှိလာသည့်ရလဒ်များနှင့် ပတ်သက်၍လည်း ပြန်လည်ဆွေးနွေးသုံးသပ်ခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်