နေပြည်တော် စက်တင်ဘာ ၂၅
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၏ ဆောင်ရွက်ချက်များကို အများပြည်သူများထံသို့ မှန်ကန်ထိရောက်သော အချက်အလက်များဖြင့် ပေးပို့နိုင်ရေးနှင့် ဝန်ကြီးဌာနရှိ ဝန်ထမ်းများ၏ သတင်း၊ မှတ်တမ်းတင်ပြချက် စွမ်းဆောင်ရည်များတိုးတက်စေရန် ရည်ရွယ်ချက်ဖြင့် ဝန်ကြီးဌာနတွင်း သတင်းရေးသားနည်းနှင့် ဓာတ်ပုံရိုက်ကူးရေး သင်တန်းဆင်းပွဲကို ယနေ့ညနေပိုင်းတွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်က ဝန်ကြီးဌာနရှိဝန်ထမ်းများ၏ သတင်း၊ မှတ်တမ်းတင်ပြချက် စွမ်းဆောင်ရည်များတိုးတက်စေရန်ရည်ရွယ်၍ ဖွင့်လှစ်ခြင်းဖြစ်ပါကြောင်း၊ သင်တန်းတွင် သင်ကြားပို့ချပေးခဲ့သော ဘာသာရပ်များ၌ သတင်း၏အနက်အဓိပ္ပာယ်များ၊ သတင်းတစ်ပုဒ်တည်ဆောက်ပုံ၊ အများပြည်သူသို့ သတင်းရေးသားထုတ်ပြန်ချက်များနှင့် စပ်လျဉ်း၍ လိုအပ်သည့်အချက်အလက်များ၊ သတင်းတစ်ပုဒ်အတွက် လိုအပ်သော သတင်းအချက်အလက်များ၊ ဓာတ်ပုံရိုက်ကူးရေးနှင့်စပ်လျဉ်း၍ ဓာတ်ပုံအယူအဆ၊ အလင်းပေးမှု၊ ကြည်လင်ပြတ်သားမှု၊ သတင်းဓာတ်ပုံရိုက်ကူးခြင်းနှင့် စပ်လျဉ်း၍ သိသင့်သိထိုက်သောအကြောင်း အရာများဖြစ်သဖြင့် အလွန်ပင်အသုံးဝင်သော သင်တန်းဖြစ်ပြီး သင်တန်းသားများအတွက်များစွာ အကျိုးရှိပါကြောင်း၊ သင်တန်းသားများအနေဖြင့် ဝန်ကြီးဌာန၏ လုပ်ဆောင်ချက်များကို ရေးသား/ရိုက်ကူးရာတွင် သင်ကြားပို့ချသည့် ပညာရပ်များကို စနစ်တကျအသုံးပြု လက်တွေ့ဆောင်ရွက်သွားရန်လိုအပ်ကြောင်း ပြောကြားသည်။
သင်တန်းဆင်းပွဲသို့ ဒုတိယဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် လက်ထောက်အတွင်းဝန်များ၊ ညွှန်ကြားရေးမှူးများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသူသင်တန်းသားများ အွန်လိုင်း အပါအဝင် စုစုပေါင်းအင်အား ၁၀၀ ကျော် တက်ရောက်ကြသည်။
အဆိုပါဝန်ကြီးဌာနတွင်း သတင်းရေးသားနည်းနှင့် ဓာတ်ပုံရိုက်ကူးရေးသင်တန်းတွင် အရာထမ်း/ အမှုထမ်း ၁၅ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်