Skip to main content

အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနခွဲ (မန္တလေး) ရုံးသစ်ဖွင့်လှစ်

နေပြည်တော် စက်တင်ဘာ ၂၄

ကျန်းမာရေးဝန်ကြီးဌာန အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနခွဲ (မန္တလေး)ရုံးသစ်ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက မဟာအောင်မြေမြို့နယ်ရှိ အဆိုပါရုံး ရုံးသစ်အဆောက်အဦ ရှေ့မျက်နှာစာ၌ ကျင်းပသည်။

ဖဲကြိုးဖြတ်ဖွင့်လှစ်ပေး

အခမ်းအနားတွင် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း၊ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်ကြည်ခိုင်နှင့် တာဝန်ရှိသူများက အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနခွဲ (မန္တလေး)ရုံးသစ်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ်တို့သည် ရုံးသစ်ဆိုင်းဘုတ်နှင့် ကမ္ပည်းမော်ကွန်းကို စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးကြပြီး အမွှေးနံ့သာရည် ပက်ဖျန်းပေးကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ရုံးသစ်အဆောက်အဦအတွင်း ပြည်တွင်းအစားအသောက်လုပ်ငန်းများ ထောက်ခံချက်လျှောက်ထားခြင်းအတွက် Online E-Submission ဖြင့် ဆောင်ရွက်နေမှု၊ ခေတ်မီအစားအသောက်ဓာတ်ခွဲခန်းများ၊ ခေတ်မီ ဆေးဝါးဓာတ်ခွဲခန်းများနှင့် ပြည်သူများအစားအသောက်နှင့်ဆေးဝါးများ ဘေးအန္တရာယ်ကင်းရှင်းစွာသုံးစွဲနိုင်ရေး ဆောင်ရွက်ချက်ပြခန်းငယ်တို့ကို လှည့်လည်ကြည့်ရှုသည်။

ယင်းနောက် ဖွင့်ပွဲအခမ်းအနားဒုတိယပိုင်းကို ဆက်လက်ကျင်းပရာ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနကို ၁၉၉၅ ခုနှစ်မှစတင်ပြီး ဌာနခွဲတစ်ခုအဖြစ် စတင်ဖွဲ့စည်းခဲ့ပြီး ၂၀၁၃ ခုနှစ်တွင် ဌာနခွဲအဖြစ်မှ ဦးစီးဌာနအဖြစ်သို့ တိုးချဲ့ဖွဲ့စည်းခဲ့ပါကြောင်း၊ စတင်ဖွဲ့စည်းခဲ့စဉ်က နေပြည်တော်ရုံးချုပ်နှင့် ဌာနခွဲ(၅)ခုသာရှိခဲ့ရာ ယခုဆိုလျှင် ရန်ကုန်(ရုံးခွဲ)၊ မန္တလေး(ရုံးခွဲ)၊ တိုင်းဒေသကြီး/ ပြည်နယ်ရုံး ၁၂ ခု၊ ခရိုင်ရုံး ၃၃ ရုံး၊ နယ်စပ်ကုန်သွယ်ရေးစခန်းငါးခု၊ လျာထား ၁၅ ခုအထိ တိုးချဲ့ဖွဲ့စည်းနိုင်သည့်အတွက် အစားအသောက်နှင့်ဆေးဝါးကြီးကြပ်ကွပ်ကဲရေးကိစ္စရပ်များကို ခရိုင်အဆင့်အထိ တိုးမြှင့်ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း။

ဂုဏ်ယူဝမ်းမြောက်

အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနခွဲ(မန္တလေး) ရုံးခွဲသစ်တွင် အဓိကအားဖြင့် ခေတ်မီဓာတ်ခွဲခန်းများ၊ ခေတ်နှင့်လျော်ညီစွာ E-submission စနစ်ဖြင့် ဆောင်ရွက်နိုင်သည့် Infrastructure များပါဝင်သည့် ခြောက်ထပ်ရုံးအဆောက်အဦတစ်လုံး၊ ခြောက်ခန်းတွဲ၊ ခြောက်ထပ်ဝန်ထမ်းအိမ်ရာတစ်လုံးကို ယနေ့တွင် အောင်မြင်စွာဖွင့်လှစ်နိုင်သည့်အတွက် ဂုဏ်ယူဝမ်းမြောက်ပါကြောင်း၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနအနေဖြင့် ကျန်းမာရေးဝန်ကြီးဌာန မြန်မာနိုင်ငံအစားအသောက်နှင့်ဆေးဝါးအာဏာပိုင်အဖွဲ့၏ လမ်းညွှန်ကြီးကြပ်မှုနှင့်အညီ အရည်အသွေးပြည့်ဝပြီး ဘေးအန္တရာယ်ကင်းရှင်းသည့် အစားအသောက်၊ ဆေးဝါး၊ ဆေးပစ္စည်းနှင့်အလှကုန်များကို ပြည်သူများရရှိသုံးစွဲနိုင်ရန် ပြဋ္ဌာန်းထားသည့် ဥပဒေ၊ အမိန့်၊ ညွှန်ကြားချက်၊ လုပ်ထုံးလုပ်နည်း၊ နိုင်ငံတကာစံချိန်စံညွှန်းများနှင့်အညီ ဆောင်ရွက်လျက်ရှိပါကြောင်း ပြောကြားသည်။

ထို့နောက် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ပါမောက္ခ ဒေါက်တာခင်ဇော်က အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ လုပ်ငန်းတာဝန်များနှင့် ဆောင်ရွက်ချက်များကို ရှင်းလင်းတင်ပြပြီး ဖွင့်ပွဲအထိမ်းအမှတ်လက်ဆောင်ပစ္စည်းများ ပေးအပ်သည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မန္တလေးပြည်သူ့ဆေးရုံကြီးအထူးခန်း၌ ဆေးရုံတက်ရောက်လျက်ရှိသော နိုင်ငံတော်ဩဝါဒါစရိယ၊ အမရပူရမြို့ မဟာဂန္ဓာရုံကျောင်းတိုက် မဟာနာယကချုပ် ဆရာတော်ကြီး အဘိဓဇမဟာရဋ္ဌဂုရု၊ ဘဒ္ဒန္တဣန္ဒော ဘာသာဘိဝံသအား သွားရောက်ဖူးမြော်ပြီး လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်း၍ ဆရာတော်ကြီးအား ဆေးကုသမှုဆောင်ရွက်ပေးနေသော ပါမောက္ခ/အထူးကုဆရာဝန်ကြီးများကို လိုအပ်သည်များ ဆွေးနွေးမှာကြားသည်။

ထောက်ပံ့ငွေများပေးအပ်

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဆေးရုံတက်ရောက်ကုသလျက်ရှိသည့် မန္တလေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူးရုံးမှ ကျန်းမာရေးဝန်ထမ်းခြောက်ဦးကို တွေ့ဆုံအားပေးစကားပြောကြားပြီး ထောက်ပံ့ငွေများ ပေးအပ်သည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် မန္တလေးပြည်သူ့ဆေးရုံကြီးအစည်းအဝေးခန်းမ၌ ဆေးရုံအုပ်ကြီး၊ ပါမောက္ခ/အထူးကုဆရာဝန်ကြီးများ၊ သူနာပြုများ၊ ကျွမ်းကျင်ဝန်ထမ်းများနှင့်တွေ့ဆုံ၍ ဝန်ကြီးဌာနအနေဖြင့် ကျန်းမာရေးအတွက် ပြည်သူလူထုစိုက်ထုတ်သုံးစွဲငွေ (out of pocket expenditure) သက်သာနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ပေးလျက်ရှိပြီး ပုဂ္ဂလိကကျန်းမာရေးဝန်ဆောင်မှုကဏ္ဍကိုလည်း စနစ်တကျဖြစ်စေရန် ထိန်းကျောင်းကြပ်မတ်လျက်ရှိပါကြောင်း၊ ကျန်းမာရေးစောင့်ရှောက်မှုများ ယခုထက်ပိုမိုစနစ်ကျတိုးတက်စေရေး ဆေးနှင့်ဆေးပစ္စည်း၊ လူအင်အား၊ ဘဏ္ဍာငွေတို့ကို အကျိုးရှိထိရောက်စွာ အသုံးပြုနိုင်စေရေး အားလုံးကြိုးပမ်းဆောင်ရွက်ပေးကြရန် မှာကြားပြီး တက်ရောက်လာကြသူများ၏ တင်ပြချက်များကို ပြန်လည်ဆွေးနွေးဖြည့်ဆည်းပေးခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်