နေပြည်တော် စက်တင်ဘာ ၂၄
မန္တလေးပြည်သူ့ဆေးရုံကြီးမှ ပါမောက္ခ/အထူးကု ဆရာဝန်ကြီးများပါဝင်သည့် အထူးကုဆေးကုသရေးအဖွဲ့သည် ကျန်းမာရေးဝန်ကြီးဌာနအစီအစဉ်ဖြင့် ကချင်ပြည်နယ် မြစ်ကြီးနားမြို့သို့ စက်တင်ဘာ ၂၃ ရက်နှင့် ၂၄ ရက်တို့တွင်သွားရောက်၍ ပြည်သူ့ဆေးရုံကြီး မြစ်ကြီးနားမြို့မှ အထူးကုဆရာဝန်ကြီးများနှင့်အတူ ဒေသခံပြည်သူများအား ဆေးကုသမှုများ ဆောင်ရွက်ပေးခဲ့သည်။
စမ်းသပ်စစ်ဆေးကုသပေး
အဆိုပါ ခရီးစဉ်အတွင်း နှလုံးရောဂါဆိုင်ရာလူနာ ၂၂၆ ဦး၊ အစာအိမ်နှင့် အူလမ်းကြောင်းဆိုင်ရာလူနာ ၉၁ ဦး၊ ဦးနှောက်နှင့် အာရုံကြောရောဂါဆိုင်ရာလူနာ ၁၉၀၊ ဦးနှောက်နှင့် အာရုံကြောခွဲစိတ်ရောဂါဆိုင်ရာ လူနာ ၁၉ ဦး၊ အသည်းရောဂါဆိုင်ရာလူနာ ၁၀၇ ဦး၊ အထွေထွေရောဂါဆိုင်ရာလူနာ ၁၉၂ ဦး၊ ဆီးချိုနှင့် ဟော်မုန်းဆိုင်ရာလူနာ ၁၁၇ ဦး၊ အရိုးအကြောအဆစ် ရောဂါဆိုင်ရာလူနာ ၁၈၅ ဦး၊ ရင်ခေါင်းရောဂါဆိုင်ရာ လူနာ ၅၃ ဦး၊ မျက်စိရောဂါဆိုင်ရာလူနာ ၈၅ ဦး၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါဆိုင်ရာလူနာ ၄၂ ဦး၊ အရိုးရောဂါဆိုင်ရာလူနာ ၂၆ ဦး၊ သားဖွားမီးယပ်လူနာ ၂၁ ဦး၊ အထွေထွေခွဲစိတ်ရောဂါလူနာ ၂၇ ဦး၊ ကလေးရောဂါလူနာ ၃၁ ဦး၊ အရေပြားရောဂါလူနာ ၃၄ ဦး၊ သွားနှင့်ခံတွင်းရောဂါဆိုင်ရာလူနာ ရှစ်ဦး၊ စိတ်ကျန်းမာရေးရောဂါလူနာ ရှစ်ဦး၊ ကင်ဆာရောဂါလူနာ ၁၁ ဦး စုစုပေါင်းဒေသခံပြည်သူ ၁၄၇၃ ဦးတို့ကို ကြည့်ရှုကုသမှုပေးခဲ့ပြီး နှလုံးပုံရိပ်ဖော်စက်ဖြင့် ကြည့်ရှုခြင်း (Echocardiography) ၂၂၄ ဦး၊ အစာအိမ်နှင့် အူလမ်းကြောင်း မှန်ပြောင်းကြည့်ရှုခြင်း (OGDS) ၂၅ ဦး၊ အူမကြီးမှန်ပြောင်းကြည့်ရှုခြင်း (Colonoscopy) လေးဦး၊ အဆစ်အတွင်းသို့ဆေးထိုး၍ ကုသမှုပေးသူ ငါးဦး၊ ကွန်ပျူတာဓာတ်မှန်ဖြင့် စစ်ဆေးခြင်း (CT scan) ၁၂ ဦး၊ ဓာတ်မှန်ဖြင့် ရောဂါရှာဖွေခြင်း ၃၀၁ ဦး၊ ဓာတ်ခွဲစမ်းသပ်စစ်ဆေးခြင်း ၆၄၈ ဦး၊ Ultrasound ရိုက်ကူးခြင်း ၉၃ ဦး၊ နှလုံးစက်ဖြင့်စစ်ဆေးခြင်း (ECG) ၃၁၃ ဦးနှင့် သွေးချိုဓာတ်(HbA1C)စစ်ဆေးခြင်း ၃၀တို့ကို စမ်းသပ်စစ်ဆေးကုသပေးနိုင်ခဲ့သည်။
အဆိုပါခရီးစဉ်အတွက် ဒေသခံပြည်သူများကို ကြိုတင်အသိပေးကြေညာဆောင်ရွက်ခဲ့ခြင်း၊ ပြည်သူ့ဆေးရုံများ၊ ဌာနဆိုင်ရာများမှတစ်ဆင့် အသိပေးဆောင်ရွက်ခြင်းတို့ကြောင့် လာရောက်ပြသသော လူနာများတွင် ကချင်ပြည်နယ်အတွင်းရှိ မြစ်ကြီးနား၊ ဝိုင်းမော်၊ မိုးကောင်း၊ မိုးညှင်း၊ တနိုင်း၊ ပူတာအို၊ ဖားကန့်၊ ဆော့လော်အစရှိသည့် မြို့နယ်ပေါင်း ရှစ်မြို့နယ်အပြင် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ကသာနှင့် ရွှေဘိုမြို့နယ်တို့မှ မြို့ပေါ်နှင့်ကျေးလက်နေပြည်သူများ လာရောက်ပြသခဲ့ကြပြီး လူနာများအနက် ဦးနှောက်နှင့် အာရုံကြောခွဲစိတ်ရောဂါဆိုင်ရာလူနာ တစ်ဦးနှင့် နှလုံးရောဂါဆိုင်ရာလူနာ နှစ်ဦးတို့ကို လိုအပ်သော စမ်းသပ်ကုသမှုများ ဆက်လက်ခံယူနိုင်စေရေး မန္တလေးပြည်သူ့ဆေးရုံကြီးသို့ လွှဲပြောင်းဆောင်ရွက်ပေးနိုင်ခဲ့သည်။ ထို့အပြင် အဖွဲ့ခေါင်းဆောင် ပါမောက္ခ ဒေါက်တာထက်ထက်ခင် (ဆီးချိုနှင့် ဟော်မုန်း)က ဆီးချိုသွေးချိုရောဂါနှင့်ပတ်သက်၍ လူနာများကို အသိပညာပေးဟောပြောခြင်း၊ ပါမောက္ခ ဒေါက်တာရဲသူရိန် ပါမောက္ခ (ဦးနှောက်နှင့် အာရုံကြောခွဲစိတ်)က ခွဲစိတ်ကုသလူနာဆောင်ရှိ ဦးနှောက်နှင့် အာရုံကြောဆိုင်ရာလူနာများကို ကြည့်ရှုကုသပေးခဲ့သည်။
ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ကချင်ပြည်နယ်ဝန်ကြီးများနှင့်အတူ ယမန်နေ့နံနက်ပိုင်းတွင် ပြည်သူ့ဆေးရုံကြီး(မြစ်ကြီးနား)၌ လာရောက်ပြသကုသမှုခံယူကြသော လူနာများအားကြည့်ရှုအားပေးပြီး သောက်ရေသန့်နှင့် စားသောက်ဖွယ်ရာများလှူဒါန်း၍ ပါမောက္ခ/အထူးကုဆရာဝန်ကြီးများအား တွေ့ဆုံနှုတ်ဆက်၍ ကျေးဇူးတင်စကားပြောကြားကာ ညစာအတူ သုံးဆောင်၍ အမှတ်တရလက်ဆောင်များပေးအပ်သည်။ ကချင်ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးဝင်းရဲထွန်းသည် စက်တင်ဘာ ၂၂ ရက်တွင် ပါမောက္ခ/ အထူးကုဆရာဝန်ကြီးများအား မြို့မိမြို့ဖ၊ ဒေသခံများနှင့်အတူ လေဆိပ်၌ ကြိုဆိုနှုတ်ဆက်ခဲ့ပြီး အဆိုပါအထူးကုဆေးကုသရေးအစီအစဉ်တွင် ဒေသခံ မြို့မိမြို့ဖများ၊ လူမှုရေးအဖွဲ့အစည်းများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များက ကျန်းမာရေးဝန်ထမ်းများနှင့်အတူ ကူညီဆောင်ရွက်ခဲ့သည်။
အထူးကုဆေးကုသရေးအဖွဲ့များသည် ၂၀၂၃ ခုနှစ်အတွင်း ကျန်းမာရေးဝန်ကြီးဌာနအစီအစဉ်ဖြင့် ရခိုင်ပြည်နယ် စစ်တွေမြို့သို့ သုံးကြိမ်နှင့်ပုသိမ်မြို့၊ တောင်ကြီးမြို့၊ မကွေးမြို့၊ ပြည်မြို့၊ မိတ္ထီလာမြို့၊ မြိတ်မြို့နှင့် မော်လမြိုင်မြို့တို့သို့သွားရောက်၍ ဆေးကုသမှုများ ဆောင်ရွက်ပြီးဖြစ်ကာ ကျန်တိုင်းဒေသကြီး/ပြည်နယ်များသို့လည်း ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
ထို့အပြင် အသက်အရွယ်အလိုက် ထိုးနှံရသည့် ကာကွယ်ဆေးများ ထိုးနှံရန်ကျန်ရှိသည့် အသက်(၅)နှစ်အောက် ကလေးများကိုလည်း Catch-up နည်းလမ်းဖြင့် ကာကွယ်ဆေး ထိုးနှံ/တိုက်ကျွေးခြင်းလုပ်ငန်းကို စက်တင်ဘာ ၂၃ ရက်နှင့် ၂၄ ရက်တို့တွင် ပြည်သူ့ဆေးရုံကြီး(မြစ်ကြီးနား) ကာကွယ်ဆေးထိုးစုရပ်၌ မြစ်ကြီးနားမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနအဖွဲ့က အသက်(၁)နှစ်မှ (၅)နှစ်အတွင်း ကာကွယ်ဆေးလုံးဝမရရှိသေးသည့် ကလေးများနှင့် ကာကွယ်ဆေးအကြိမ်ပြည့် မရရှိသေးသည့် ကလေးများ စုစုပေါင်း ၇၈ ဦး၊ အသက် (၁)နှစ်အောက် ပုံမှန်ကာကွယ်ဆေးထိုးနှံရမည့် ကလေးများ စုစုပေါင်း ၁၂၃ ဦးတို့ကို အသက်အရွယ်အလိုက်လိုအပ်သော ကာကွယ်ဆေးများဖြစ်သည့် ပိုလီယို အစက်ချကာကွယ်ဆေး(bOPV)၊ ပိုလီယိုကာကွယ်ဆေး ထိုးဆေး(IPV)၊ ဝက်သက်ဂျိုက်သိုးရောဂါ ကာကွယ်ဆေး(MR)၊ ငါးမျိုးစပ်ကာကွယ်ဆေး(Penta)များ ထိုးနှံ/တိုက်ကျွေးပေးခဲ့ရာ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများက လာရောက်ကြည့်ရှုအားပေး၍ လိုအပ်သည်များကိုပံ့ပိုးပေးခြင်း၊ ကာကွယ်ဆေးထိုးနှံ မှုခံယူနေသည့်ကလေးများကို လက်ဆောင်ပေးဝေခြင်းတို့ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်