Skip to main content

ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော် နည်းပညာ တက္ကသိုလ်(လားရှိုး)၊ ကွန်ပျူတာ တက္ကသိုလ်(လားရှိုး)နှင့် အစိုးရနည်းပညာအထက်တန်းကျောင်း (လားရှိုး) တို့ကိုကြည့်ရှု စစ်ဆေး

နေပြည်တော် စက်တင်ဘာ ၂၃

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်သည် တာဝန်ရှိသူ များနှင့်အတူ စက်တင်ဘာ ၂၂ ရက်နှင့် ၂၃ ရက်တွင် ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမြို့ရှိ နည်းပညာ တက္ကသိုလ်(လားရှိုး)၊ ကွန်ပျူတာတက္ကသိုလ်(လားရှိုး) နှင့် အစိုးရနည်းပညာအထက်တန်းကျောင်း (လားရှိုး) သို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။

တွေ့ဆုံ

ဦးစွာ စက်တင်ဘာ ၂၂ ရက်တွင် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် နည်းပညာ တက္ကသိုလ်(လားရှိုး)နှင့် အစိုးရနည်းပညာအထက် တန်းကျောင်း(လားရှိုး)သို့ ရောက်ရှိပြီး ဒုတိယ ပါမောက္ခချုပ်၊ ကျောင်းအုပ်ကြီး၊ ဆရာ ဆရာမများ၊ ဝန်ထမ်းများနှင့် တွေ့ဆုံသည်။ တွေ့ဆုံစဉ်ဒုတိယ ပါမောက္ခချုပ်နှင့် ကျောင်းအုပ်ကြီးက ကျောင်းဆိုင်ရာအချက်အလက်များ ဆွေးနွေးတင်ပြ၍ ဆရာ ဆရာမ၊ ဝန်ထမ်းများက လုပ်ငန်းများ ဆောင်ရွက်နေမှုကို ရှင်းလင်းတင်ပြကြပြီး ပြည်ထောင်စုဝန်ကြီးက ဒေသဖွံ့ဖြိုးတိုးတက်ရေး အတွက်ကုန်ထုတ်လုပ်ငန်းများ၏ လိုအပ်ချက်နှင့်အညီ လူ့စွမ်းအားအရင်း အမြစ်များ ပြုစုပျိုးထောင် ပေးနိုင်ရေး သုတေသနဆောင်ရွက်နေမှုများနှင့် စီမံ ခန့်ခွဲမှုဆိုင်ရာကိစ္စရပ်များ၊ တက္ကသိုလ်ကျောင်းများ၏ ဥပဓိရုပ်ကောင်းမွန်စေရေး၊ သန့်ရှင်းသာယာစေရေး၊ သင်ကြားသင်ယူမှု ပတ်ဝန်းကျင်ကောင်းများ ဖြစ်ပေါ်စေရေးအတွက်မှာကြားပြီး လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

ယနေ့တွင် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူ များသည်ကွန်ပျူတာတက္ကသိုလ်(လားရှိုး)သို့ ရောက်ရှိပြီး ပြည်ထောင်စုဝန်ကြီးက အရည်အသွေး ပြည့်ဝသော သင်ကြားသင်ယူမှုများ ဆောင်ရွက်နိုင်များဖြင့်ရေး လူစွမ်းအားအရင်းအမြစ်များ လေ့ကျင့်ပြုစု ပျိုးထောင်ပေးရန် လိုအပ်ပါကြောင်း၊ အရည်အသွေး ပြည့်ဝသော သင်ကြားသင်ယူမှုများ ဖြစ်စေရေး အတွက် ICT နည်းပညာကို အကျိုးရှိစွာအသုံးချပြီး Learning Management System စဉ်ဆက်မပျက် သင်ယူခွင့်ရရှိရေးတို့ကို ဦးစားပေး ဆောင်ရွက်ရန်လိုအပ်ပါကြောင်း မှာကြားသည်။

ခရီးစဉ်အတွင်း ပြည်ထောင်စုဝန်ကြီးသည် စာသင်ခန်းများ၊ လက်တွေ့ခန်းများတွင် လက်တွေ့ ဆောင်ရွက်နေမှုများ၊ ကွန်ပျူတာခန်း၊ စာကြည့်တိုက်၊ အခြေခံအဆောက်အအုံများနှင့် အသစ်ဆောက်လုပ် လျက်ရှိသော ကျောင်းသား ကျောင်းသူအိပ်ဆောင်နှင့် အိပ်ဆောင်များတွင် ကျောင်းသား ကျောင်းသူများနေထိုင်စားသောက်မှုကို လှည့်လည်ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ မှာကြားဖြည့်ဆည်း ဆောင်ရွက်ပေးပြီး နိုင်ငံတော်၏ လူ့စွမ်းအားအရင်း အမြစ်များ ဖွံ့ဖြိုးတိုး တတ်ရေးအတွက် အရည်အသွေး ပြည့်မီသော ဘွဲ့ကြို၊ ဘွဲ့လွန်ကျောင်းသားကျောင်းသူများနှင့် သုတေသီများ လေ့ကျင့်မွေးထုတ်နိုင်ရေး ဦးတည် ဆောင်ရွက်သွားရန်၊ အသိပညာရှင်၊ အတတ် ပညာရှင်များ၏ ပူးပေါင်းဆောင်ရွက်မှုနှင့် ကျွမ်းကျင်သော လူ့စွမ်းအားအရင်းအမြစ်များဖြင့် နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်ရေးကို ဝိုင်းဝန်ဆောင်ရွက်ကြရန် မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်