Skip to main content

မှတ်ပုံတင်ခွင့်ပြုပြီး နိုင်ငံရေးပါတီများက ပေးပို့တင်ပြလာသည့် သတ်မှတ်ပါတီဝင်အင်အား စာရင်းများနှင့် စပ်လျဉ်း၍ မြေပြင်တိုက်ဆိုင် စစ်ဆေးခြင်းလုပ်ငန်းဆောင်ရွက်

တောင်ငူ စက်တင်ဘာ ၂၃

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သည် မှတ်ပုံတင်ခွင့်ပြု ပြီး နိုင်ငံရေးပါတီများက ပေးပို့ တင်ပြလာသည့် သတ်မှတ်ပါတီ ဝင် အင်အားစာရင်းများ မှန်ကန်မှု ရှိ/မရှိ ကျောက်ကြီးမြို့နယ်၊ တောင်ငူမြို့နယ်၊ ထန်းတပင်မြို့နယ်၊ ဖြူးမြို့နယ်၊ ရေတာရှည်မြို့ နယ်နှင့် အုတ်တွင်းမြို့နယ်တို့မှ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနများ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနနှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲတို့ ပူးပေါင်း၍ မြေပြင်စာရင်း တိုက်ဆိုင်စစ်ဆေးခြင်းကို ယနေ့တွင် တောင်ငူခရိုင်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်း အဝေးခန်းမ၌ ဆောင်ရွက်သည်။

ရှေးဦးစွာ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးစိုးဦးက နိုင်ငံရေးပါတီများမှ တင်ပြထားသည့် သတ်မှတ်ပါတီဝင် အင်အားစာရင်းများ မှန်ကန်မှု ရှိ/မရှိ၊ မြေပြင်တွင် အမှန်တကယ် နေထိုင်ခြင်း ရှိ/မရှိ တို့ကို သက်ဆိုင်ရာ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနနှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများ ပူးပေါင်း၍ စိစစ်ခြင်းလုပ်ငန်းများကို သတ်မှတ်ကာလအတွင်း ဆောင်ရွက်မည် ဖြစ်သဖြင့် သက်ဆိုင်ရာ ပါတီ အသီးသီး၏ မြို့နယ်တာဝန်ခံများက ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်း ပြောကြားပြီး တက်ရောက်လာသူများက လိုအပ်သည်များ ပြန်လည် ဆွေးနွေးတင်ပြကြသည်။

အဆိုပါ လုပ်ငန်းဆောင်ရွက်ရာသို့ သက်ဆိုင်ရာ တာဝန်ရှိသူများ၊ စစ်ဆေးခံရမည့် ပါတီ သုံးပါတီအနက် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီတို့မှ တိုင်း၊ ခရိုင်နှင့် မြို့နယ်အဆင့် ပါတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ထို့နောက် နိုင်ငံရေးပါတီများမှ ဥက္ကဋ္ဌ၊ တာဝန်ခံများနှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတို့ က ပါတီဝင်လျှောက်လွှာများ၊ အဆိုပြုလွှာများ၊ ပါတီဝင်ကတ်ပြားနှင့် ကတ်ပြား ထုတ်ပေးထားရှိမှု မှတ်ပုံတင်စာအုပ်များ၊ ပါတီဝင်များက နိုင်ငံရေးပါတီများမှတ်ပုံ တင်ခြင်းနည်းဥပဒေ ပုံစံ (ဇ) ၏ ပူးတွဲတွင် လက်မှတ်ထိုးထားမှု ရှိ/မရှိ အခြေအနေများ၊ ကွဲလွဲနေမှုများ စစ်ဆေးခြင်းလုပ်ငန်းများကို အနီးကပ်ကြပ်မတ်၍ လိုအပ်သည်များကို ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်