Skip to main content

ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ နိုင်ငံရေးပါတီများ၏ ပါတီဝင်အင်အား ပူးပေါင်းစိစစ်ခြင်းနှင့်စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေး ကျင်းပ

ပုသိမ် စက်တင်ဘာ ၂၂

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် မှတ်ပုံတင်ခွင့်ပြုပြီးသည့် နိုင်ငံရေးပါတီများကပေးပို့ တင်ပြလာသည့် သတ်မှတ်ပါတီဝင်အင်အားစာရင်းများ မှန်ကန်မှုရှိ/မရှိ၊ မြေပြင်တွင်အမှန်တကယ် နေထိုင်ခြင်းရှိ/မရှိတို့နှင့်စပ်လျဉ်း၍ သက်ဆိုင်ရာအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနများ၊ သက်ဆိုင်ရာလူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန များနှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတို့ ပူးပေါင်း၍ စိစစ်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့်စပ်လျဉ်း၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် ပုသိမ်မြို့ဧရာရွှေဝါခန်းမ၌ ကျင်းပသည်။

ပူးပေါင်းဆောင်ရွက်

ဦးစွာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်ဦးသန်းထွန်းက သတ်မှတ်ကာလအတွင်း ပေးပို့လာသည့် ပါတီဝင်အင်အားစာရင်းများကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က မြေပြင်တွင်ဥပ‌ဒေနှင့်အညီ နေထိုင်ခြင်းရှိ/မရှိ၊ အမည်နှင့် နိုင်ငံသားစိစစ်ရေးကတ်များ တူညီနေမှုရှိ/မရှိ၊ ဝန်ထမ်းများပါဝင်နေမှု ရှိ/မရှိ၊ ပါတီတစ်ခုထက်ပို၍ ပါတီဝင်ဖြစ်နေမှု ရှိ/မရှိ၊ နေရပ်လိပ်စာပြည့်စုံမှု ရှိ/မရှိ၊ သတ်မှတ်ချက်များနှင့်ကိုက်ညီမှု ရှိ/မရှိတို့ကို သက်ဆိုင်ရာအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန နှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများ ပူးပေါင်း၍ စိစစ်ခြင်းလုပ်ငန်းများကို သတ်မှတ်ကာလအတွင်း ဆောင်ရွက်မည်ဖြစ်သဖြင့် သက်ဆိုင်ရာပါတီအသီးသီး၏ မြို့နယ်တာဝန်ခံများက ပူးပေါင်းဆောင်ရွက်ရန်လိုအပ်ကြောင်း ပြောကြားသည်။

ထို့နောက် တက်ရောက်လာသည့် နိုင်ငံရေးပါတီများမှ တိုင်းဒေသကြီးပါတီကော်မတီဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် ကော်မတီဝင်များ၊ တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အရာရှိနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ပူးပေါင်းစိစစ်ခြင်းလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်မည့် အခြေအနေများနှင့် လိုအပ်ချက်များကို ရှင်းလင်းဆွေးနွေးကြရာ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်က ပြန်လည်ရှင်းလင်းဆွေးနွေးသည်။

အဆိုပါအစည်းအဝေးသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးပါတီ၊ အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီနှင့် ကရင်ပြည်သူ့ပါတီတို့မှ တိုင်းဒေသကြီးပါတီဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများ၊ အလုပ်အမှုဆောင်များ၊ ဧရာဝတီတိုင်းဒေသကြီး အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဦးစီးဌာနနှင့် တိုင်းဒေသကြီးရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

 သတင်းစဉ်