နေပြည်တော် စက်တင်ဘာ ၂၂
အခြေခံစာတတ်မြောက်ရေးလုပ်ငန်းသည် ပညာရေးဝန်ကြီးဌာနက ဦးဆောင်အကောင် အထည်ဖော်ဆောင်ရွက်နေသည့် တစ်မျိုးသားလုံးနှင့်သက်ဆိုင်သော အမျိုးသားရေးလုပ်ငန်းစဉ်ဖြစ်ပါကြောင်း၊ အခြေခံပညာ၊ အဆင့်မြင့်ပညာ၊ ဆရာအတတ် ပညာဦးစီးဌာနများရှိ ဆရာဆရာမများ၊ တက္ကသိုလ်ကျောင်းသား ကျောင်းသူများအနေဖြင့် စေတနာလုပ်အားပေး ဆရာဆရာမများအဖြစ် ပါဝင်ကြစေရေးအတွက် စည်းရုံးဆောင်ရွက်ပေးကြစေလိုပါကြောင်း ယနေ့မွန်းလွဲပိုင်းတွင် ပညာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ကျင်းပသည့် တက္ကသိုလ်ပါမောက္ခချုပ်များ၊ ပညာရေးဒီဂရီကောလိပ်ကျောင်းအုပ်ကြီးများ၊ တိုင်းဒေသကြီး/ပြည်နယ် ပညာရေးမှူးများနှင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေး၌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေက ပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက မြို့နယ်အလိုက် စာမတတ်သူဦးရေ စာရင်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနနှင့်ပူးပေါင်း၍ စီမံချက်အကြိုစာရင်းကောက်ယူ အတည်ပြုပြီး ပညာရေးဝန်ကြီးဌာနသို့ တင်ပြပေးကြစေလိုပါကြောင်း၊ သို့မှသာ မြို့နယ်အလိုက်၊ ရပ်ကွက်ကျေးရွာအလိုက်ဖွင့်လှစ်ရမည့် စာသင်ဝိုင်းအရေအတွက်နှင့် သင်ကြားရမည့် ဆရာအရေအတွက်ကို သတ်မှတ်နိုင်မည် ဖြစ်ပါကြောင်း၊ အမျိုးသားရေးလုပ်ငန်းတာဝန်ကို အခြားဝန်ကြီး ဌာနများနှင့် ပူးပေါင်းအကောင် အထည်ဖော်သွားမည်ဖြစ်ကြောင်း။
ယခုနှစ်တွင် Grade-12 စာမေး ပွဲကို စတင်ကျင်းပမည်ဖြစ်၍ တိုင်းဒေသကြီး/ပြည်နယ် ပညာ ရေးမှူးများအနေဖြင့် စာမေးပွဲ စည်းကမ်းများနှင့် မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနက ထုတ်ဝေသည့် မေးခွန်းပုံစံ စာအုပ်များကို ကျောင်းများသို့ အချိန်မီရောက်ရှိအောင် ပေးပို့ကြစေလိုပါကြောင်း၊ အောက်တိုဘာလတွင် သက်ဆိုင်ရာဘာသာရပ် ပါမောက္ခများ၏ မေးခွန်းပုံစံရှင်းလင်းချက်များကို ရုပ်မြင်သံကြားနှင့်သတင်းစာများမှ ထုတ်လွှင့်ပေးသွားမည်ဖြစ် ကြောင်းပြောကြားသည်။
ထို့နောက် ဒုတိယဝန်ကြီးဒေါက်တာဇော်မြင့်က စာမေးပွဲကိစ္စနှင့်ပတ်သက်၍ အမှားအယွင်းမရှိအောင် တိကျသောလမ်းညွှန်ချက်များအစည်းအဝေး ခေါ်ယူရှင်းလင်းရန် လိုကြောင်းမှာကြား၍ ဒုတိယဝန်ကြီးဒေါက်တာမိုးဇော်ထွန်းက စာတတ်မြောက်ရေးလုပ်ငန်းအတွက် လက်ထောက်ပညာရေးမှူးများ၊ ကျောင်းအုပ်ကြီးများကွင်းဆင်း၍ စာသင်သားစာရင်း၊ လုပ်အားပေးဆရာ လိုအပ်ချက်များ၊ စာသင်ရန်နေရာတို့ကို စာရင်းပြုစုတင်ပြရန်နှင့် ဒေသခံစေတနာရှင် လုပ်အားပေးများကို ဦးစားပေး စာရင်းကောက်ယူရန် ပြောကြားသည်။
ယင်းနောက် အမြဲတမ်းအတွင်းဝန်က လုပ်ငန်းဆောင်ရွက်ရာတွင် အောက်ခြေအသံကို နားထောင်ရန်နှင့် အခက်အခဲ၊ ပြဿနာများကြုံတွေ့ရပါက သမာသမတ်ကျစွာဖြင့် အမြန်ဆုံးဖြေရှင်းဆောင်ရွက်ရန်တို့ကိုပြောကြားပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်းသိရသည်။
သတင်းစဉ်
