Skip to main content

လှည်းကူးမြို့နယ်၌ လူငယ်စကားဝိုင်းဆွေးနွေးပွဲ ကျင်းပ

လှည်းကူး စက်တင်ဘာ ၂၁

ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီက လှည်းကူး အ.ထ.က (စာဘူးတောင်း)ဂန္ဓမာခန်းမ၌ ကျင်းပသည်။

ဦးစွာ လူငယ်စကားဝိုင်းတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂)ဦးခင်ဇော်က အမှာစကားပြောကြားပြီး လှည်းကူးခရိုင် ပညာရေးမှူးဒေါ်မြတ်မြတ်ထွေးက လူငယ်များ အတတ်ပညာနှင့် ကျင့်ဝတ်တန်ဖိုး မြှင့်တင်ပေးရန် ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂဆိုသည့် ဗလငါးတန် ဖွံ့ဖြိုးတိုးတက်လာစေရန် စကားပြောအတတ်ပညာများ ကျွမ်းကျင်တတ်မြောက်ပြီး လူအများရှေ့တွင် ရဲဝံ့စွာစကားပြောဆိုတတ်စေရန် လူငယ်စကားဝိုင်းများကို ကျင်းပပေးရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

ယင်းနောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူးဒေါ်အေးအေးနွဲ့နှင့် အထက(စာဘူးတောင်း)မှ အထက်တန်းပြ ဆရာမဒေါ်သူဇာထွန်းတို့က ညှိနှိုင်းရေးမှူးများအဖြစ် ဆောင်ရွက်ပြီး အထက်တန်းအဆင့် ကျောင်းသား ကျောင်းသူငါးဦးတို့က လူငယ်နှင့်စာပေ၊ လူငယ်နှင့် ယဉ်ကျေးမှု၊ လူငယ်နှင့်နည်းပညာ၊ လူငယ်နှင့်ပညာရေး၊ လူငယ်နှင့်အလုပ်အကိုင်အခွင့်အလမ်း ခေါင်းစဉ်များဖြင့် ဆွေးနွေးကြပြီး တက်ရောက်လာကြသူများက မိမိတို့သိရှိလိုသည် များကို မေးမြန်းရာ ဦးဆောင်ဆွေးနွေးသူ ကျောင်းသား ကျောင်းသူငါးဦးတို့က ပြန်လည်ဖြေကြားကြသည်။

ထို့နောက် တက်ရောက်လာသော ကျောင်းသားကျောင်းသူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပြသထားသော အသိပညာပေး နံရံကပ်စာစောင်များနှင့် သုတ၊ ရသ စာအုပ်များအား စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)