Skip to main content

စက်ပစ္စည်းကြီးကြပ်မှုကော်မတီ၏ (၃/၂၀၂၃-၂၀၂၄)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

နေပြည်တော် စက်တင်ဘာ ၂၁

စက်ပစ္စည်းကြီးကြပ်မှုကော်မတီ၏ (၃/၂၀၂၃-၂၀၂၄)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် စက်မှုဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ စက်ပစ္စည်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ ကော်မတီအဖွဲ့ဝင်များ ဖြစ်ကြသည့် ဝန်ကြီးဌာနအသီးသီးမှ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဆက်လက်ဆောင်ရွက်သွားမည်

ဦးစွာ ပြည်ထောင်စုဝန်ကြီးက ယနေ့ညှိနှိုင်းအစည်းအဝေးတွင် စွမ်းအင်ဝန်ကြီးဌာန မြန်မာ့ရေနံ နှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းမှတင်ပြခဲ့သည့် စီမံကိန်းတန်ဖိုးပြောင်းလဲခြင်းကိစ္စရပ်များအပေါ်အဖွဲ့ဝင်များနှင့် စိစစ်အတည်ပြုနိုင်ရန်နှင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွင်း စက်ပစ္စည်းကြီးကြပ်မှုကော်မတီသို့ တင်ပြလာသော ရန်ပုံငွေလွှဲပြောင်းသုံးစွဲခြင်း၊ စီမံကိန်းတန်ဖိုးပြောင်းလဲခြင်းကိစ္စရပ်များအပေါ် အဖွဲ့ဝင်များနှင့် စိစစ်အတည်ပြုနိုင်ရန်နှင့် “ငွေလုံးငွေရင်း အသုံးစရိတ်(စက်ပစ္စည်း)အတွက် ရန်ပုံငွေလျာထားခြင်း၊ စက်ပစ္စည်းဝယ်ယူခြင်းနှင့် ရန်ပုံငွေလွှဲပြောင်းခြင်းဆိုင်ရာလုပ်ထုံးလုပ်နည်း” ညွှန်ကြားချက်(ဒုတိယမူကြမ်း)အပေါ် ကော်မတီအဖွဲ့ဝင်များက ပြင်ဆင်ဖြည့်စွက်ချက်များကို ပြင်ဆင်ဆောင်ရွက်ပြီးဖြစ်သည့်အတွက် အဖွဲ့ဝင်များနှင့် အတည်ပြုနိုင်ရေး ဆွေးနွေးသွားမည်ဖြစ်ကြောင်း၊ အဖွဲ့ဝင်များအနေဖြင့် ပြင်ဆင်ဖြည့်စွက်ရန်မရှိပါက လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊၊

ယခုဘဏ္ဍာရေးနှစ်တွင် ကော်မတီ၏မူဝါဒ၊ လုပ်ငန်းတာဝန်များနှင့်အညီ လုပ်ငန်းများ ပိုမိုထိရောက်အောင်မြင်စွာ ဆောင်ရွက်နိုင်စေရန် ကော်မတီအဖွဲ့ဝင်များက ကြိုးပမ်းဆောင်ရွက်ပေးကြရန် တိုက်တွန်းလိုကြောင်း၊ စက်ပစ္စည်းကြီးကြပ်မှုကော်မတီသည် နိုင်ငံတော်၏ စက်ပစ္စည်းကဏ္ဍနှင့်ပတ်သက်၍ အရေးပါသည့်အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်နေသဖြင့် အစိုးရဌာနဆိုင်ရာများ၏ စက်ပစ္စည်းကဏ္ဍအတွက် ရန်ပုံငွေသုံးစွဲမှု၊ စက်ပစ္စည်းဝယ်ယူမှု၊ စက်ပစ္စည်းအသုံးပြုမှုများနှင့် စပ်လျဉ်းပြီး နိုင်ငံတော်အတွက် ကောင်းမွန်သည့် အထောက်အပံ့ ဖြစ်စေရန်ကော်မတီ၏ မူဝါဒ၊ လုပ်ငန်းတာဝန်များနှင့်အညီ စနစ်တကျစိစစ်ဆောင်ရွက်သွားကြရန် မှာကြားလိုကြောင်း၊ ကော်မတီအဖွဲ့ဝင်များအနေဖြင့် ယခုညှိနှိုင်းအစည်းအဝေးတွင် ဆွေးနွေးမည့်ကိစ္စရပ် များအပေါ် ရင်းနှီးပွင့်လင်းစွာ ဝိုင်းဝန်းအကြံပြု ဆွေးနွေးပေးကြရန် ပြောကြားသည်။

ထို့နောက် စွမ်းအင်ဝန်ကြီးဌာနနှင့် အခြားဝန်ကြီးဌာနတို့မှ တင်ပြလာသည့် စီမံကိန်းတန်ဖိုး ပြောင်းလဲခြင်း၊ ရန်ပုံငွေလွှဲပြောင်းခြင်းကိစ္စရပ်များကို ကော်မတီအဖွဲ့ဝင်များနှင့် ဝန်ကြီးဌာန ကိုယ်စားလှယ်များက ရှင်းလင်းတင်ပြပြီး “ငွေလုံးငွေရင်းအသုံးစရိတ် (စက်ပစ္စည်း)အတွက် ရန်ပုံငွေလျာထားခြင်း၊ စက်ပစ္စည်းဝယ်ယူခြင်းနှင့် ရန်ပုံငွေလွှဲပြောင်းခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းညွှန်ကြားချက်” (ဒုတိယမူကြမ်း)အပေါ် ကော်မတီအဖွဲ့ဝင်များ၏ ပြင်ဆင်ချက်ကိုစုစည်း၍ တတိယအကြိမ် ပြင်ဆင်ရေးဆွဲပြီးစီးသည့် လုပ်ထုံးလုပ်နည်းညွှန်ကြားချက်များကို အတည်ပြုနိုင်ရန်အတွက် တက်ရောက်လာသည့် ကော်မတီအဖွဲ့ဝင်များက ဝိုင်းဝန်းအကြံပြုဆွေးနွေးကြပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြား၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

သတင်းစဉ်