Skip to main content

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်နှင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း ပါတီဝင်အင်အားစာရင်းများ စစ်ဆေးမှုခံယူနေသည့် နိုင်ငံရေးပါတီ (၆) ပါတီမှ တိုင်းဒေသကြီးအဆင့် ပါတီတာဝန်ခံများ တွေ့ဆုံ

ရန်ကုန် စက်တင်ဘာ ၂၁

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်နှင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း ပါတီဝင်အင်အားစာရင်းများ စစ်ဆေးမှုခံယူနေသည့် မှတ်ပုံတင်ခွင့်ပြုပြီး ပါတီ(၆)ပါတီမှ တိုင်းဒေသကြီးအဆင့် ပါတီတာဝန်ခံများ တွေ့ဆုံဆွေးနွေးပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ကမာရွတ်မြို့နယ်ရှိ ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးအောင်စောဝင်းက မှတ်ပုံတင်ခွင့်ပြုပြီးဖြစ်သော နိုင်ငံရေးပါတီများက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ ပေးပို့တင်ပြလာသော ပါတီဝင်အင်အားစာရင်းများမှန်ကန်မှု ရှိ၊ မရှိ၊ မြေပြင်တွင် အမှန်တကယ်နေထိုင်ခြင်းရှိ၊ မရှိကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်က စိစစ်ခြင်းဆိုင်ရာလုပ်ငန်းတွင် နိုင်ငံရေးပါတီများက ပူးပေါင်းဆောင်ရွက်ရန်နည်းလမ်းများ၊ လုပ်ထုံးလုပ်နည်းများနှင့်ပတ်သက်၍ အကျယ်တဝင့် မှာကြားသည်။

ထို့နောက် တက်ရောက်လာကြသော တိုင်းဒေသကြီး/ ခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများမှ အတွင်းရေးမှူးများ၊ တိုင်းဒေသကြီးအဆင့် နိုင်ငံရေးပါတီတာဝန်ခံများက ဆွေးနွေးတင်ပြကြပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်က နိဂုံးချုပ်အမှာစကားပြောကြားသည်။

အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူးနှင့် ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူးများ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ရန်ကုန်တိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဦးခင်မောင်စိုး၊ မြန်မာပြည်သူ့ဒီမိုကရက်တစ်ပါတီ(MPD)မှ ဒုတိယဥက္ကဋ္ဌ ဦးစောလွင်ငယ်၊ ဖလုံ-စဝေါ်ဒီမိုကရက်တစ်ပါတီမှ ဗဟိုကော်မတီဝင် ဦးစောဝင်း၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီမှ တိုင်းဒေသကြီးဥက္ကဋ္ဌ ဦးချစ်ခိုင်၊ ရခိုင့်ဦးဆောင်ပါတီမှ အတွင်းရေးမှူး ဦးထွန်းသိန်း၊ အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီမှ တိုင်းဒေသကြီးဥက္ကဋ္ဌ ဦးတင်အောင်ထွန်း၊ ရန်ကုန်တိုင်းဒေသကြီးအတွင်း ခရိုင်(၁၄)ခရိုင်မှ ခရိုင်အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်